Breaking News

ညိုထွန်းလူ - ဒူးရင်းသီးစားကြသူများ


ဒူးရင်းသီးစားကြသူများ
ညိုထွန်းလူ
(မိုးမခ) မေ ၂၁၊ ၂၀၂၄

"ဒူးရင်းသီးတွေပေါ်ပြီဗျ၊ဈေးနှုန်းကတော့ မသေးဘူး"

မိတ်ဆွေတစ်ယောက်ကပြောလိုက်၍ ကျွန်တော်ပြုံးလိုက်မိသည်။ ဪ,သူက ဒူးရင်းသီး ကြိုက် နှစ်သက်သူဖြစ်နေသည်ကိုး။ ကျွန်တော်က တော့ အညာသားမို့လားမဆိုနိုင်၊ ဒူးရင်းသီးနှင့် အလှမ်း ဝေးလှ၍ စိတ်ဝင် စားခြင်းမရှိခဲ့။ ပထမဆုံး မြင်တွေ့ခဲ့စဉ်တုန်းက ဆူးချွန်တွေဖြင့်ဒူးရင်း သီးဆိုသဟာကြီးကိုကြည့်ရင်း ကျွန်တော့်မှာ အံ့အံ့ဩဩ။ ဘယ်လိုအသီးကြီးပါလိမ့်။ အကယ်၍ဒူးရင်းပင်အောက်ကိုရောက်သွားခဲ့စဥ် ခေါင်းပေါ်ကို တည့်တည့်ပြုတ်ကျလျှင်ဖြင့် ခက်ရချည့်ဟုလည်းပေါက်တတ်ကရတွေးခဲ့ဖူးသည်။ 

ကျွန်တော်တို့ငယ်ငယ်တုန်းက ဒူးရင်းသီးသည် သယ်ယူပို့ဆောင်ရေးမလွယ်ကူ၍ အညာသို့ဆန်တက်လာဖို့ ခက်ခဲလှသည်။ ဆွေမျိုးသားချင်းတွေရန်ကုန်အပြန် လက်ဆောင်ပါလာတော့မှပဲ စားခွင့်ကြုံရသည်။ သို့ဖြင့်အနည်းအပါးမြည်းစမ်းကြည့်မိလိုက်သည်။ စူးရှသည့်အနံ့ကိုကျွန် တော်မခံနိုင်။ အရသာက ထူးကဲကောင်းမွန်လှသော်လည်း သူ့ရနံ့ကြောင့် တော်ပါတန်ပါဖြစ်ခဲ့သည်။ နောက်တော့ ခပ်ခွာခွာအနေအထားမှ မြင်သော်လည်း မမြင်ယောင်ပြုသည်။ သိသော်လည်း မသိချင်ယောင်ဆောင်ခဲ့သည်။ သို့ရာတွင် အဖေကတော့ ဒူးရင်းသီးကိုကြိုက်မှကြိုက်။ ကံကောင်းထောက် မစွာဖြင့် ဒူးရင်းသီးလက်ဆောင်ရလိုက်လျှင်ဖြင့် ဝမ်း သာ၍မဆုံးပြီ။ တစ်အိမ်လုံးဒူးရင်းသီးအနံ့တွေဖြင့် ‌ဖုံးလွှမ်းနေလျက်။ 'ငါဖြင့်သူ့ဒူးရင်းသီးအနံ့က ခေါင်းတောင်နောက်လာတယ်' ဟုအမေကပြောလိုက်သည်။ အမေလည်း ကျွန်တော့်နည်းတူ။ ဒူးရင်းသီးအနံ့ကိုမခံနိုင်။

ရန်ကုန်မှာ တက္ကသိုလ်တက်နေစဉ်က တစ်ခါတော့ ရန်ကုန်ကို အဖေရောက်လာခဲ့သည်။ သားအဖနှစ်ယောက် အနော်ရထာလမ်းဖက် ရောက်သွားသည်။ နေပူပြင်းသည့်နေ့လည်ခင်းအချိန်ဖြစ်၍ လမ်းလျှောက်ရတာမသက်သာ။ တခဏအမောဖြေဖို့ အအေးဆိုင်တစ်ဆိုင်ထဲသို့ဝင်ပြီးဒူးမလိုင်သောက်ကြသည်။ တစ်ခွက် ခုနှစ်ကျပ်လားမသိ။ အအေးသောက်ပြီးပြန်ထွက်လာတော့ အဖေ့မှာကျေနပ်၍မဆုံး။ ပိုက်ဆံပေးရတာနဲ့တန်တယ်ကွ။ တော်တော့်ကိုအရသာရှိတာဟု ပြောလိုက်သည်။ ခက်တာကမူးနောက်ပြီး မအီမလည်ကြီးဖြစ်နေသည့် အနားကသားဖြစ်သူ ကျွန်တော့်ဒုက္ခကိုသတိမပြုမိ။ ဒူးမလိုင်၏အရသာကို အဖေကသို့ကလို တမ်းတမ်း တတပြောလေတိုင်း ကျွန်တော့်မှာ တစ်ခါတည်းနှင့်လက်လန်သွားရသည့် ကိုယ့်အဖြစ်ကို မြင်ယောင်သွားပြီး ရှုံ့မဲ့သွားရစမြဲ။

သည်လိုဖြင့်နှစ်တွေကြာမြင့်သွားပြီးနောက် ဒူးရင်းသီးပေါ်သည့်အချိန်ရောက်တိုင်းမန္တလေးမှာ လွယ်လွယ်ကူကူဝယ်နိုင်သမို့ ဒူးရင်းသီးကြိုက်သူ အဖေ့အတွက် ဟန်ကျသွားသည်။ သူကိုယ်တိုင် ဆိုက်ကားစီး၍ တရုတ် တန်းဈေးကို သွားသည်။ အိမ်ပြန်ရောက်တော့ ဒူးရင်းသီးလေးငါးခြောက်လုံးခန့်သယ်ယူလာခဲ့သည့် အဖေ့မျက်နှာသည် ရတနာရွှေထုပ်ရလာသည့်အလား ရွှင်လန်းနေ လျက်။ 
                      . . . . . .

ခင်ဗျား ဒူးရင်းသီးကြိုက်လား၊ မကြိုက်ဘူးလား။ သည်လိုမျိုးမေးစရာမလိုပါ။ ကြိုက်သူလည်းရှိမည်၊မကြိုက်သူလည်းရှိမည်။ ကြိုက်နှစ်သက်သူတွေကတော့ ဒူးရင်းသီး၏ အနံ့အရသာ ကောင်းခြင်းအဖြာဖြာတို့ကို အားပါးတရပြောကြပါလိမ့်မည်။ ကျွန်တော်ကတော့ ကြိုက်တာလည်းမဟုတ်၊ မကြိုက်ဘူးလည်းမဟုတ်။ နှစ်တွေကြာလာပြီး မြင်တွေ့ဖန်များလာတော့လည်း သူ့ရနံ့ကို မွှေးသလိုလို ရှိလာခဲ့သည်။ အနည်းအပါးလည်း စားဖြစ် သည်။ အံမယ် ခဏခဏစားမိတော့လည်း သဘောကျသလိုလိုရှိလာခဲ့ပါ‌သော်ကော။

ရန်ကုန်မှာနေသည့်သမီးကြီးကလည်း ဒူးရင်းသီးကြိုက်သည်။ အိမ်ရှေ့ရောက်လာသည့် တွန်း လှည်းဈေးသည်ဆီက ဒူးရင်းသီးလေးငါးလုံးဝယ်ပြီးတစ်ပြိုင်တည်းခွဲစားနေ၍ အဖေ့ကိုသတိရမိသည်။ မြေးနှစ်ယောက်လည်း စားကြသည်။ ကျွန်တော်လည်းစားသည်။ ကောင်းပါ၏။ အရသာလည်းရှိပါ၏။ သို့သော်လည်း ဆီးချိုရောဂါရှိနေ၍ စိတ်အလိုကိုမလိုက်ရဲတာကြောင့် အာခံတွင်းကို ဘရိတ်အုပ်၍ ပိတ်ထားရသည်။ လူတိုင်းလူတိုင်း အလိုဆန္ဒကို တတ်နိုင်သမျှချုပ်တီးခဲ့ကြစမြဲဖြစ်သော်လည်း ရသတဏှာ၏ ဆွဲဆောင်မှုထဲမှ ရုန်းထွက်ဖို့ ခက်ခဲလှ၏။ ကိုယ်ကြိုက်နှစ်သက်သည့် အစားအစာကိုတွေ့လျှင် စိတ်အလိုနောက်သို့လိုက်မိကြစမြဲ။

တစ်ရက်က မီးဖိုခန်းထဲမှာ ဒူးရင်းမွှာတွေထည့်ထားသည့် ဖော့ဘူးကိုတွေ့လိုက်ရသည်။  ဆိုင်ကယ်ဈေးသည်ဆီမှာပါလာ၍ကျွန်တော့်အတွက် ဝယ်ထားလိုက်တာဟု လေဒီကပြောသည်။ ရနံ့စူးရှရှ ဒူးရင်းမွှာတွေက ဝင်းဝင်းဝါဝါဖြင့်စားချင်စဖွယ်။ ဒူးရင်းသီးတို့မည်သည် စားရတာအရသာရှိသလောက် လက်ပေပွပြီး ပါးစပ်လည်းနံသည်။ မတတ်နိုင်။ ကြိုက်လျှင် စားလိုက်ကြရုံသာ။

သည်မှာပင် ဒူးရင်းသီးစားရင်းဖြင့် လွန်ခဲ့သည့်နှစ်လေးဆယ်ကျော်တုန်းက ကွယ်လွန်သွားသည့်အဘွားကို အမှတ်မထင်သတိရလိုက်မိသည်။ အဘွားကလည်း ဒူးရင်းသီးကြိုက်သည်။  စိတ်ဓာတ်ကလည်းမာကျောသည်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိနေပြီ။ အဘွားမဆုံးခင် သုံးလေးရက်လောက်မှာ ရွာကသတင်းရောက်လာခဲ့သည်။ အခြေအနေမဟန်တော့။ အစာမဝင်၊ ဒူးရင်းသီးတော့ စားချင်သည်တဲ့။ သို့ဖြင့်  ရွာလူကြုံဖြင့်ဒူးရင်း သီးသုံးလုံး အဖေဝယ်ပေးလိုက်ရသည်။ နှစ်ရက်အကြာမှာ အဘွားဆုံးသွားသည့်သတင်းရောက်လာ၍ ကျွန်တော်တို့လည်း ရွာကိုပြန်ကြရသည်။

"မင်းပို့ပေးလိုက်တဲ့ဒူးရင်းသီးတွေကိုမြင်လိုက်ရော အမေက အိပ်ရာထဲလဲနေရာကနေပြီး ချက် ချင်းကို ထထိုင်တာ။ အဲဒီဒူးရင်းသီးသုံးလုံးစလုံးခွဲလိုက်တဲ့။ အမေရယ်နေမှမကောင်းတာ။ အနည်းအပါးလေးစားရောပေါ့လို့ပြောတာကို မရဘူးငါ့မောင်ရယ်။ သူစိတ်ကျေနပ်အောင်အကုန်လုံးခွဲပေး လိုက်ရတယ်။ သွားတွေကလည်းရှိတာမဟုတ်ဘူး။ 

မနက် ၁၁ နာရီလောက်ကတည်းက သွားဖုံးနဲ့ကြိတ်ပြီး တမြုံ့မြုံ့ဝါးနေတာ။ ညနေလေးနာရီလောက်မှာ ကုန်သွားတယ်။ ရေသောက်ချင်တယ်ဆိုလို့ ရေတစ်ခွက်ခပ်တိုက်လိုက်ရသေးတယ်။ ပြီးမှ ငါလည်းငါကြိုက်တာစားလိုက်ရလို့ ကျေနပ်သွားပြီ။ ဒူးရင်းသီးတွေပို့ပေးလိုက်တဲ့ငါ့သားလေးလည်း ကျန်းမာပါစေတော်လို့ပြောပြီး အုန်းကြည်ရေ ငါ့သမီးလည်း ပင် ပန်းလှရော့မယ်။ အမေလည်းနေရတာ ပျင်းလှပြီ။ သေတော့မယ်အေလို့ ထူးထူးဆန်းဆန်းတွေပြောလို့ အစ်မလည်း ထိတ်လန့်သွားတယ်။ မကြာပါဘူး အိပ်တော့မယ်ဆိုလို့အိပ်ရာထဲမှာ ‌အသာပွေ့ပြီး လှဲပေးလိုက်ရတယ်။ ခဏနေတော့ အသက်မရှိတော့ဘူးငါ့မောင်ရယ်"

ကြီးတော်က ရှိုက်ငိုရင်း ပြောပြလိုက်သည်။ အဖေသည် ခုတင်ပေါ်က အဘွား၏ သက့်မဲ့ခန္ဓာကိုယ်ကို ငေးမောမောနေလျက်။
        
ထိုနေ့က အဖေပြောခဲ့သည့် 'အမေက ဆုံးတော့မယ့်အချိန်အထိ သူကြိုက်တာသူလုပ်သွားပြီးမှ စိတ်အေးလက်အေးနဲ့ ထွက်ခွာသွားတာကွ' ဟုဆိုသည့်စကားကိုနားထဲမှာစွဲနေဆဲ။ ယခုအချိန်မှာတော့ ဒူးရင်းသီးကိုအကြောင်းပြု၍ အတွေးတွေဆင့်ပွားလာခဲ့ရလေပြီ။ လူတစ်ယောက်၏ ဘဝဖြစ်တည်မှုနှင့် ကိုယ့်အလိုဆန္ဒအတိုင်း လုပ်နိုင်ခွင့်ရှိကြရဲ့လားဆိုသည့် မေးခွန်းကကျွန်တော့်ဆီသို့ ရောက်လာခဲ့သည်။ တဖန် အဖေ့ကိုလည်း မြင်ယောင်သွားသည်။
                            . . . . .

အဖေအသက်ရှစ်ဆယ်အရွယ်တုန်းကဖြစ်သည်။ နေမကောင်း၍ ညနေ စောင်းချိန်မှာ အဖေ့ကို ဆိုင်ကယ်နှင့် ဆေးခန်းသို့လိုက်ပို့ပေးသည်။ အဖျားအနည်းငယ်ရှိပြီး သွေးတိုးနေသည်။ ဆရာဝန်ကဆေးထိုးပေးပြီး ညနေစာထမင်းမစားဖို့နှင့် အငံတွေကိုရှောင်ဖို့ သေချာမှာလိုက်သည်။ အဖေဘာမျှမပြော။ အသံတိတ်နေလျက်။

ရာသီဥတုက ပူပြင်းသည်။ လျှပ်စစ်မီးကလည်းမလာ။
အိမ်ကိုပြန်ရောက်တော့ မှောင်နေပြီမို့ ဘက်ထရီအိုးရှာပြီး ဖန်ချောင်း မီးပွင့်မည့်ကိစ္စအတွက်အလုပ်ရှုပ်နေ၍ အဖေ့ကို သတိမပြုမိလိုက်။ ‌အိမ်အပေါ်ထပ်မှာ အိပ်နေပြီဟုထင်သည်။ ဘယ်ဟုတ်ပါ့မလဲ။ အဖေသည် မီးဖိုချောင်ထဲမှာ ‌ဖရောင်းတိုင်ထွန်းပြီး ထမင်းစားနေသည်ကော။
အဖေ၏ ဒင်နာသည် ဖရောင်းတိုင်တွေထွန်းညှိပြီး ဟင်းခွက်မျိုးစုံနှင့်ခမ်းနားလှသော အင်္ဂလိပ်ထမင်းဝိုင်းလိုတော့မဟုတ်။ မည်သို့ပင်ဖြစ်စေ ကိုယ့်စတိုင်နှင့်ကိုယ်ပါပဲ။ သို့သော်လည်း သံပုရာရည် ဆမ်းထားသည့် ငါးပုတ်ပြားနှင့် အားပါးတရပွဲတော်တည်နေ၍ မျက်လုံးပြူးသွားသည်။

"အဖေ အငံတွေလျော့စားဖို့ဆရာဝန်ကသေချာမှာထားတာလေ "

ထိတ်လန့်တကြားသတိပေးလိုက်သည့်တိုင် ပြောစကားကိုနားထောင်မှာ မဟုတ်မှန်းကျွန်တော်သိနေနှင့်သည်။ ပြီးတော့ သေတာရှင်တာဂရုမစိုက်၊အဖေ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ကြိုက်တာကိုယ်လုပ်တတ်သည့်အဘွား၏ စိတ်ဓာတ်တွေကလည်းအပြည့်။ ငါကြိုက်တာငါစားလို့ သေချင်လည်းသေကွာဟု ပြောသည်။  ဖရောင်းတိုင်မီးအလင်းရောင်ထဲမှာ ဒေါသထွက်နေသည့် အဖေ့ကိုတွေ့လိုက်ရသည်။

"အဖေပြောမယ်ကွ။ လူလိုမနေရတဲ့ကာလကြီးမှာ ကိုယ်ကြိုက်တာလေးတောင် မစားရမှတော့ အသက်ရှင်နေရလည်း ဘာ‌လောက်သုံးကျမတုန်းကွ။ သေသေရှင်ရှင်ကွာ။ ငါကြိုက်တာငါစားမှာပဲ"

ကျွန်တော့်မှာ ဟယ်ခနဲ။ မတားမြစ်ရဲသမို့ စားဗျာဟူ၍သာ သူ့အကြိုက်ကို လိုက်ပြောမိလိုက်သည်။ ကျွန်တော်ကကော ဘာတတ်နိုင်မည်နည်း။ ကျန်းမာရေးအခြေအနေဆိုးလျှင်တော့ ဆေးခန်းသို့ သွားလိုက်ရုံပဲပေါ့။

"ဟော်တော် ဒူးရင်းသီးတွေအကုန်လုံး စားလိုက်တာလား။ ဆီးချိုတွေတက်နေမှဖြင့် ..."

လေဒီရဲ့အသံကြောင့် အတွေးတွေလွင့်ပျယ်သွားသည်။ ကျွန်တော့်အနားသို့ မည်သည့်အချိန်က သူရောက်နေသည်မသိ။ သူ့အမူအရာ သူ့လေသံက အစားမဆင်ခြင်သည့် ကျွန်တော့်ကိုအပြစ်တင်ချင်နေသည့်ဟန်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ ဖော့ဘူးထဲရှိသမျှဒူးရင်းမွှာတွေအားလုံးနီးပါးစားလိုက်မိ၍ ကိုယ့်ကိုယ်ကိုလည်း အံ့ဩသွားသည်။ ပြီးတော့ မသိစိတ်ထဲမှာ ကိုယ်ကြိုက်တာစားလိုက်ရ၍ ကျေနပ်သွားမိသလိုလို။ သို့သော် ကျွန်တော့်မှာအဘွား၏စိတ်ဓာတ်မျိုးအနည်းအကျဥ်းသာရှိပြီး အဖေ့လိုလည်း သတ္တိမကောင်း၍ နည်းနည်းတော့လန့်သွား၏။ လိုရမယ်ရအမိုဆင်ဖိုက်သောက်လိုက်ရင် ကောင်းမလားဟုတွေးသည်။

မှောင်လာခဲ့ပြီ။ လျှပ်စစ်မီးကလည်းမလာ။ အရေးထဲလေမတိုက်သဖြင့် အပူငွေ့တွေလုံးထနေပြီး အိုက်ကအိုက်သနဲ့။ ညတိုင်းခံစားနေရသည့်အဖြစ်။ တွေးရင်းဖြင့် စိတ်တိုသွားသည်။ သည်မှာပင်  တမလွန်ဘဝမှ ကျွန်တော့်အဖြစ်ကိုကြည့်၍ အဖေက ညံ့လိုက်တာ ငါ့သားရာ ဟု ပြောရင်း ပြုံး ရယ်နေမည်လားမသိ။ သေချာတာကတော့ ရှေးလူကြီးတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုနှင့် မာကျောမှုကို ကျွန်တော်တို့မမီနိုင်။ အရေးထဲ ဖော့ဘူးထဲရှိ ဒူးရင်းသီးလက်ကျန်လေးကိုပဲ သံယောဇဉ်မပြတ်နိုင်ဘဲ ငေးမောနေမိပြန်သည်။

ညိုထွန်းလူ
-                                                     
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar