ကိုအောင်မှိုင်း - ကြီးကျယ်သူ လူကြီးမင်းများ
ကြီးကျယ်သူ လူကြီးမင်းများ
ကိုအောင်မှိုင်း
(မိုးမခ) မေ ၂၀ ၊ ၂၀၂၄
ကျနော် ပြည်သူကို ချစ်တယ်။
ကျနော် ရဲဘော်တွေကို ချစ်တယ်။
ကျနော် အခြေခံလူတန်းစားကို ချစ်တယ်။
ဗားတော့ဗရက်ရဲ့
ကြီးကျယ်သူတွေအကြောင်း ကဗျာမှာ
ကြီးကျယ်သူတွေဟာ
မိုက်မဲတဲ့စကားတွေ အများကြီး ပြောကြပြီး
ငါတို့ကို ငတုံး ငအတွေလို့
သဘောထားကြတယ်။
ဒီလိုနဲ့
ကြီးကျယ်သူတွေ စကားတွေကို နာခံရင်း
သူတို့အရှင်သခင်တွေ ဖြစ်ကုန်ကြပြီး
ငါတို့ကျွန်တွေက သူတို့ကို ပျော်တော်ဆက်ရတယ်
မဟာအလက်ဇ္ဒြားက
သူနေဖို့ ဘေဘီလုံမြို့ကြီး လိုအပ်ခဲ့တယ်
ပြည်သူတွေကတော့
သူ့ကို မလိုအပ်ခဲ့ဘူး။
ကြီးကျယ်သူတွေက
ပညာရှိတွေကို တုပပြီး
လိမ်ညာမှုတွေ လုပ်ပြကြတယ်
နားမကြားတဲ့သူတွေ ကြားအောင်တောင်
ကျယ်ကျယ်လောင်လောင် ပြောကြတယ်။
ကျွန်တချို့ရဲ့
ပူဇော် ပသမှုဟာ
လူ့အဖွဲ့အစည်းတခုလုံးကို
ကျွန်ဇာတ်သွင်းနေတဲ့ လုပ်ဇာတ်ပဲ
သူတို့စကားဆို
တခွန်းမှ မယုံကြနဲ့လို့
သူက ဆိုတယ်။
ခေါင်းဆောင်ကြီးတချို့
ကြီးကျယ်သူကြီးတွေ ဖြစ်ကုန်ကြပြီး
တော်လှန်ရေးကြီးမှာ လေဟုန်စီးလို့။
မေလ ၁၉ ရက် ၂၀၂၄ ခုနှစ်
-