ဝင်းတင့်ထွန်း - ဘိုကလေး ဦးလှရွေ ( သို့မဟုတ် ) အလံ (၃ ) လက်ကြားက လူ
အလံ (၃ ) လက်ကြားက လူ
ဝင်းတင့်ထွန်း
(မိုးမခ) မေ ၁၇၊ ၂၀၂၄
( ၁ )
“ ဖြိုသူက ဖြို - - ဖျက်သူက ဖျက် - တိုင်းပြည်ပျက်မယ့်ကိန်းကြုံ ..
ငရဲကြီး ရှစ်ထပ် - ဖြစ်ရပ်မျိုးစုံ - ကျောက်နီရုပ်မို့ ဒို့ မဖြုံ - ဟေ့ ကျောက်နီရုပ်မို့ ဒို့ မဖြုံ -
ဪ.. အရုဏ်ကျင်းလို - လင်းကြက်တို့လဲ တွန်ချိန်တန်… ”
အသံဝါဝါကြီးနဲ့ သီကြွေးလိုက်တဲ့ အစ်ကိုကြီးကိုလှရွှေ ရဲ့ တေးသီသံဟာ ကျွန်တော့်အာရုံထဲဆီ တကျော့ပြန်ဝေ့၀ဲ ဝင်ရောက်လာတယ်။ အစ်ကိုကြီးကိုလှရွှေ ကိုဗစ်နဲ့ ကွယ်လွန်ဆုံးပါးသွားရပြီ-ဆိုတဲ့သတင်းကိုကြားလိုက်ရခြင်းနဲ့ အတူ၊ တခါက သူရဲသီချင်းသံကြီးဟာ ကျွန်တော့်ရင်ထဲ ရစ်ဝဲ ဝင်ရောက်လာတာဖြစ်ပါတယ်။ ( သီချင်းစာသားတွေက တိတိကျကျ ဟုတ်ချင်မှဟုတ်မှာဖြစ်ပြီး၊ တချို့ နေရာတွေမှာ မူကွဲလေးတွေ (သို့မဟုတ်)စကားလုံး အထားအသို အပြောင်းအလဲလေးတွေ
ရှိကောင်း ရှိနိုင်ပေမဲ့၊ ကျွန်တော့်ရင်ထဲ စူးစူးနင့်နင့်ကြီး ထိုးခွဲ ဝင်ရောက် လာတာကတော့- ဒီအတိုင်းပါပဲ။
အာရုံထဲမှာ ကြားလိုက်ရတာက ဒီအတိုင်းပါပဲ။) သူ့အသံက အသံဝါဝါကြီးနဲ့ဖြစ်ပေမဲ့၊ လွမ်းမောဖွယ် ကြေကွဲဖွယ် စိတ်ထိခိုက်ဖွယ် တုန်ရီလှိုင်းထနေပါတယ်။
သြော်.. ဒီသီချင်းဟာ လွန်ခဲ့တဲ့စ်ပေါင်း(၄၀)နီးပါးက- ၁၉၈၃ ခုနှစ်လောက်က သီချင်း။ အစ်ကိုကြီးကိုလှရွှေရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင်သီချင်း။
အဲဒီတုန်းက - အစ်ကိုကြီးကိုလှရွှေတို့ အခန်းဟာ ကျွန်တော့်အခန်းနဲ့မျက်နှာချင်းဆိုင်တည့်တည့်မှာပါ။ ‘ ၂-တိုက်’ (ခေါ်) ‘ကြိုးတိုက်’ (ခေါ်) ‘ရင်ကွဲတိုက်ကြီး’ ထဲမှာပါ။ ဒီရင်ကွဲတိုက်ကြီးဟာ တခြားတိုက်တွေနဲ့မတူပါ။
အဆောက်အအုံကြီးတခုတည်းမှာ အလယ်မှာ လူသွားလမ်းနေရာထားပြီး၊ ဘယ်ဖက်ခြမ်း-ညာဖက်ခြမ်း တိုက်ခန်းလေးတွေကို ဇစ်-ဇက် ( zig zag )သဏ္ဍာန် ေဆာက်လုပ်ထားရာ၊ မျက်နှာ ချင်းဆိုင်ကျရာ အခန်းလေး(၂)ခုကတော့- တခန်းနဲ့ တခန်း လှမ်းမြင်တွေ့ရပါတယ်။
အခန်းတခန်းချင်းဆီရဲ့ရှေ့မှာ သံတိုင်တပ် သံတံခါးကြီးတွေကိုယ်စီရှိနေပြီး၊ သံတိုင်ကြား မျက်နှာကပ်ကာ တခန်းနဲ့တခန်း လှမ်းစကားပြောကြ၊ မတ်တပ်ရပ်ပြကြ၊ သီချင်းဆိုပြကြနဲ့ အပြန်အလှန်ဆက်သွယ် အမှီသဟဲပြုနေထိုင်ကြရပါတယ်။ ဝရဇိန်စစ်ဆင်ရေး-ဆို တဲ့ခေါင်းစည်းအောက်မှာ ကိုလှရွှေတို့ရော ကျွန်တော်ပါ ၁၉၈၂ ခုနှစ်ဆန်းပိုင်းအတွင်းကတည်းက နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဒီအင်းစိန်အကျဉ်းထောင်ကြီးအတွင်း မရှေးမနှောင်းဆီ ဝင်လာခဲ့ကြရတာဖြစ်ပေမဲ့၊ သူတို့တွေကလဲ ဟိုတိုက်ရောက်လိုက်-သည်တိုက်ရောက်လိုက်၊ ကျွန်တော်ကိုယ်တိုင်ကလဲ ဟိုတိုက်ရောက်လိုက်-သည်တိုက်ရောက်လိုက်နဲ့ ခဏခဏ ရွှေ့ပြောင်းခွဲခြားထားခြင်း ခံရရာ၊ တခါမှ နီးနီးကပ်ကပ် မဆုံဆည်းခဲ့ရပဲ၊ ၁၉၈၃ ခုနှစ်ထဲမှာမှ တိုက်တိုက်ဆိုင်ဆိုင်ရင်ကွဲတိုက်ထဲမှာ မျက်နှာ ချင်းဆိုင်အခန်းချင်းကပ် (တယောက်နဲ့ တယောက် မြင်နိုင်တွေ့နိုင် ရှုနိုင်တဲ့အထိ-အခန်းချင်းကပ်မျိုး)ဖစ်လာခဲ့ရတာပါ။ တကယ်ကို မမေ့နိုင်စရာတွေအပြည့်နဲ့ ဖြစ်လာခဲ့ရတာပါ။ ကျွန်တော်တို့ဗမာလူမျိုးတွေရဲ့ဆိုရိုးဆိုစဉ်အရဆိုရရင်- အထုံရေစက်ကြီးလွန်းလှလို့ပဲ၊ ဒီလို ငရဲကြီးရှစ်ထပ်ထဲအထိ ကြံကြံဖန်ဖန်ဆုံဆည်းခွင့်ရခဲ့ကြတာပါ။ ကျွန်တော့်ကို ထောင်အာဏာပိုင်များဘက်က ( ထောင်ဝန်ထမ်းဝါဒါကိုပြန်ပြီး လက်သီးနဲ့ထိုးဖိုလုပ်တယ်ဆိုတဲ့အမှုနဲ့ ) ဒီနေရာမှာ တယောက်တည်း ခွဲထားတာဖြစ်တဲ့အတွက် ကျွန်တော့်အခန်းလေးထဲမှာ ကျွန်တော်တဦးထဲပဲ အထီးကျန်ဆန်ဆန်နေနေရပေမဲ့၊ မျက်နှာချင်းဆိုင်က အစ်ကိုကြီးတို့ရဲ့အခန်းကတော့- အမှုတွဲတူ (၆)ဦးကြီးများတောင် အတူပူးတွဲ နေထိုင်ခွင့် ချပေးထားတဲ့အတွက် တကယ်ကိုမြိုင်မြိုင်ဆိုင်ဆိုင်ကြီးြမင်ရပါတယ်။
အစ်ကိုကြီးကိုလှရွှေတို့ အခန်းလေးထဲမှာက- ဦးလေးဗိုလ်စိုးတင့် ( ဗိုလ်စိုးတင့်-မြောင်းမြခရိုင် ဗကပတပ်မှူး )၊ မြင်းခြံဦးဖေတင် (ကိုကိုကျွန်းပြန်)၊ အစ်ကိုကြီးကိုမြစိန် (ကိုကိုးကျွန်းပြန်)၊ ဦးထွန်းအောင် (ခေါ်) ဦးလှဝင်း နဲ့ ကိုကြင်ငွေ (ကဗျာဆရာ ဖြိုးထိန်) တို့ အတူနေကြရပါတယ်။ သူတို့ထဲမှာ အသက်ကလဲ အကြီးဆုံး၊ လေသံကလဲ အအေးဆုံးနဲ့ နှိုင်းယှဉ်ချက်အရ-စကားကလဲ အနည်း ဆုံးလို့ ဆိုရမှာကတော့- ဦးလေးဗိုလ်စိုးတင့်ဖြစ်ပြီး၊ လေသံကလဲ သွက်၊ နယ်ပယ်ပေါင်းစုံ တီးမိ ခေါက်မိကလဲ ရှိ၊ နိုင်ငံရေးအပါအဝင် ဘာသာရပ်ပေါင်းစုံဒေါင့်ပေါင်းစုံကနေ- စကားလဲ အများဆုံးပြောနိုင်သူကတော့ အစ်ကိုကြီးကိုလှရွှေလို့ ပဲ ဆိုချင်ပါတယ်။ သူက သံတိုင်ရှေ့မကြာခဏဆိုသလိုထွက်လာပြီး၊ ကျွန်တော်နဲ့လဲ အလ္လာပ သလ္လာပ အများဆုံးပြောလေ့ဆိုလေ့ ရှိပါတယ်။ သူက နိုင်ငံ ရေးနဲ့အတွေး အခေါ်ကိစ္စမျိုးတွေသာမက၊ စာပေနဲ့ကဗျာကိစ္စ- အနုပညာကိစ္စတွေအထိ စိတ် ပါဝင်စားသူ၊ ဝါသနာထုံသူ၊ ခုံမင်သူ၊ မိုးကုတ်စက်ဝိုင်းကျယ်ပြန့်သူမျိုးလဲဖြစ်နေတာ သတိမူမိပါတယ်။ သူက ခွပ်ဒေါင်းအလံတော်ကြီးအောက်မှာ (၇)ရက်ဇူလိုင် အရေးတော်ပုံကြီးရဲ့ အရေးကြီးဇာတ် ဆောင်တဦး၊ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ရုံသာမက၊ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် အိုးဝေမဂ္ဂဇင်းကြီးရဲ့ေနာက်ဆုံးစာတည်း-ေနာက်ဆုံးအယ်ဒီတာလဲ ဖြစ်ခဲ့ရဖူးသူမဟုတ်လား။ သူဇာတိချက်ကြွေ ဘိုကလေးတဝိုက်အပါ မြစ်ဝကျွန်ပေါ်ဒေသတဝိုက်က တော်လှန်တဲ့သေနတ်သံတွေအကြားမှာ လက်နက်ကိုင်တော်လှန်ရေးသမားတဦးအဖြစ်နဲ့လဲ ကာလတချို့ ပါဝင်ဖြတ်သန်း လှုပ်ရှားခဲ့ဖူးသူမဟုတ်လား။
ရင်ကွဲတိုက်ကြီးအတွင်း မျက်နှာချင်းဆိုင် နီးနီးကပ်ကပ်တွေ့ြမင်နေထိုင်ကြစဉ်အတွင်း၊ ထပ်မံအသိအမှတ်ပြုလိုက်ရတာကတော့- ကိုလှရွှေဟာ စကားပြောရာမှာသာမက၊ သီချင်းဆိုရာမှာလဲ တကယ်ကို အဆိုကောင်း၊ အသံကောင်း-ဆိုတာပါပဲ။ အသံက အသံဝါကြီးနဲ့ ေအာင်အောင်မြင်မြင်ပီပီသသရှိလှပြီး၊ အဆွဲအငင်အရှိုက်အဖို အပိုအလို မရှိ၊ မှင်မှောင်းအပြည့်နဲ့ ခံစားချက်ပါပါ သီဆိုတတ်ပါတယ်။ အထူးသဖြင့်- ရင်ကွဲတိုက်ထဲက နရသိန်သားများ အလေးထား နားစိုက်ထောင်ခြင်းခံရတဲ့အထိ အစ်ကိုကြီးရဲ့ အပိုင်နိုင်ဆုံးသီချင်းတွေကတော့ နာမည်ကျော်မင်းသားကြီးကိုမြတ်လေးရဲ ‘ပင်လုံထိပ်ထားဦး’ နဲ့ ‘ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ’ ပါပဲ။
‘ပင်လုံထိပ်ထားဦး’ ကို ဆိုတဲ့နေရာမှာ အစ်ကိုကြီးရဲ့ ဆိုပေါက်ဆိုဟန် အသံ သဏ္ဍာန်တွေက တကယ်ကို မင်းသားကြီးကိုမြတ်လေးနဲ့ နင်လား ငါလား-လို့ေတာင် ဆိုရပါလိမ့်မယ်။ ေနာက်ပိုင်းတော့- ဒီ ၁၉၈၃ ခုနှစ်ထဲမှာပဲ၊ အစ်ကိုကြီးရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသီချင်းတပုဒ် အောင် မြင်စွာ စတင်ထွက်ပေါ်လာပါတယ်။ တခုသော ရက်၊ တခုသော ညဦးယံရဲတိုက်တွင်း ဂီတဆည်း ဆာချိန်မှာ ရင်လှိုင်းခုန်သံအပြည့်နဲ့ ထွက်ပေါ်လာခဲ့တာပါ။ သူရဲ့ ပထမဆုံးသော ဒီသီချင်းကို ဋ္ဌာန်နဲ့မာန်နဲ့ ပြည့်ပြည့်ဝဝ ရုပ်ရော အမူအယာပါ ရှေ့ဆုံးတန်းကနေ ပထမဆုံး ပီပီသသကြီး ရှုစား နားဆင်ခွင့်ရလိုက်သူဟာလဲ ကျွန်တော်လို့ပဲ ဆိုရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့- သူတို့အခန်းနဲ့မျက်နှာချင်းဆိုင်တခုတည်းသောအခန်းက ကျွန်တော့်အခန်း ဖြစ်နေလို့ပါပဲ။ တခြားသောအခန်းတွေ အခန်းတွေကလဲ သူရဲ့အောင်မြင်သောအသံကြီးကိုသာ ပီပီသသ ကြားနာ နားဆင်နိုင်ခဲ့ပြီး၊ သူရဲ့ရုပ်သွင်နဲ့ လှုပ်ရှားသက်ဝင်နေမှုတွေကိုတော့ ဘယ်လိုမှတွေ့နိုင်မြင်နိုင်မှာ မဟုတ်လို့ပါပဲ။ သူ့အခန်းထဲက တခန်းထဲနေ အခန်းဖော်တွေတောင် သူ တကယ် စတင်တင်ဆက်သီဆိုချိန်မှာတော့ သူ့မျက်နှာပေါ်က အရိပ်တွေ ခံစားချက်တွေကို သေသေချာချာြမင်ရမှာမဟုတ်၊ နောက်ကျောကိုသာ မြင်နေရမှာဖြစ်တဲ့အတွက် အသံရော ဟန်ပါ အပီသဆုံးမြင်ရသူဟာ ကျွန်တော်လို့ ဆိုလိုက်ရတာဖြစ်ပါတယ်။ အဲဒီနေ့က သူဟာ သူ့ရဲ့ကိုယ် တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်ပိုင်သီချင်းလေးကို ခံစားချက်အပြည့်နဲ့သီဆိုပြခဲ့ပါတယ်။ “ ဖြိုသူက ဖြို -ဖျက်သူက ဖျက်နဲ့- တိုင်းပြည်ပျက်မယ့်ကိန်း ကြုံ ..” ဆိုတာကိုဖြည်းဖြည်းချင်း စတင်လိုက်ချိန်မှာ သူ့မျက်နှာကြီးဟာ သိသိသာသာကြီးကို အုံ့ မှိုင်း ဆိုင်းပျသွားခဲ့ပြီး၊ “ ငရဲကြီး ရှစ်ထပ်ဖြစ်ရပ်မျိုးစုံ -ကျောက်နီရုပ်မို့ ဒို့မဖြုံ ဟေ့..ကျောက်နီ ရုပ်မို့ ဒိုမဖြုံ..” ဆိုတာကို တင်လိုက်ချိန်မှာတော့- သူ့အသံဟာ ပိုမိုမြင့်မားနေခဲ့သလို၊ မာန်တင်းသံ- အံတင်းသံနဲ့ ပိုင်းဖြတ်ချက်ချလိုက်သံတွေပါပါဝင်နေရုံမက၊ ဂုဏ်ပြုလိုက်သံနဲ့ ဂုဏ်ယူလိုက်သံတွေပါ ပေါင်းဆက်ပါဝင်နေခဲ့ပါတယ်။ သံတိုင်နှစ်ဖက်ကို လက်နဲ့ ခပ်တင်းတင်းဆုပ်ထားရင်းက သူ ရဲ့မျက်မှန်ကြီးတဝင်းဝင်းနဲ့မျက်နှာပြင်ကြီးတခုလုံးပေါ်မှာပါ ခံစားချက်တွေ-ရင်ခုန်သံတွေ တဖျတ် ဖျတ်ရိုက်ခတ်သွားတာ ကျွန်တော် မြင်လိုက်ရပါတယ်။ အသံဝါဝါသံစဉ်နိမ့်မြင့်တွေပေါ်မှာ ခံစားချက်နဲ့ရင်ခုန်သံတွေ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပေါင်းစပ်သွားပြီလေ-။ သူရဲ့ ဒီသီချင်းနာမည်က ကျောက်နီရုပ်သို့ နှုတ်ဆက်ခြင်း-တဲ့လေ။
ကျွန်တော့်ရဲ့လုံးသားထဲမှာတော့ ‘ဂျူးလိယက်ဖူးချစ်’ ရဲ့ ‘ကြိုးစင်ပေါ်က မှတ်တမ်း’ ထဲက ‘ရုပ်တု’ လေးတွေကို ဖျတ်ခနဲ ဖျတ်ခနဲ သွားပြီးသတိရနေမိပါတယ်။ ဖူးချစ် ရဲ့‘ရုပ်တု’ လေးတွေကနေ- သူ့ ရဲ့ ‘ကျောက်နီရုပ်တု’ လေးတွေဆီအထိ တဆင့်တက် စီးဝင်ဖြစ်တည်လာပုံဟာ ဒီလိုနေရာကြီးမှာ တော်တော်ကြီးကို ရှင်သန် နိုးကြွနေခဲ့ပါတယ်။ သီချင်းသံအဆုံးမှာ ဘေးနားအခန်းပေါင်းစုံက ဩဘာသံတွေ သောသောညံအောင် ထွက်ပေါ် လာခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုက်ထဲမှာ မကြာ ခဏပွဲတောင်းခြင်းခံရတဲ့သီချင်းတပုဒ်အဖြစ်-တဆင့်တက် အသိအမှတ်ပြုခြင်း ခံရပါလေတယ်။
၁၉၈၃ ခုနှစ်ကုန်- ၁၉၈၄ ခုနှစ် ဆန်းတွေရဲ့ တခုသောကာလလောက်မှာတော့ ( ကျွန်တော်တို့ နိုင်ငံ ရေးအကျဉ်းသား-ရဲဘော်ရဲဘက်အမှုတွဲတွေ အမှုတွဲတွေတချို့လဲ ရုံးတင် အမှုရင်ဆိုင်နေခဲ့ကြရရာမှ ထောင်ကျသူတွေထောင်ကျကြ၊ တချို့ နှစ်သေး၊ တချို့ နှစ်ကြီးတွေ အချခံရနဲ့ တဖြည်း ဖြည်း တိုက်ကနေ ထောင်ကျဆောင်တွေဆီ ပြောင်းကြရွှေ့ကြရတော့မယ့်အချိန်- တနေ့မှာတော့-) ထုံးစံအတိုင်း- ဂီတဆည်းဆာချိန်တခုမှာ သူကနောက်ဆုံးနှုတ်ဆက်ခြင်းတခုအဖြစ်နဲ့ ရည်ရွယ်ချက်ရှိရှိ ထပ်မံသီဆိုပြခဲ့ပြန်ပါတယ်။ အဆောင်တွေဆီပြောင်းရွေ့ခါနီးချိန်မှာ၊ သူကိုယ်တိုင်လဲ ထောင် ဒဏ်(၃)နှစ် စီရင်ချက်ချမှတ်ခံရပြီးစအချိန်မှာ ခံစားချက်ရှိရှိနဲ့ ထပ်မံသီဆိုပြခဲ့တာဖြစ်ပါတယ်။ အသီးသီး အသက အသကမုချမသွေ ကွဲသွားရတာ ခွဲသွားရတာမျိုးတွေနဲ့ ကြုံတွေရတော့မယ့်အချိန်ကြီးမှာ သူက ‘ ကျောက်နီရုပ်သို့နှုတ်ဆက်ခြင်း’ နဲ့ပဲ ထပ်မံသီဆိုနှုတ်ဆက်ပြလာတာဟာ တော်တော်ကို ရင်လှိုင်းခုန်စရာကြေကွဲစရာ လွမ်းမောစရာဖြစ်ခဲ့ရပါတယ်။ ဟိုတုန်းက ဟိုတုန်းက ပွဲတောင်းတိုင်း သီဆိုဖြေဖျော်ပြနေခဲ့တာတွေထက်လဲ မှတ်မှတ်ထင်ထင် ပိုမိုစိတ်ထိခိုက်စရာ လွမ်းမောစရာဖြစ်ခဲ့ရပါတယ်။
( ၂ )
အစ်ကိုကြီးကိုလှရွှေ့နဲ့ကျွန်တော့်ရဲ့ရေစက်ဟာ ရင်ကွဲတိုက် (ကြိုးတိုက်) ထဲမှာသာမက၊ အဆောင်အထိလဲ ဆက်လက် ပါမြဲပါခဲ့ပါတယ်။ ‘ ၁-ေဆာင်’ ကြီးက နှစ်ထပ်ဆောင်ရှည်ကြီးဖြစ်ပြီး၊ ခန့်မှန်းခြေ ေပ (၄၀၀)ဝန်းကျင်လောက်ရှည်ရာ၊ အပေါ်ထပ် (၄)ခန်း၊အာက်ထပ် (၄)ခန်း-ခွဲခြမ်း ဖွဲ့ စည်းထားပါတယ်။ သူ နဲ့ ကျွန်တော်ဟာ ‘ ၁-ဆောင်၊ အပေါ်-၄’ မှာ တခန်းတည်းနေတွေအဖြစ် ထပ်မံဆုံဆည်းရပြန်ပါတယ်။ ပ (၁၀၀)ဝန်းကျင်လောက်ရှိမယ့် အဲဒီ ‘အပေါ်-၄’ အခန်းကျယ်ကြီးထဲမှာ အဘ ဦးဘဦး(ထားဝယ်)နဲ့ သူဟာ ခေါင်းရင်းပိုင်းက အိပ်ရပြီး၊ အလယ်ကြောက အတန်းမှာက ကျွန်တော်၊ ကိုဌေးအောင် (ဇင်လင်း- နောင်- မီဒီယာကောင်စီအဖွဲ့ဝင်)၊ ပဲခူး ကိုမောင်မောင်တိတ် (နောင်- ABSDF ဗဟိုကော်မတီဝင်နဲ့ ABSDF တရားရေးတာဝန်ခံ)၊ ဆရာ စောဒယ်နီယယ် ( KNU ၊ ခရစ်ယာန်သင်းအုပ်ကြီး)၊ ဦးမြစိန် (မအူပင်)၊ ဗိုလ်ဇင်ကော့ (ရေကြည်တင်ဝင်း) ကိုစိုးဝင်း (ငသိုင်းချောင်း)တို့ေတွ အိပ်ကြရပြီး၊ တခြားသော ကျွန်တော်တို့ (၅-ည)ရဲဘော်တချို့ နဲ့ ထားဝယ်-သရက်ချောင်း- ဆီတောဖက်က ဦးဗလွန်းရွှေ (ပုဒ်မ ၁၇/၁) ရော၊ တခြားထားဝယ်ရဲဘော် ‘၁၇/၁- ၂’ များက ဘေးဖက်တန်းမှာ အိပ်ကြရပါတယ်။ ဒီအခန်းထဲမှာ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားပေါင်း- ဆယ်ဂဏန်းလောက်အတူနေတွေ ဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက သူနဲ့ကျွန် တော်အကြား အမှတ်ရစရာတွေလဲ ရှိခဲ့ပါတယ်။ သူက သူထောင်ကလွတ်ခါနီးနောက်ဆုံးညမှာတော့- ‘အိပ်ချိန်’ ဆိုတဲ့ အသံကြီး ရောက်မလာသေးခင်အတွင်းမှာ ကျွန်တော့်အနား အချိန်တော် တော်ကြာ လာထိုင် လာနှုတ်ဆက်ရင်းက သပ်သပ်ရပ်ရပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ် မှတ် မှတ်ရရ ပေးခဲ့ပါတယ်။ ဇင်ပိတ်ပြာနဲ့ချုပ်ထားတဲ့ အလုပ်သမားအင်္ကျီအသစ်စက် စက်လေးတထည်နဲ့ အနက်နဲ့ အဖြူကွက် ပုဆိုးအသစ်လေးတထည်ပါ ပါတဲ့၊ အထုပ်လေးပါ။ ေထာင်ထဲမှာ အဲဒီတုန်းက ပုံစံဝတ်စုံ အပေါ်ဖြူအောက်ဖြူ-ပိတ်ကြမ်းဝတ်စုံနဲ့ပဲနေထိုင်ခဲ့ကြရတော့- သူ့ အဝတ်လေးတွေဟာ တခါမှတောင် ဝတ်ဆင်ခြင်းမပြုခဲ့ရသေးတဲ့ အသစ်စက်စက်လေးတွေပါ။ “မောင်ရင်က ကိုယ့်ထက် ထောင်ကျနှစ်ကများတော့-နောက် (၂)နှစ်လောက် ကြာဦးမှာ..။ လွတ်တဲ့အခါတော့ ကိုယ်တို့အိမ်ကို လာဖြစ်အောင်လာခဲ့ပါကွာ..အိမ်က သင်္ကန်းကျွန်း ဆ/ခ ရပ်ကွက်၊ ရွာလယ်လမ်းမှာ- အဲဒါလေးတော့ ခေါင်းထဲထည့် မှတ်ထားပါကွာ” လို့လဲ တခုတ်တရပြောဆိုသွားခဲ့ရင်း၊ နောက်နေ့မှာထောင်ကနေ သူ လွတ်သွားခဲ့ပါတယ်။ သူ ပေးသွားခဲ့တဲ့အဝတ်ထုပ်လေးနဲ့ သူလိုပဲ မရှေးမနှောင်းလွတ်သွားခဲ့သူ-ကိုဌေးအောင် (ဇင်လင်း)ပေးသွားခဲ့တဲ့ အင်္ကျီတထည် ပုဆိုးတထည်ပါ အဝတ်ထုပ်လေး- စုစုပေါင်း အဝတ်ထုပ်လေး(၂)ထုပ်ဟာ ကျွန်တော့်အတွက် ေခါင်းခုအိပ်စရာ ခေါင်းအုံးလေးဖြစ်သွားခဲ့ရပါတယ်။ ကိုလှရွှေပေးထားခဲ့တဲ့အဝတ်လေးတွေက ထားဝယ်-သရက်ချောင်း-ဆီတော ဦးဗလွန်းရွှေ လွှတ်သွားတဲ့အခါနဲ့ ၊ ကိုကျော်လွင် (ပလောင်ကျော်လွင်၊ နောင်- PSLF ရဲ့ ဗဟိုကော်မတီဝင်ဖြစ်သူ) တို့ထောင်ကလွတ်သွားတဲ့အခါ၊ အပြင်ဆီ သင့်တင့်လျောက် ပတ်တဲ့အဝတ်အစားလေးတွေနဲ့ ထွက်သွားစေနိုင်ဖို့ ပြန်လည်ခွဲဝေပေးလိုက်ရာမှာ ပါသွားခဲ့ပါတယ်။ ထောင် (၂) နှစ်ကျတွေနဲ့ အစ်ကိုကြီးအပါအဝင် ထောင် (၃)နှစ်ကျ တချို့တဝက်ကျော် အင်းစိန်ထောင်က လွတ်မြောက်သွားကြပြီး၊ သိပ်မကြာလှခင်မှာတော့ ကျန်ခဲ့သူ ကျွန်တော်တို့ေတွကို သက်ဆိုင်ရာအာဏာပိုင်များကနေေထာင်ပေါင်းစုံသို့ အစီအစဉ်ရှိရှိဖြန့်ခွဲ ပို့ဆောင်ပစ်လိုက်လေရာ၊ ကျွန်တော်က သာယာဝတီထောင် ရောက်သွားခဲ့ရပါတယ်။
အချိန်တန်လို သာယာဝတီထောင်ကနေ ကျွန်တော်ပြန်လည်လွတ်မြောက်လာတဲ့အခါ၊ ‘ခေါင်းထဲ ထည့်ထားပါကွာ..’ ဆိုတဲ့ သူစကားကို သတိရရင်း၊ သူအိမ်လေးရှိရာ သင်္ကန်းကျွန်းက ကြက်ခြံလေးဆီ ကျွန်တော် မမေ့မလျော့ သွားဖြစ်အောင် သွားခဲ့ပါတယ်။ အစ်ကိုကြီးကသာမက အစ်မကြီး မခင်မာအေးကပါ ကျွန်တော့်ကို လိုလိုလားလားလှိုက်လှိုက်လှဲလှဲ ကြိုဆိုဧည့်ခံခဲ့ကြပါတယ်။ ခဏခဏလာဖို့လဲနှစ်ဦးလုံးက ပျူပျူငှာငှာ ထပ်မံ ဖိတ်မန္တက ပြုခဲ့ကြပါတယ်။ ဒါပေမဲ့- ကာလသိပ်မကြာလှချိန်မှာပဲ (၁၉၈၆ နိုဝင်ဘာထဲလောက်မှာပဲ ) အစ်ကိုကြီးကိုလှရွှေ ၊ ကိုလှတင်အောင်တို့တတွေဟာ ေဒါ်ဒေါ်ဒေါ်ကြည်ကြည်နဲ့အတူ၊ နောက်တကြိမ်အဖြစ် စစ်ထောက်လှမ်းရေးရဲ့ဖမ်းဆီးခြင်းကို ခံရလေပြန်ရာ၊ ကျွန်တော်ကတော့ အရှောင်ကောင်းလို့ လက်မတင်လေး လွတ်ခဲ့ရပါတယ်။ ဒါပေမဲ့-ထောင်ကလွတ်တာ ဘာမှမကြာလှသေးခင်မှာပဲ ကျွန်တော်လဲ နိုင်ငံရေးဝရမ်း ပြေးဘဝ ထပ်မံကျရောက်ခဲ့ရပြန်ပါတယ်။ ထောက်လှမ်းရေးကို ‘တစ်’ ပေး-လက်ထောက်ချတဲ့မိန်းမက ကျွန်တော့်ကိုပါ ထည့်သွင်း လက်ထောက်ချခဲ့တာဖြစ်ပါတယ်။ နေရာအနှံ လှည့် လည်ဝရမ်းပြေးနေတဲ့ ကျွန်တော်က တောင်ကြီးဘက်ဆီရောက်နေရာက ရန်ကုန်စက်မှုတက္ကသိုလ်မှာ ဖုန်းမော်ကျဆုံးသတင်း- ကြားရပြီးပြီးချင်း ၁၉၈၈ မတ်လ (၁၅)ရက်နေမှာ ရန်ကုန်ကိုပြန်ကပ်လာခဲ့ပါတယ်။
အခြေအနေလေးတွေကို စနည်းနာကြည့်ရင်း၊ အစ်မကြီးမခင်မာအေးဆီကိုလဲ ဖျတ်ခနဲ ဖျတ်ခနဲ မရောက်ရောက်အောင်သွားပြီး တွေ ခဲ့ပါတယ်။
ရှစ်လေးလုံးအကြိုကာလလိုဆိုရမယ့် ၁၉၈၈ ဇူလိုင်(၂၅)ရက်နေ့မှာတော့- ဒေါ်ဒေါ် ဒေါ်ကြည်ကြည်နဲ့အတူ၊ အစ်ကိုကြီး ကိုလှရွှေတို့တတွေကိုလဲ ပုဒ်မ (၁၀-က)နဲ့ပဲ ထိန်းသိမ်းချုပ်နှောင်ထားရာမှ ပြန်လွှတ်ပေးလိုက်တဲ့အတွက် ပြန်လည်လွတ်မြောက်လာခဲ့ကြပါတယ်။ တရိပ်ရိပ်တက်လာနေတဲ့အရေးတော်ပုံအကြို ဒီရေလှိုင်းခတ်သံတွေကနေ သူနဲ့ကျွန်တော်အကြား ပြန်လည်ဆုံဆည်းနိုင်အောင် ဖန်တီးပေးလိုက်ဘိသကဲ့သို့တောင်ဖြစ်ပေါ်လာခဲ့လေရာ၊ ကျွန်တော်တို့တွေ တကျော့ပြန်ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြပြန်ပါတယ်။ သူနဲ့ကျွန်တော်အကြား- ရေစက်က တော်တော်ကို ကြီးလှပါကလား။
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်း- သူနဲ့ ကျွန်တော်ဟာ ရက်ပေါင်းများစွာ တပူးတွဲတွဲလိုဖြစ်နေခဲ့ကြပါတယ်။ သူရဲ့သင်္ကန်းကျွန်းအိမ်လေးဟာလဲ ကျွန်တော့်အတွက် ရက်ပေါင်းတချို့ အိပ်စက်နားနေရာလေး ဖြစ်လာခဲ့ပါတယ်။ နေ့ခင်းပိုင်းတွေမှာ မြို့ထဲအနှံ့ အတူထွက်ခဲ့ကြပြီး၊ ချီတက်ဆန္ဒပြပြချိန်တွေမှာ အတူချီတက်ဆန္ဒပြခဲ့ကြ၊ ဟိုဟိုဒီဒီ အတူသွားလာခဲ့ကြ၊ အတူပြန်လာဖြစ်ခဲ့ကြရုံမက၊ ညဉ့်နက်နက်အချိန်တွေမှာ ဓားတလက်စီဘေးမှာချထားရင်း၊ သူ့အိမ်လေးထဲမှာ သတိဝိရိယအပြည့်နဲ့အတူ ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ ညတချို့တောင် မှတ်မှတ်ထင်ထင် ရှိခဲ့ဖူးပါတယ်။
အဲဒီတုန်းက ရန်ကုန်မြို့ထဲက ရပ်ကွက်တိုင်းလိုလိုမှာ ရပ်ကွက်အလိုက် ကင်းတွေချကြ၊ တံခါးတွေတပ်ကြ၊ လုံခြုံရေးသတိဝိရိယအပြည့်နဲ့ နေထိုင်နေကြရတဲ့ အရေးအကြီးဆုံးကာလတွေ ဖြစ်ခဲ့ကြတယ်မဟုတ်လား။ အဲဒီကာလတွေထဲတုန်းက အမှတ်ရစရာအကောင်းဆုံးတွေထဲမှာ ‘ဗကသပြန် လည်ဖွဲစည်းရေးညီလာခံ’ အတွက် သူ မိန့်ခွန်းပြောကြားဖို့ညကြီး မင်းကြီး ဖရောင်းတိုင်မီးလေးနဲ့ မိန့်ခွန်းရေးနေရချိန်မှာ- ကိုယ်တိုင်မိန့်ခွန်းရေးနေတဲ့သူအနားမှာ ကြံကြံဖန်ဖန် ကျွန်တော်လဲ ရှိနေ ထိုင်ပေးနေရတဲ့အဖြစ်ပါပဲ။ အဲဒီနေ့ဟာ ၁၉၈၈ ဩဂုတ် (၂၇)ရက်နေ့ ညကြီးပါ။ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အမြင့်ဆုံးကာလတခုဖြစ်တဲ့၊ နောက်တနေ့ဩဂုတ်လ(၂၈)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်မြက်ခင်းပြင်မှာ ကျောင်းသားညီလာခံကြီးကျင်းပပြီး၊ ဗမာနိုင်ငံလုံးဆိုင်ရာကျာင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ)နဲ့ တကသတို့ကို တရားဝင်ဖွဲ့စည်းကြမှာဖြစ်ရာ၊ အဲဒီကျောင်းသား
ညီလာခံကြီးမှာပြောကြားမယ့် သူ့ရဲ့ မိန့်ခွန်းကို ဩဂုတ်(၂၇) ရက်နေ့ ညကြီးမှာ သူက တကုပ်ကုပ်နဲ့ ချွေးတဒီးဒီကျအောင် အားစိုက်ရေးသားနေခဲ့ပါတယ်။ အဲဒီနေ့ညက သူ့အိမ်လေးထဲက ခုတင်လေးပေါ်မှာ စားပွဲခုံလေးကိုတင်ပြီး၊ အဲဒီစားပွဲခုံလေးပေါ်မှာပဲ ဖရောင်းတိုင်မီးလေးနဲ့ သူမိန့်ခွန်းကိုရေး သားနေစဉ်မှာ ကျွန်တော်လဲ မလွှဲသာမရှောင်သာ အဲဒီစားပွဲခုံလေးဘေးမှာ သူနဲ့အတူရှိနေခဲ့ရတာဖြစ်ပါတယ်။ သူက “ ကိုယ်ရေးထားတာတွေ ဖတ်ကြည့်ပေးအုံးလေကွာ-စာမချောရင်လဲ ကူပေးပြင်ပေးအုံးလေကွာ..” လို့ ပေါ့ပေါ့ပါးပါးပြောဆိုတာကြောင့် ကျွန်တော်လဲ အဲသလို သူနဲ့အတူ ရှိနေခဲ့ရတာဖြစ်ပါတယ်။ သူက တရွက်ရေးပြီး ကမ်းပေးလိုက်၊ ကျွန်တော်က ဖတ်ကြည့်ပေးလိုက်ရနဲ့ အဲဒီမိန်ခွန်းစာကြမ်းကြီးဟာ တော်တော်ကို စာမျက်နှာများခဲ့ ရှည်လျားခဲ့ပါတယ်။ အဲဒီထဲမှာ ‘ ၁၉၆၂ ကာလက ကျောင်းသားလှုပ်ရှားမှုကြီးအပေါ်သစ္စာဖောက်ကာ၊ ဗိုလ်နေဝင်းရဲ့ မဆလနဲ့ ပေါင်းဖက်သွားခဲ့တဲ့ကျောင်းသားခေါင်းဆောင် ကိုခင်မောင်အုံး’ ရဲ့ နာမည်ကိုလဲ ပေါ်ပေါ်တင်တင် ဗြောင်ထည့်သွင်းရေးသားထားတာ သတိထားမိခဲ့ပါတယ်။ အဲဒီမိန့်ခွန်းဟာ ညသန်း ခေါင်နီးပါးလောက်မှ အဆုံးသတ်ပြီးစီးသွားခဲ့ပါတယ်။
ေနာက်တနေ့-ဩဂုတ်(၂၈)ရက် မနက်အစောကြီးမှာတော့ သူနဲ့ကျွန်တော်ဟာ ဦးလေးဦးခင်မောင်မြင့်အိမ်ကို အတူသွားခဲ့ကြပါတယ်။ သူက သူ့မိန့်ခွန်းစာကြမ်းအချောရေးထားတာကိုပြသပါတယ်။
ဦးလေးဦးခင်မောင်မြင့်က “ကိုခင်မောင်အုံးအကြောင်းတော့-ဒီအချိန်မှာ နာမည်ထည့်မပြောစေချင်သေးပါဘူး-” လို့ဆိုကာ မှင်နီနဲ့တားပြီး ဖျက်ပေးလိုက်တာကိုလဲ အနီးကပ်မြင်လိုက်ရ သိလိုက်ရပါတယ်။ အဲဒီနေ့က အစ်ကိုကြီးကိုလှရွှေနဲ့အတူ ကျွန်တော်လဲ ညီလာခံကျင်းပရာ တက္ကသိုလ်သမဂ္ဂမြက်ခင်းပြင်ကို လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ကိုမိုးဝင်းနဲ့ ကိုမိုးမြင့်တို့လဲ အတူလိုက်ပါဖြစ်ခဲ့တာ မှတ်မိနေပါတယ်။
အဲဒီနေ့က အခမ်းအနားကိုတက်ရောက်လာတဲ့ ဧည့်သည်တော်တွေ၊ ဖိတ်ကြားထားသူတွေကို မှတ်တမ်းတင်လက်မှတ်တွေလဲ ရေးထိုး-ရယူထားခဲ့ရာ လယ်ဂျာစာအုပ်ကြီးလို စာအုပ်ထူထူကြီးထဲမှာ ကျွန်တော်တိုတွလဲ လက်မှတ်ရေးထိုးပေးခဲ့ရတာ မှတ်မိနေပါတယ်။ ကိုလှရွှေက သူ မိန့်ခွန်းပြောရမယ့်အချိန်မှာ ကျွန်တော်တို့အနားကနေ တလှမ်းချင်း ထွက်သွားပါတယ်။ သူ စင်မြင့်ရှေ့ထိရာက်သွားတာကို ကျွန်တော်ငေးကြည့်နေမိပါတယ်။
သောင်းနဲ ချီတဲ့ ကျောင်းသားကျောင်းသူ-ပြည်သူပရိသတ်ကြီးရဲ့ရှေ့မှာ- တက္ကသိုလ်မြက်ခင်းပြင်နဲ့ တခါက သမဂ္ဂကြီးရဲ့အတိတ်ခြေရာတချို့ဆီ ပြန်လည် သတိရလာမှုမျိုးနဲ့ လွမ်းမောစွာဝေ့ဝဲကြည့်လိုက်တာ မြင်လိုက်ရရင်း၊ “တက်ရောက်လာကြတဲ့ကျောင်းသားကျောင်းသူ ပြည်သူပရိသတ်အပေါင်းတို့ခင်ဗျာ..” ဆိုတဲ့ ပဏာမနှုတ်ခွန်းဆက်စကားလေးရဲ့ အဆုံးလောက်မှာပဲ၊ ရှိုက်ကြီး တငင် ငိုသံပါပါကြီးနဲ့ တကယ်ကို ငိုချလိုက်လေတော့- ကြားရ မြင်ရသူအပေါင်းဟာ မှင်သက်မိသလိုဖြစ်သွားကြသလို၊ ကျွန်တော်လဲ ဟိုက်ခနဲ လှိုက်ခနဲ ဖြစ်သွားခဲ့ရပါလေတယ်။ ဒါဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း သူရဲ့ပထမဆုံးသောမိန့်ခွန်းသံ နဲ့ ခံစားချက် ပေါက်ကွဲပေါ်ထွက်လာသံလို့ပဲ ဆိုရပါလိမ့်မယ်။ သူက မျက်ရည်ကို တချက်သုတ်လိုက်ပြီး၊ ရှိုက်သံဝဲဝဲတွေကိုပါ သတိချပ် ပြန်လည်သိမ်းယူလိုက်ပြီး၊ သူရဲ့ မိန့်ခွန်းရှည်ကြီးကို ဌာန်နဲ့ မာန်နဲ့ အကောင်းဆုံးဖြစ်အောင်ပြောဆိုသွားခဲ့လေရာ၊ မိန့်ခွန်းအဆုံးမှာတော့- လက်ခုပ်သံတွေသောသော ညံသွားခဲ့ပါတယ်။ ဒါပေမဲ့ - ဒါပေမဲ့- ဒီမိန့်ခွန်းထဲမှာပဲ ဘရိတ်မအုပ်လိုက်နိုင်ဘဲ၊ (ဖြုတ်ရမယ့်ဟာကို မဖြုတ်လိုက်နိုင်တော့ဘဲ-) ခံစားချက်အတိုင်း ပါသွားခဲ့ရလေတာကတော့- ၁၉၆၂ ကျောင်းသားခေါင်း ဆောင်ဟောင်း ကိုခင်မောင်အုံးရဲ့နာမည်ကို ပေါ်တင်ကြီး ထည့်သွင်းပြောလိုက်ခြင်းပါပဲ။ အဲဒါကို ကျွန်တော်က သတိ ထားမိလိုက်ပြီး၊ အပြန်မှာ- “အစ်ကိုကြီး-ခင်ဗျားက- ကိုခင်မောင်အုံးနာမည်ကိုဖြုတ်မထားဘဲ ထည့်ပြောသွားတယ်နော်..”လို့ သတိပေးလိုက်မိတော့-“ အေးကွာ- ကိုယ်လဲ ဘယ်လိုမှ မထိန်းနိုင်အောင် ငိုချင်လာရင်းက ခံစားချက်တွေအတိုင်း လွတ်သွား ထွက်သွားတာကွ..” လို့လေးလေး တွဲတွဲကြီး ပြန်လည်ဖြေဆိုခဲ့ပါတယ်။
အဲဒီတုန်းက သူ့လေသံနဲ့ သူ့မျက်နှာကြီးပေါ်က ခံစားချက်အရိပ်တွေ တလိပ်လိပ်ပြေးနေဟန်ဟာလဲ ကျွန်တော့်အတွက်တော့ မကြာခဏဆိုသလို အမှတ်ရစရာတမျိုးဖြစ်နေခဲ့ပါတယ်။ အဲဒီကျောင်းသားညီလာခံမှာ (မင်းကိုနိုင်ကို ဥက္ကဋ္ဌအဖြစ် တရားဝင်ရွေးချယ်ပးလိုက်နိုင်မယ့် ညီလာခံမှာ)ပြောကြားခဲ့တဲ့ သူရဲ့မိန် ခွန်းဟာ တော်တော်အောင်မြင်ခဲ့တဲ့ မိန့်ခွန်း ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုအခွေနဲစာအုပ်ငယ်လေးအဖြစ်ပါ ထပ်ဆင့်ကူးယူ ရိုက်နှိပ်ဖြန့်ချိတာ ခံခဲ့ရပါတယ်။
( ၃ )
အစ်ကိုကြီးကိုလှရွှေ နဲ့ ကျွန်တော့်အကြား- ဘဝရေစက်ဟာ (ထိစပ်ပတ်သက်လှုပ်ရှားခဲ့ရမှုတွေဟာ) အဲသလောက်နဲ့လဲ မပြီးစီးခဲ့ပါ။
ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး- နိုင်ငံရေးပါတီတွေေပါ်ပေါက်လာကြတော့လဲ ဦးခင်မောင်မြင့်ကို ဗဟိုပြုပြီး ‘ပြည်သူတိုးတက်ရေးပါတီ’ တကျော့ပြန် ပြန်လည်ဖွဲ စည်းကြတဲ့အခါ၊ အတူလက်တွဲပါဝင်လှုပ်ရှားခဲ့ရပြန်ပါတယ်။ ပါတီရုံးခန်းလုပ်ထားရတဲ့ ဦးခင်မောင်မြင့်ရဲ့ အိမ်-ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ သူနဲ့ကျွန်တော်ဟာ နေ့တိုင်းလိုလို ရုံးခန်းတာဝန်ကျတွေ ဖြစ်ခဲ့ပါတယ်။ အစည်းအဝေးမျိုးစုံတက်ရတာတွေ၊ တခြားကိစ္စဝိစ္စတွေရှိမှသာ ရံဖန်ရံခါ သီးခြားစီခွဲပြီး သွားရလာရ လုပ်ရကိုင်ရတာတွေရှိပေမဲ့ ပါတီဗဟိုရုံးမှာက အများအားဖြင့် သူနဲ့ကျွန်တော်သာ ရုံးတာဝန်ကျတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ သူနဲ့ ကျွန်တော်ဟာ နိစ္စဓူဝ အမြဲလိုလို တွဲဖက်လုပ်ကိုင်ပြောဆိုနေရရင်း၊ ပြောမနာ ဆိုမနာတွေသဖွယ်လဲ ပိုမိုဖြစ်လာခဲ့ရပါတယ်။ သူရဲ့လေသံ ဟန်ပန် စရိုက်လက္ခဏာတွေသာမက၊ သူ့ရဲ့နိုင်ငံရေးဖြစ်စဉ် ကောက်ကြောင်းတစိတ်တဒေသတွေကိုပါ တစထက်တစ ပိုမိုသိမြင်လာခဲ့ရပါတယ်။ သူ့ရဲ့အားကောင်းမှုနဲ့ အားနည်းမှုတွေကိုပါ ပိုမို သိမြင် ထိတွေေနခဲ့ရပါတယ်။ သူဟာ အာဝိဇ္ဇန်းရွှင်သူဖြစ်သလို၊ အချက်နဲ့ အလက်နဲ့ တစ်-နှစ်-သုံး-လေး- နံပတ်စဉ်ထိုးကာ ပြောတတ်ဆိုတတ်လေ့ရှိသူတယောက်လဲ ဖြစ်နေတာ သတိထားမိပါတယ်။ ကြည့်လိုက်ရင်လဲ နိုင်ငံရေးသမားတယောက်ရဲ့သွင်ပြင်လက္ခဏာဟာအတိုင်းသား ပေါ်နေပါတယ်။ ပုဆိုးကို ခပ်တိုတိုဝတ်၊ လွယ်အိတ်တလုံးကို ကြိုးမှာအထုံးထုံးထားရင်း လွယ်၊ ဆံပင်ကခပ်တိုတို၊ မျက်နှာကျက လေးထောင့်ဘက် ခပ်လုလု၊ မျက်မှန်ကြီးက တဝင်းဝင်းနဲ့သူ့ရဲ့ရုပ်သွင်ဟာ တကယ်ကို နိုင်ငံရေးသမားပုံ ပေါက်နေသူဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးကာလတွေတုန်းက အတူသွားအတူလာနဲ့ မမေ့စရာ အမှတ်ရစရာမျိုးစုံတွေ ရှိခဲ့ရသလို၊ အတိုကောက်အားဖြင့်- ပီသုံးလုံးလိုခေါ်ဝေါ်ကြတဲ့ ‘ပြည်သူ တိုးတက်ရေးပါတီ’ မြေပေါ်နိုင်ငံရေးပါတီ လှုပ်ရှားမှုဘဝမှာလဲ အတူတကွေနထိုင်ပြောဆိုသွားလာလှုပ်ရှားရရင်း အမှတ်ရစရာတွေ သတိရစရာတွေက တပုံတပင် ရှိခဲ့ပါတယ်။
မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုတွေအတွင်း ပါတီစည်းရုံးရေးခရီးစဉ်တွေမှာလဲ သူနဲအတူတူတွဲပြီး ခရီးသွားလာရမှုတွေ တော်တော်များများရှိခဲ့ဖူးသလို၊ မဟာမိတ်ပါတီအဖွဲ့အစည်းဆိုင်ရာ အစည်း အဝေးတချို့မှာ အတူတူ တွဲတက်ရမှုနဲ့ အရေးကြီးပုဂ္ဂိုလ်တချို့နဲ့တွေ့ဆုံပွဲတွေမှာ အတူတွဲ သွား လာရမှုတွေလဲ ရှိခဲ့ရဖူးပါတယ်။
အဲဒီလို အဲဒီလိုတွေထဲမှာ မကြာခဏဆိုသလိုပြန်ပြန်အမှတ်ရမိနေတတ်ရတဲ့ မှတ်မှတ်ရရ ‘တွေ ဆုံပွဲ’ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရပွဲ- လို့ပဲ ဆိုလိုက်ချင်ပါတယ်။ ပြည်သူ တိုး တက်ရေးပါတီဘက်က အစ်ကိုကြီးကိုလှရွှေ ၊ ကိုမြင့်ဦးသစ် (ကိုကိုးကျွန်းပြန်)နဲ့ ကျွန်တော်တို့ ဟာ NLD ပါတီက အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ေဒါ်အောင်ဆန်းစုကြည်ရဲ့ ေနအိမ်မှာပဲ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လ (၁၅) ရက်နေ့လိုပဲ မှတ်မိနေပါတယ်။ အဓိကက NLD နဲ့ မဟာမိတ်ပါတီ (၄၁)ပါတီအကြား-တပ်ပေါင်းစု ဖွဲ့ေရး၊၊ NLD ခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီတပ်ပေါင်းစုကြီး အမြန်ဆုံးဖွဲ့စည်းပေါ် ပေါက်လာရေးကိစ္စဖြစ်ပြီး၊ နောက်ထပ်ကိစ္စတခုလို့ဆိုရမှာကတော့- လူ့ဘောင်သစ်ဥက္ကဋ္ဌ-မိုးသီးဇွန်ရဲ့ ‘NLD သို့ အိတ်ဖွင့်ပေးစာ’ ကိစ္စမှာပြည်သူတိုးတက်ရေးပါတီက (အထူးသဖြင့်- ဦးခင်မောင်မြင့် (သို့မဟုတ်)
ကိုလှရွှေ က) နောက်ကွယ်ကနေ မြှောက်ထိုးပင့်ကော် လုပ်ပေးခြင်း ရှိ / မရှိ -ဆိုတာလဲ တပိုင်းတစ ပါဝင်နေခဲ့ပါတယ်။ အဲဒီနေ့က ကိုလှရွှေ အပါ-ကျွန်တော်တို့(၃)ဦးနဲ့ ေဒါ်အောင်ဆန်းစုကြည် ရဲ့တွေ့ဆုံပွဲဟာ ထင်မှတ်ထားတာထက်ကို အချိန်တွေအများကြီး ကြာခဲ့ကြပါတယ်။ အပြန်အလှန်
ေပြာကြဆိုကြနဲ့ ခန့်မှန်းခြေ (၁)နာရီခွဲလောက်တောင် ကြာလိမ့်မယ်လို့ထင်မိပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအတွင်းရေးမှူးဖြစ်နေတဲ့ မသိင်္ဂက- “ အစည်းအဝေးအတွက် အပြင်မှာ ဥက္ကဋ္ဌကြီးတို့တွေရောက်နေပြီ-အချိန်က ရောက်နေပြီ” “ အချိန်ကတာ်တော်တောင်ကျော်နေပြီ-” နဲ့ အခန်းထဲကိုဝင်ဝင်လာပြီး သတိပေးပြောဆိုတာ (၂)ကြိမ်လောက်တောင် ရှိခဲ့ပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်က- “ ဒီမှာကလဲ စကားတွေက ပြောကောင်းနေတယ်။ ထပ်ပြီး ခဏလောက်စောင့်ပေးဖို့ပြောလိုက်ပါဦး-” နဲ့ ပြန်လည်ပြောဆိုကာ၊ စကားတွေ ဆက်လက်ပြောဆိုခဲ့ပါတယ်။ အကျဉ်းရုံးပြောရရင်-ဒါ်အောင်ဆန်းစုကြည်က “ တပ်ပေါင်းစု ဖွဲ့ စည်းရေးကို လက်ခံပါတယ်။ ဖွဲ့စည်းရေးအတွက်လဲပြင်ဆင်နေပါတယ်။ ဒါပေမဲ့- တကယ့်တပ်ပေါင်းစုမျိုး ဖြစ်စေချင်တယ်။ အမတ်ခွဲတမ်းအတွက် တပ်ပေါင်းစုမျိုးတော့ မဖြစ်စေချင်ဘူး-” ဆိုတဲ့သဘောမျိုးနဲ့ေဆွးနွေးပြောဆိုခဲ့ပါတယ်။ တပ်ပေါင်းစု ဖွဲစည်းရေးနဲ့ပတ်သက်ပြီး တော်တော်ကို ရှည်ရှည်ဝေးဝေး အချိန်ကြာကြာ ပြောဆိုဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း- စကားတွေကို အရှည်ဆုံးပြောဆိုတာက တော့- အစ်ကိုကြီးကိုလှရွှေ ပါပဲ။ ကိုမြင့်ဦးသစ်ကြီးကလဲ အထိုက်အလျောက်ပြောဆိုဆွေးနွေးခဲ့ပြီး၊ ေဒါ်အောင်ဆန်းစုကြည်ကလဲ တော်တော်လေးကို စိတ်ဝင်စားစွာ ဂရုတစိုက် နားထောင်နေခဲ့ရင်း၊ သူ့ဘက်က သူစဉ်းစားထားချက်တွေကို ပြောဆိုခဲ့တာ ရှိပါတယ်။
[ ဒါတွေကို အကြောင်းသင့်ရင်-ပြန်လည်ရေးပြဖို့လိုအပ်လာရင်- တချိန်ချိန်မှာ ပြန်လည်ရေးပြကောင်း ရေးပြပါ့မယ်။ အခုတော့- ခဏထားလိုက်ပါဦးတော့-]
နောက်ဆုံးတော့- မိုးသီးဇွန်ရဲ့အိတ်ဖွင့်ပေးစာနဲ့ပတ်သက်ပြီး၊ နောက်ကွယ်က ‘ပြည်သူတိုးတက်ရေးပါတီ’ ပါမပါနဲ့ပတ်သက်ပြီး ပြန်လည်ပြောဆိုဖြစ်ခဲ့ရာမှာတော့- အစ်ကိုကြီးကိုလှရွှေ ရဲ့ပြောလိုက်သံနဲ့ပြောလိုက်ဟန်ဟာ တကယ့်ကို မမေ့နိုင်စရာပါပဲ။ အခုချိန်အထိ ရံဖန်ရံခါ ပြန်လည်သတိရမိနေရင်း ပြုံးချင်စရာ ဖြစ်ခဲ့ရပါတယ်။ အတူပါလာခဲ့တဲ့ ကိုမြင့်ဦးသစ်ကြီးလဲ အခုချိန်အထိ မှတ်မိနေဖြစ်လိမ့်မယ်ထင်ပါတယ်။ အဲဒါကတော့- “ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်-လူငယ်တွေခေါင်းထဲ ပွိုင်ဇင် (poison)ခပ်တဲ့အလုပ်မျိုး- ကျွန်တော်တို့ ဘယ်တော့မှမလုပ်ဘူး။ အဲဒီလို အလုပ်မျိုး ဘယ်တော့မှမလုပ်ဘူး-” တဲ့။ ဒေါ်စုက ပြုံးစစနဲ့ပြောလက်စ စကားတွေ ဆက် လက်ပြောဆိုနေခဲ့ရာ၊ မသိင်္ဂ ထပ်ဝင်လာပြီး- “အချိန်တွေကတော်တော်ကျော်နေပြီ.. ဥက္ကဋ္ဌကြီးတို့တွေ ထိုင်စောင့်နေကြတာကြာနေပြီ..” လို့ထပ်မံပြောဆိုလာလေမှပဲ ကျွန်တော်တို့နဲ့ဒေါ်စုရဲ့တွေ့ဆုံပွဲက ပြီးစီးလက်စသတ်နိုင်ခဲ့ကြပါတယ်။ အပြင်ဖက်ဆီ လှမ်းကြည့်လိုက်တော့- ဦးကြည်မောင်၊ ဦးလွင်နဲ့ ဦးချစ်ခိုင်တို့ဟာ အိမ်ရှေ့က ထိုင်ခုံလေးတွေမှာ ငုတ်တုတ်ထိုင်နေကြပြီး၊ ဗိုလ်ချုပ်ကြီးဟောင်းတင်ဦးသာ မိုးတိုမတ်တပ် မတ်တပ်ရပ်လျက်သားတွေ့လိုက်ရပါတယ်။ ကျွန်တော်တို့သုံးဦးသား ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဧည့်ခန်းထဲကပြန်ထွက်လာတော့- ဦးတင်ဦးက “ ရဲဘော်ကြီးတို့ တော်တော်စကားပြောကောင်း-ဆွေးနွေးကောင်းနေကြတယ်ထင်တယ်..” လို့တောင် ပြုံးစစနဲ့ မှတ်ချက်ပြု နှုတ်ဆက်လိုက်တာ ကြားလိုက်ကြရပါသေးတယ်။
အဲဒီနေ့က ကျွန်တော်တို့သုံးဦးသား အမှတ်(၅၄)ခြံဝင်းကြီးရဲ့အပြင်ဘက်ကို ရောက်လေတော့ ကျွန် တော်က အစ်ကိုကြီးကို “ အစ်ကိုကြီးနှယ်-ဒေါ်စုကိုပြောတာလဗမာလိုပြောလဲ အကုန်ဗမာလို ပြောရောပေါ့၊ အခုတော့- လူငယ်တွေခေါင်းထဲ poison ခပ်တဲ့အလုပ်မျိုး-ဘယ်တော့မှမလုပ်ဘူးလို့ဗျာ..“ ဆိုပြီး၊ နောက်စစပြောလိုက်မိပါတယ်။ သူက ခပ်ပြုံးပြုံးကြီး လုပ်လို့ - ။
( ၄ )
မှတ်မှတ်ရရပြောရရင် ေဒါ်အောင်ဆန်းစုကြည်နဲ့အဲဒီ ‘တွေ့ဆုံရပွဲ’ အပြီး၊ (၁၀)ရက်တိတိအကွာ၊ ဇွန်(၂၅)ရက်နေမှာတော့ ကိုလှရွှေရော ဦးခင်မောင်မြင့်ပါ နဝတအစိုးရရဲ့ အစီအစဉ်ရှိရှိ ကြိုတင်ဖမ်းဆီးခြင်းနဲ့ထပ်မံ အဖမ်းဆီးခံလိုက်ရပြီး၊ နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ထောင်ထဲရောက်ရှိသွားရပြန်ပါတယ်။ ‘ ၇ ရက် ဇူလိုင်နှစ်ပတ်လည်’ နဲ့ ‘အာဏာဖီဆန်ရေးလှုပ်ရှားမှု’ များအတွက် ကြိုတင်ကာကွယ် နှုတ်ပိတ်တဲ့အနေနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဦးခင်မောင်မြင့်ရော-ကိုလှရွှေဟာ ထင်ရှားတဲ့ ခွပ်ဒေါင်းခေါင်းဆောင်၊ ေကျာင်းသားခေါင်းဆောင်ဟောင်းကြီးတွေ မဟုတ်လား။
အဲဒီကတည်းက ကျွန်တော်လဲ ကိုလှရွှေရော ဦးခင်မောင်မြင့်နဲ့ပါ၊ ကွဲကွာသွားခဲ့ရရင်း ပြန်လည်ဆုံတွေ့နိုင်ခွင့်မရတော့ရာ၊ နောင် ဘယ်တော့မှလဲပြန်လည်ဆုံတွေ့နိုင်ခွင့်မရှိတော့ပါ။ ဦးခင်မောင်မြင့်က (၁၉၉၃ ဖေဖော်ဝါရီ ၁၆ ) ရက်နေ့ကတည်းက အကျဉ်းထောင်ထဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့လေရာ၊ နှစ်ပေါင်း(၂၈)နှစ်ကျော် ကြာပါပြီ။ အစ်ကိုကြီးကိုလှရွှေနဲ့ကတော့-လူချင်းသာ ပြန်လည်မဆုံတွေ နိုင်ခဲ့ပေမဲ့၊ ဒီကြားထဲမှာ (၂)ခါတိတိ တယ်လီဖုန်းနဲ့ စကားပြောခွင့်ရလိုက်ပါသေးတယ်။
သူက ဆောင်းပါးတွေကိုလဲ အဆက်မပြတ်လိုလိုရေးသားနေပြီဖြစ်ရာ၊ ‘အောင်သာ ( PPP )’ ဆိုတဲ့ သူ့ကလောင်နဲ့ သူ့လက်ရာတွေကိုလဲ ဖတ်ရပါတယ်။
( PPP ) ဆိုတာက ပြည်သူတိုးတက်ရေးပါတီရဲ့အတိုကောက်ဖြစ်ရာ၊ ပြည်သူ တိုးတက်ရေးပါတီအပေါ် သူ့ရဲ့အလေးအနက်ထားမှုနဲ့သံယောဇဉ်က ဘယ်လောက်ကြီးမားလှသလဲဆိုတာ သူ့ကလောင် နာမည်ကနေ အတိုင်းသားဖော်ပြနေပါတယ်။ အောင်သာ(PPP) နာမည်နဲ့ရေးသားခဲ့တဲ့ သူ့ရဲ့ ေဆာင်းပါးတွေ စာအုပ်တွေသာမက၊ ‘စံအိမ်’ ‘ဉာဏ်မောင်ချစ်’ စတဲ့ ကလောင်ခွဲတွေနဲ့ပါရေးသားနေတဲ့ သူ့လက်ရာတွေတော်တော်များများကိုလဲ အဝေးကနေ ဖတ်နေတွေ့နေခဲ့ရရင်း၊ သူ့ရဲ့မာန် သူ့ရဲ့ဟန်တွေကိုပါ အကြောင်းအားလျော်စွာ ကြားနေမြင်နေခဲ့ရပါတယ်။ လူချင်းသာပြန်လည်မဆုံတွေနိုင်ခဲ့ပေမဲ့၊ စာစောင်စာတန်းတွေထဲမှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ချက်ကလစ်လေးထဲမှာ သူ့ရဲ့သက်ဝင်လှုပ်ရှားနေပုံလေးတွေကို ဟိုမှာ သည်မှာ တွေ့နေခဲ့ရပါသေးတယ်။
သူက ကျွန်တော့်ရဲ့ ထောင်ဝတ္ထုတိုပေါင်းချုပ်စာအုပ်လေးဖြစ်တဲ့ ‘ ၆-တိုက်မှာ လောက်ကိုက်တာခံဖူးသလား-’ ထဲမှာလဲ (၂၀၁၃ တုန်းကပည်တွင်းမှာ ဒုတိယအကြိမ်အဖြစ် ပြန်လည်ရိုက်နှိပ်ထုတ်ဝေတဲ့အခါ ) ကျွန်တော်နဲ့ပတ်သက်ပြီး မှတ်မှတ်ထင်ထင် ‘အမှာစာ’ ရေးသားသွားခဲ့သေးသလို၊ သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကြီးဖြစ်တဲ့ ‘တော်လှန်ရေးသမားတဦး၏ နိုင်ငံရေးအတ္ထုပ္ပတ္တိ ’ စာအုပ်ကြီးထဲမှာလဲ ကျွန်တော်နဲ့ပတ်သက်ပြီး ကျွန်တော့်နာမည် ကျွန်တော့်အကြောင်း အပိုင်းအစလေးတွေကို မှတ်မှတ်ထင်ထင် ဟိုတစ သည်တစ တို့ထိ ဖော်ပြသွားခဲ့တာ ရှိခဲ့ပါသေးတယ်။ ဒီတော့.. သူကိုလဲ အစ်ကိုကြီးကိုလှရွှေကိုလဲ ရုပ်ပုံလွှာအဖြစ် ပြန်လည်ဆေးသားတို့ကြည့်ဖို့ေကာက်ကြောင်းဆွဲကြည့်လိုက်မိတဲ့အခါ၊ ကျွန်တော့်ရဲ့ ရင်တွင်းအာရုံထဲမှာတော့- သူ့ကို အလံ (၃) လက် ကြားမှာ ထင်ထင်ရှားရှားတွေ့လိုက်ရပါတယ်။ ပထမဆုံးအလံက သူအင်မတန်ချစ်မြတ်နိုးလှတဲ့ ကျောင်းသားအလံ- ခွပ်ဒေါင်း ခွပ်ဒေါင်းဆိုတဲ့ ခွပ်ဒေါင်းအလံ။ ဒုတိယအလံက ကမ္ဘာ့ပစ္စည်းမဲ့ လူ တန်းစားအားလုံးရဲ့ အထိမ်းအမှတ်အလံ- တူတံစဉ်အလံ ။ တတိယအလံကတော့- မိုးပြာရောင်နောက်ခံပေါ်က ရွှေဝါရောင်ကြယ်သုံးပွင့်ပါတဲ့အလံ- ပြည်သူတိုးတက်ရေးပါတီအလံ-တို့ပဲဖြစ်ပါတယ်။ အလံ (၃)လက်ကြားမှာ သူ့ရုပ်ပုံဟာ ဂုဏ်ယူမှုအပြည့်နဲ့ ရှိနေတာ ဖျတ်ခနဲ ဖျတ်ခနဲေတွ့လိုက်ရပါတယ်။ ဒါကြောင့်- ကျွန်တော်ကတော့ သူ့ကို ‘ ဘိုကလေး ဦးလှရွှေ (သို့မဟုတ် ) အလံ (၃)လက်ကြားက လူ - ’ လို့ပဲ ဝိဂြိုဟ်ပြုလိုက်ချင်ပါတယ်။
( ၅ )
အခုတော့ ....
တခါက ‘ကျောက်နီရုပ် နှုတ်ဆက်ခြင်း နဲ့ နှုတ်ဆက်ခဲ့ဖူးတဲ့သူ့ကို- ကျွန်တော်တို့တွေကလဲ ပြန်လည်နှုတ်ဆက်ရမယ့်အချိန်ဟာ ကြေကွဲစရာရာက်ရှိလာခဲ့ရပြီဖြစ်ပါတယ်။ ထာဝရ ခွဲခွာသွားရရှာပြီ ဖြစ်တဲ့သူ့ကို ပြန်လည်နှုတ်ဆက်လိုက်ရတဲ့ နောက်ဆုံးနှုတ်ဆက်လိုက်ရခြင်းမျိုးဖြစ်ပါတယ်။ အခု-နှုတ်ဆက်လိုက်ပါပြီ။ ရင်ထဲမှာပေါ်လာနေတဲ့ အမှတ်ရစရာအဖြစ်အပျက်အပိုင်းအစလေးတွေနဲ့အတူ၊ လွမ်းမောစွာ ကြေကွဲစွာ လေးလေးနက်နက် နှုတ်ဆက်လိုက်ပါတယ်။ အစ်ကိုကြီးရေ..
နောက်ဆုံး နှုတ်ဆက်လိုက်ပါတယ်။ ။
ဝင်းတင့်ထွန်း
( ၂၁- ၇- ၂၀၂၁ )
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar