ကောင်းဇေလူ - မြန်မာ့ နွေဦးတော်လှန်ရေးက တရုတ်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်နေသတဲ့လား
ကောင်းဇေလူ - မြန်မာ့ နွေဦးတော်လှန်ရေးက တရုတ်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်နေသတဲ့လား
(မိုးမခ) မေ ၁၇ ၊ ၂၀၂၄
ဤသီတင်းပတ်အတွင်း မြန်မာ့အရေးဆိုင်ရာ ထူးခြားမှုရှိသော သတင်းများအဆက်မပြတ် ထွက်ပေါ်လာနေသည်။ ယင်းတို့အနက် ဂျပန်နိုင်ငံ၌ ခေတ္တရောက်ရှိနေသော တိုင်းရင်းသားအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေး/ ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ ဦးဆောင်ပြီး လက်ရှိမြန်မာအရေးနှင့် ပတ်သက်၍ မေ ၁၅ ရက်က တိုကျိုမြို့တွင် သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့သည်ဟု DVB သတင်းက ဖော်ပြသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲ သည် ပြည်ပ နိုင်ငံတနိုင်ငံ၌ စစ်အာဏာရှင် အစိုးရ ပြုတ်ကျရေးအတွက် NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်နေကြောင်းကို ထင်ရှားစွာ ပြဆိုနိုင်ခဲ့သည့် ဖြစ်ရပ် ဖြစ်သည်ဟု နစ်ကီ အေးရှား (Nikkei Asia) သတင်းတွင် ဖော်ပြသည်။
သတင်းစားရှင်းပွဲ၌ လက်ရှိ မြန်မာနိုင်ငံအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဂျပန်သတင်း မီဒီယာများ၏မေးခွန်းများကို တိုင်းရင်းသားအဖွဲ့များကိုယ်စား ချင်းအမျိုးသားတပ်ဦးအထွေထွေ အတွင်းရေးမှူး ဆလိုင်းထလာဟေး (Salai Thla Hei)၊ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှ Saw Nimrod၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ Luiz တို့က ပြန်လည်ဖြေကြားခဲ့ကြသည်။ ဂျပန်အစိုးရ၊ ဂျပန်ပါလီ မန်နှင့် ဂျပန်ပြည်သူတို့အား အချက် ၈ ချက်ကိုတောင်းဆိုခဲ့ကြသည်ဟုသိရသည်။ အဆိုပါသတင်းစာရှင်းလင်း ပွဲ၌ ဝန်ကြီးဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးအဖွဲ့များ၏ဘုံရပ်တည်ချက်ဖြစ်သော အနာဂတ် မြန်မာ့နိုင်ငံရေး တွင် စစ်အာဏာသိမ်းအဖွဲ့လုံး၀ပါဝင်ခြင်းမရှိစေရဟု ရှင်းလင်းစွာထုတ်ဖော်ပြော ဆိုခဲ့ကြောင်း သိရသည်။ ဆလိုင်းသာဟေးကလည်း မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်ဒုက္ခသည် သုံးသန်းခန့်အထိ ရှိလာသဖြင့် ၎င်းတို့၏စား၀တ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် လို အပ်ချက်များကို ဂျပန်နိုင်ငံအနေဖြင့် ပူးပေါင်းကူညီရန် တောင်းဆိုသွားကြောင်း သိရသည်။
Nikkei Asia ၏ သတင်းထောက်များဖြစ်သည် GWEN ROBINSON နှင့် FRANCESCA REGALADO (Nikkei staff writers) တို့၏သတင်းပေးပို့ချက်များအရ အမေရိကန်နှင့် အနောက် နိုင်ငံအစိုးရများက မြန်မာနိုင်ငံတွင် အခြေစိုက်ထား သော အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်ရာ၌ ထိုင်းနိုင်ငံအစိုးရအနေဖြင့် ထိထိရောက်ရောက်ပါ၀င်ရန် တိုက်တွန်း ခဲ့သည်ဟု ဆိုသည်။ နိုင်ငံ ၃၀ ကျော်မှ နိုင်ငံသားများကို ဖမ်းဆီးကျွန်ပြု ခိုင်းစားနေသော သက်သေအထောက်အထားများခိုင်လုံနေပြီဖြစ်၍ အဆိုပါရာဇ၀တ်ဂိုဏ်းများကို တိုက်ဖျက်ရေး၌ ထိုင်းအစိုးရအနေဖြင့် ပါ၀င်ရန် အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများက တိုက်တွန်းခဲ့သည်ဟု ဆိုသည်။
အထူးသဖြင့် ဂျပန်နှင့် ထိုင်းနိုင်ငံတို့အား မြန်မာအတိုက်အခံအဖွဲ့များနှင့် ထိတွေ့ဆက်ဆံ အကူ အညီပေးရန်လည်း အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများကတိုက်တွန်းခဲ့သည်ဟု Nikkei Asia ၏သတင်းက ဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် အမေရိကန်အစိုးရက မြန်မာတိုင်းရင်းသားအတိုက်အခံအဖွဲ့များနှင့် PDF များအား စစ်ရေးမဟုတ်သော အကူအညီများပေးရန် အတည်ပြုခဲ့သည်။
ဧပြီလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိစဉ် တရုတ် သမ္မတ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံခဲ့သည်။ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတို့ မြန်မာ့အရေး၌ ပါဝင်ပတ် သက်မှုကို ချိန်ခွင်လျှာ ညှိနိုင်ရေးအတွက် အမေရိကန်အစိုးရက အာဆီယံနှင့် ထိုင်းနိုင်ငံတို့က တဆင့် မြန်မာ့အရေးအား ချဉ်းကပ်နေသည်ဟု သုံးသပ်မှုများလည်းရှိနေသည်။
ဤအတောအတွင်း ဂျပန်က ရုတ်တရက် NUG နှင့် အဓိကကျသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ များအား သီတင်းး တပတ်ကြာမည့် အလည်အပတ်ခရီးတခုကို မေလ ၁၀ ရက်နေ့က ဖိတ်ခေါ်ခဲ့သည်။ ယင်းအဖွဲ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) တို့ ပါ၀င်ခဲ့သဖြင့် နိုင်ငံရေးအရ ထူးထူးခြားခြား ကိစၥဟု လေ့လာသူတို့က သုံးသပ်နေသည်။
တချိန်တည်းတွင် တရုတ် မီဒီယာတခု၏ထုတ်လွှင့်ချက်သည် မြန်မာတို့၏ နွေဦးတော်လှန်ရေးအား တိုက်ရိုက်ထိပါး ပုတ်ခတ်ခဲ့သည်ကို တွေ့ရသည်။ ထိုသတင်းတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း အခြေအနေများထိမ်းသိမ်းနိုင်ခြင်းမရှိတော့လျှင် တရုတ်စစ်တပ်က ဝင်ရောက်ကျုးကျော်ရနိုင်သည်ဟု တရုတ်အစိုးရပိုင် မီဒီယာတခုကခြိမ်းခြောက်လာခဲ့ကြောင်း ခေတ်သစ်သတင်းဌာနက ဖော်ပြလာသည်။
အဆိုပါသတင်းတင်ဆက်ပုံမှာ တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ စွက် ဖက်ခွင့်ရှိသည်ဟုဆိုလိုရာရောက်နေသည်။ ယင်းသတင်း ထုတ်ပြန်ချက်အရ ကုလသမဂ္ဂၢ လုံခြုံ ရေးကောင်စီအဖွဲ့၀င် ဗီတိုအာဏာပိုင်သည့်တရုတ်နိုင်ငံသည် နိုင်ငံတကာ ဥပဒေများနှင့် သဘောတူညီချက်များကို မထေမဲ့မြင်ပြုရုံမျှမက အိမ်နီးချင်းနိုင်ငံများနှင့်တကွ ဂျပန်နှင့် ဖိလိပိုင်တို့ကိုပင် ခြိမ်းခြောက်သကဲ့သို့ရှိသည်။
မြန်မာ့အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးစေသော အဆိုပါရုပ်သံအစီအစဥ်ကို ခေတ်သစ်မီဒီယာက တာ၀န်ကျေပွန်စွာ တင်ပြခဲ့ခြင်းဖြစ်သည်။ တရုတ်မီဒီယာ၏ သတင်းတင်ဆက်မှုအတွင်း ပြောဆိုခဲ့သည်များကို ခေတ်သစ်သတင်းဌာနကပင် ဆီလျော်အောင် အကျဥ်းရုံး ဘာသာပြန်ဆို ဖော်ပြပေးခဲ့သည်။ ပြည်သူများသိသင့် သိအပ်သော တရုတ်၏ ဗိုလ်ကျလွှမ်းမိုး လိုသော မူ၀ါဒကို ဖော်ထုတ်တင်ပြခဲ့သည့် ခေတ်သစ်သတင်းဌာနကို ကျေးဇူးတင်သင့်ပေသည်။
ယင်းသတင်းဆောင်းပါးကို တရုတ်မီဒီယာ၏ သတင်းတင်ဆက်သူ Jin Liang ဆိုသူက သတင်းထုတ်ပြန်တင်ပြခဲ့သည်။ သတင်းအစတွင် “Liangjian အစီအစဥ်မှ ကြိုဆိုပါတယ်” ဟု သတင်းတင်ဆက်သူ Jin Liang က အစချီထား၏။ ၄င်းက ဆက်လက်၍-လားရှိုးမြို့တစ်ဝိုက်တွင် မြောက်ပိုင်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပစ်ရပ်စာချုပ် ပျက်သွားကြောင်း ကြေညာထားသည်ဟု ဆိုသည်။ ယခင်နှင့် မတူ ယခုတကြိမ်တွင် မြန်မာစစ်တပ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က စတင်တိုက်ခိုက်နေ သည်ဟုဖေါ်ပြသည်။ KIA ကို ဒုတိယကမ္ဘာစစ်အတွင်းကဖွဲ့စည်းခဲ့၍ အမေရိကန် ပြည်ထောင်စု ၏ လက်နက်ထောက်ပံ့မှုများ တချိန်လုံးရှိနေသည်ဟု ဆိုထားသည်။ စုစုပေါင်း တပ်ဖွဲ့ဝင် သောင်းချီရှိပြီး တပ်မဟာ ၅ ခုဖြင့် ဖွဲ့စည်းထားသည်ဟု Jin Liang ကဆိုသည်။
KIA သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်အဖွဲ့များအနက် အင်အားကြီးအဖွဲ့တစ်ခု ဖြစ် သည်။ တစ်ချိန်တည်း၌ KIA သည် တရုတ်ဆန့်ကျင်ရေးအမြင်ရှိပြီး အမေရိကန်ထောက်ခံသည့် အဖွဲ့လည်း ဖြစ်သည်။ KIA ၏ နိုင်ငံရေး ရည်မှန်းချက်ထဲ တွင် ကချင်ပြည်နယ်ကို မြန်မာနိုင်ငံမှ သီးခြားခွဲထုတ်ရုံသာမက ယူနန်ရှိ လူနည်းစုအချို့ကို တရုတ်နိုင်ငံမှခွဲထွက်ဖို့ ထပ်မံသွေးထိုးလှုံ့ ဆော်မှုများလည်း ပါဝင်သည်ဟုပင် ဆိုထားသည်။ အချုပ်အားဖြင့်ဆိုရလျှင် KIA သည် အန္တရယ်ရှိသည့် အဖွဲ့ ဖြစ်သည်ဟု အဆိုပါမီဒီယာက ဆိုခဲ့ကြောင်း ခေတ်သစ်မီဒီယာ၌ တင်ပြထားသည်။
တိုက်ပွဲအခြေအနေအရ မြန်မာစစ်တပ်သည် အတိုင်းအတာတစ်ခုအထိ ရှုံးနိမ့်သွားပုံရသည်ဟု သတင်းတင်ဆက်သူ Jin Liang က ဆိုသည်။ KIA နှင့် MNDAA တို့သည် ၂၁ ရက်အတွင်း ကချင် ပြည်နယ်ထဲမှာ မြန်မာ စစ်တပ်စခန်း ၉ ခုနှင့် စခန်းငယ် ၅၀ ကို သိမ်းပိုက်နိုင်ခဲ့သည်။ ယင်းတို့အနက် အနည်းဆုံး စစ်စခန်း ၆ ခုသည် တရုတ်နယ်စပ်နှင့် နီးကပ်နေသည်။
ထို့အပြင် KIA လက်နက်ကိုင်အဖွဲ့သည် မြန်မာနိုင်ငံ၏ အဓိကနယ်စပ်ဂိတ် ၅ ခုအနက် တခုဖြစ်သည့် လွယ်ဂျယ်နယ်စပ်ဂိတ်မြို့ကို သိမ်းပိုက်ထားသည်။ ယင်းနယ်စပ်ဂိတ်သည် တနှစ်လျှင် တရုတ်နှင့် မြန်မာ အကြား ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ တန်ဖိုးရှိသဖြင့် အရေးပါသော နယ်စပ်ဂိတ်တခုလည်း ဖြစ်သည်ဟု တရုတ်မီဒီယာက ဆိုသည်။ လက်ရှိအခြေ အနေများက အနာဂတ်တွင် တရုတ်နိုင်ငံအတွက် အရေးကြီးသော စိန်ခေါ်မှု နှစ်ခုကို ဆောင်ကျဉ်းပေးနေသည်။ ပထမအချက်က လုံခြုံရေး ဖြစ်သည်။ KIA နှင့် မြန်မာစစ်တပ်တို့ တရုတ်နိုင်ငံနယ် စပ်၌ တိုက်ပွဲဖြစ်ပွားနေ၍ တရုတ် နိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရှိ တရုတ်လူမျိုးများ၏ လူ့စွမ်းအားနှင့် ပစ္စည်း လုံခြုံရေးကို ထိခိုက်စေသည် စသည်ဖြင့် တရုတ်မီဒီယာက ဖေါ်ပြခဲ့ကြောင်း ခေတ်သစ်က တင်ပြထားသည်။
ဒုတိယအချက်မှာ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဓိက တရုတ်-မြန်မာ နယ်စပ်ဖြတ်ဂိတ် အသိမ်းခံရခြင်းနှင့် အတူ မြန်မာနိုင်ငံတွင်း စစ်ပွဲများသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို ထိခိုက်စေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ Belt and Road Initiative မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှုကို ပျက်ပြားစေကြောင်း ညွှန်းဆိုနေသည့် သာဓကတခုလည်း ဖြစ်သည်ဟု ဖော်ပြပါ တရုတ်မီဒီယာက ဆိုသည်။
ထိုအခြေအနေတွင် တရုတ်နိုင်ငံက ဘက်နှစ်ဘက် ချဉ်းကပ်နည်းဖြင့် ချဥ်းကပ်ညှို့နှိုင်း အားစိုက်လုပ်ဆောင်ခဲ့ပါသည်ဟု Jin Liang က ဆိုသည်။ စစ်ရေးအရ ဧပြီလ (၂) ရက်နေ့မှ စတင်၍ တရုတ်တပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကြည်းတပ် လေတပ်ပူးပေါင်းပြီး အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း၌ တိုက်ရိုက်ပစ်ခတ်မှုများပါဝင်သည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်သည်။
သံတမန်နည်းအရလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အပါအဝင် အခြားသက်ဆိုင်သူများနှင့် တွေ့ဆုံပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ခဲ့သည်။ သံအမတ်ကြီးက တရုတ်နိုင်ငံအနေဖြင့် ယင်းကိစ္စများတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း အလေး ပေးပြောကြားခဲ့သည်ဟု Jin Liang က ဆိုသည်။ …..
……… “တရုတ်နိုင်ငံအနေနဲ့ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးမှာ မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေမယ့် မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာတယ်ဆိုရင်တော့၊ တရုတ်နိုင်ငံအနေနဲ့ အခြားရွေးချယ်စရာလမ်း မရှိပါဘူး”….
…….. “ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ‘အင်အားသုံး’ မဖြေရှင်းမှီ ကနဦးရှိရမယ့် ငြိမ်းချမ်းစွာ ညှို့နှိုင်း လုပ်ဆောင်မှုများကိုလည်း လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ မင်းအောင်လှိုင်အစိုးရအနေနဲ့ ပြည်တွင်းအခြေအနေကို မထိမ်းသိမ်းနိုင်တော့ဘူးဆိုရင် အဲ့အခြေအနေတွေအတွက် တရုတ် တပ်မတော်က အပြည့်အဝပြင်ဆင်ပြီးသား ဖြစ်နေပါပြီ” ဟု ပြောခဲ့ခြင်း ဖြစ် သည်။
ယင်းသို့ပြောဆိုပြီး နောက်ပိုင်းတွင်… မြန်မာ့အရေး ဖြေရှင်းရာ၌ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အရေးပါပုံနှင့် တတိယ ကြားခံအဖွဲ့အစည်းများလည်း လိုအပ်လာနိုင်ကြောင်း၊ မြန်မာ့အရေးတွင် အာဆီယံသည် အရေးပါသော နိုင်ငံတကာ ပလက်ဖောင်းဖြစ်ကြောင်းကို ၄င်းက ဆက်ပြောခဲ့သည်။ အဆုံးသတ်တွင် အစီအစဥ်တင်ဆက်သူ Jin Liang က “လက်ရှိမှာ ကျွန်ုပ်တို့အနေနဲ့ အပြောင်းအလဲများနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတကာ အခင်းအကျင်းတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီနေရာမှာ ဩဇာအရှိန်အဝါ တိုးတက်ကြီးမားလာစေခြင်းနဲ့ မိမိကိုယ်ကိုယ် အင်အားကြီးမားစေခြင်းကသာလျှင် အခုလို မသေချာ မရေရာမှုတွေကို တုံ့ပြန်ဖို့ အကောင်းဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။ လက်ငင်းအကျိုးစီးပွားကိုသာ အာရုံ စူးစိုက်ပြီး မဆင်မခြင် စစ်ပွဲစတင်ပါက သူတို့ဟာ သမိုင်းမှာ အမေ့လျော့ခံအနေနဲ့ ပျောက်ကွယ် ကျဆုံးသွားမှာပါ။ ဒါက မြန်မာအတွက်ရော၊ ဖိလစ်ပိုင်နဲ့ ဂျပန်အတွက်ပါ အတူတူပါပဲ” ဟု ပြောကြားခဲ့သည်။
အချုပ်အားဖြင့် KIA အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့ကို အမေရိကန်ထောက်ခံ အဖွဲ့များအဖြစ် အဆိုပါ တရုတ်မီဒီယာက ပုံဖော်ထားသည်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခဖြစ်ပွားရာ နေရာအများစုတွင် တရုတ်ရင်းနီးမြှပ်နှံမှု စီမံကိန်း များ ရှိနေရာ၊ တရုတ်အစိုးရအနေဖြင့် မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဆိုသည်ထက် ဗဟိုချုပ်ကိုင်မှုများသော Stability ဆိုသည့် “တည်ငြိမ်ရေး” ကိုသာ လိုလားသည့် သဘောဖြစ်သည်။
နောက်ဆက်တွဲအနေဖြင့် အဆိုပါ ရုပ်သံသတင်းကို တင်ဆက်ပြီး ရက်သတ္တပတ်အတွင်း သတင်းဌာနမှ သတင်းလင့်ကို ပြန်လည်ဖြုတ်ချထားသည်ကို တွေ့ရသည်။ သတင်းလင့်ဖြုတ်မချမီ ကိုယ် တိုင်ကြည့်ရှု သိမ်းဆည်းထားသည့် ခေတ်သစ် မီဒီယာ သတင်းရင်းမြစ်တစ်ဦးက အဆိုပါ သတင်းနှင့်ပတ်သက်၍ ဝေဖန်မှုအချို့ ထွက်ပေါ်လာခဲ့အပြီး သတင်းဌာနက အဆိုပါ သတင်းကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသို့ တရုတ်မီဒီယာ၏ကျင့်၀တ်နှင့်မညီသော ခြိမ်းခြောက်မှု သတင်းကို စောင့်ကြည့် ဖော်ထုတ်ပေးခဲ့သော ခေတ်သစ်သတင်းဌာကို အထူးကျေးဇူးတင်အပ်ပေသည်။
အကယ်၍ မြန်မာနိုင်ငံတွင်း နယ်မြေတည်ငြိမ်ရေးကိုသက်ဆိုင်ရာအစုအဖွဲ့များက မစွမ်းဆောင်နိုင်တော့ပါက တရုတ်အနေနှင့် မဖြစ်မနေ အင်အားသုံး ဝင်ရောက်ကျူးကျော် စွက်ဖက်ရလိမ့်မည် ဆိုသည့် သတင်းစကားကို တရုတ်အစိုးရက တဖက်လှည့်နှင့် ဖော်ပြခဲ့ခြင်းဖြစ်ပါက တရုတ်အနေဖြင့် ဗိုလ်ကျလွှမ်းမိုးလိုသော ရိုင်းပျသည့် မူ၀ါဒကို ကျင့်သုံးတော့မည်လားဟု မေးခွန်းထုတ်ရန် ရှိပေသည်။ သို့မဟုတ် တရုတ်နိုင်ငံအတွင်း၌ ရှေးပဒေသရာဇ်ခေတ်ကကဲ့သို့ စစ်ဘုရင်၀ါဒီအုပ်စုများ ပေါ်ပေါက်နေပြီလားဟု ယူဆရန် ရှိပေသည်။
သို့မဟုတ် ထိုင်းနှင့် ဂျပန်နိုင်ငံတို့သည် အမေရိကန်နှင့်အနောက်နိုင်ငံအစိုးရများ၏တွန်းအားပေးလာမှုများနှင့်အတူ နွေဦးတော်လှန်ရေးအင်အားစုများအား ပံ့ပိုးပေးနိုင်ရေးအတွက် စတင် လုပ် ဆောင်လာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ တချိန်တည်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဦးတင်ထွန်းနိုင်တို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြောင်း NUG ကိုယ်ရီးယားကိုယ်စား လှယ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။ မေလ ၁၅ ရက်နေ့တွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် စီမံ ကိန်း၊ ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေကြောင်း၊ NUG ဝန်ကြီး၂ ဦးသည် ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းက ပြုလုပ်မည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားသို့ မေလ ၁၉ ရက်နေ့တွင် တက်ရောက်မည်ဖြစ်ကြောင်း၊ မြန်မာ့အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခြင်း၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းအရ သိရသည်။ ထို့ပြင် မေလ ၁၉ ရက်နေ့တွင် အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ခန်းမတွင် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်သွား မည် ဖြစ်ကြောင်း သတင်းက ဆိုသည်။
လက်ငင်းဖြစ်ပေါ်လာသည့် သတင်းများကြောင့် တရုတ်အနေဖြင့် စစ်ကောင်စီဘက်က ရပ်တည်ရန် အခက်တွေ့လာနေသည်ဟု သုံးသပ်မှုများလည်း ရှိသည်။ အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများနှင့်အတူ ဂျပန်၊ ထိုင်း၊ တောင်ကိုးရီးယားနိုင်ငံများက နွေဦးတော်လှန်ရေးဘက်မှ ရပ်တည်လာခဲ့ခြင်းကြောင့် တရုတ်အနေဖြင့် မင်းအောင်လှိုင်စစ်အုပ်စုကို အကူအညီပေးရန် အခက်တွေ့နေရပြီဖြစ်သည်။ ထို့ကြောင့် မြန်မာ့အရေးဖြေရှင်းရာ၌ တွေ့ဆုံဆွေးနွေးအဖြေရှာရေး အရေးပါပုံနှင့် တတိယ ကြားခံအဖွဲ့အစည်းများလည်း လိုအပ်လာနိုင်ကြောင်း၊ မြန်မာ့အရေးတွင် အာဆီယံသည် အရေးပါသော နိုင်ငံတကာ ပလက်ဖောင်းဖြစ်ကြောင်းကို တရုတ်မီဒီယာ အစီအစဥ်တင်ဆက်သူ Jin Liang က ဆိုထားသည်။ မင်းအောင်လှိုင်အတွက် နေရာပျောက်မသွားစေရန် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို တရုတ်က ဇွတ်တင်နေခြင်းဖြစ်သည်။
လက်ရှိအခြေအနေ ၌ အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးပွဲထိုင်ရန် သဘောထားမရှိကြောင်း ဂျန်ဇီးလူငယ်မျိုးဆက်သစ်တို့က အတိအလင်း ပြောဆိုထားပြီး ဖြစ်သည်။ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံဖြစ်စေ၊ အာဆီယံနိုင်ငံများဖြစ်စေ အကြမ်းဖက် စစ်ကောင်စီဘက်မှ ရပ်တည်ဆောင်ရွက်နေပါက မြန်မာပြည်သူလူထု၏ ရန်သူဖြစ်သွားနိုင်သည့် အချက်ကို သတိ ပြုရန် လိုသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မေလ ၁၅ သတင်းစာ ရှင်းလင်းပွဲ၌ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တော်လှန်ရေးအဖွဲ့များ၏ ဘုံရပ်တည်ချက်တွင် အနာဂတ် မြန်မာ့နိုင်ငံရေး၌ စစ်အာဏာသိမ်းအဖွဲ့ လုံး၀ ပါဝင်ခြင်း မရှိစေရဟု ရှင်းလင်းစွာ ထုတ်ဖော်ပြောကြားထားသည်ကိုလည်း တရုတ်နိုင်ငံအနေဖြင့် သတိပြုသင့်ပေသည်။
မည်သို့ဆိုစေ တရုတ်၏ ကျင့်၀တ်မလိုက်နာသည့် မီဒီယာမှတဆင့် မြန်မာပြည်ကို လိုအပ်လျှင် ကျူးကျော်မည်ဟု ခြိမ်းခြောက်လာမှုကို အထူးဂရုပြုမှတ်သားထားပြီး ပြင်းပြင်းထန်ထန်ကန့် ကွက် ရှုတ်ချကြဖို့လိုပေသည်။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar