Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၅ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၅ )

(မိုးမခ) မေ ၅ ၊ ၂၀၂၄

4/5/24

Diary in the darkness 

SSPP က စစ်ကောင်စီကို စစ်ကြေညာ။ နောက်ကျနေပေမယ့် တော်လှန်ရေးအင်အားစုတွေက ကြိုဆိုကြ။ SSPP ဟာ ရှမ်းလူငယ်ပညာတတ်တွေ ထောက်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့မို့ တော်လှန်ရေးအင်အားစုတွေအတွက် တအားတက်စရာပါ။ ဒါ့အပြင် ဝ လက်နက်ကိုင်အဖွဲ့ကို ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့မို့ ဒီဖြစ်ရပ်ဟာ သတင်းထူးတခု ဖြစ်နေပါတယ်။

ရခိုင်၊ မောင်တောက ကျီးကန်းပြင်စခန်းကို အေအေ သိမ်းပိုက်၊ စစ်ကောင်စီတပ်သား ရာနဲ့ချီ တဖက်နိုင်ငံကို ထွက်ပြေး ဆိုတဲ့ သတင်းတွေ တက်နေပါတယ်။ ဒါပေမဲ့ ကင်းစခန်းငယ်ကလေးတွေကို ရှင်းဖို့ကျန်သေးတယ်လို့ သတင်းသမားတစ်ယောက်က ပြောပါတယ်။ ထူခြားတာက စစ်ကောင်စီ လော်ဘီတစ်ယောက် ပြောကြားချက်တွေပါ။ သူ့အဆိုအရ စစ်ကောင်စီဟာ သူ့တပ်သားတွေ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်မပြေးနိုင်အောင် ပြေးလမ်းတွေကို ပိတ်ဆို့ပြီး အချင်း ချင်းလိုက်လံပစ်သတ်နေတယ် ဆိုတဲ့ ပြောကြားချက်ပါ။ ဒီဖြစ်စဉ်ကို သိတဲ့ စစ်ကောင်စီလော်ဘီတွေက မင်းအောင်လှိုင်ရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေကို ဖွင့်ချ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ဆိုတာ ပြည်သူတရပ်လုံးသာမက မိမိရဲ့ငယ်သားများကိုပါ နင်းချေပြီး အာဏာကို ငမ်းငမ်းတက် အရယူလေ့ရှိတယ်ဆိုတဲ့စကား မှန်လိုက်တာဗျာ။ 

နောက်ထပ် ထွက်လာတဲ့သတင်းတွေက စစ်တပ်က ထွက်ပြီး အစိုးရဌာနတွေမှာ နှစ်သီးစား ဝင်လုပ်နေတဲ့ မိုးကျရွှေကိုယ်တွေကို စစ်မှုပြန်လည်ထမ်းဆောင်ဖို့ ဆင့်ခေါ်လိုက်တဲ့သတင်း၊ ငြင်းဆန်ပါက လစာများ ပြန်လည်ရုပ်သိမ်းပြီး အပြစ်ပေးခံရမယ်ဆိုတဲ့ သတင်းနဲ့ ပင်စင်စား စစ်အိုများကို လုံခြုံရေးတာဝန်များ ပြန်လည်ထမ်းဆောင်ရမယ် ဆိုတဲ့ အမိန့်တွေ ထုတ်လိုက်တယ်ဆိုတဲ့သတင်းတွေပါပဲ။ 

စစ်ကောင်စီဟာ ကိုယ့်အမြီးကိုယ်ပြန်မျိုနေရတဲ့ မြွေတစ်ကောင် ဖြစ်နေပြီဆိုတာ အထင်အရှားမြင်နေရပါတယ်။

ကရင်၊ ကြာအင်းဆိပ်ကြီး တောင်စွန်း စစ်စခန်းကို လည်း တော်လှန်ရေးတပ်များသိမ်းပိုက်၊ မြန်မာပြည် အနှံအပြားမှာ တိုက်ပွဲတွေပြင်းထန်နေဆဲ တဲ့။

အလားတူပါပဲ။ မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ပလူပျံနေပါတယ်။ 

အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက လူငယ်များကို အလုပ်ရမယ်လို့ လိမ်ပြီး စစ်မှုထမ်းအင်အားကိုစုဆောင်းနေ၊ မုံရွာ မြို့တော်ခန်းမကို စစ်ကြောရေးစခန်းဖွင့်ထား၊ မုံရွာမြို့တွင်းလမ်းတချို့ ပိတ်ဆို့။ 

ဆိုတဲ့ သတင်းတွေလည်း လူမှုကွန်ရက် သတင်းစာမျက်နှာတွေမှာ တွေ့နေရ။

ဒီရက်ပိုင်းအတွင်း လူထု အတုန်လှုပ်ဆုံး စိတ်အပျက်ဆုံး၊ သတင်းကတော့ ပြည်ပမှာ အလုပ်လုပ်မယ့် သူတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက ပိတ်လိုက်တယ်ဆိုတဲ့ သတင်းပါပဲ။

လူထုရဲ့ အသက်ရှူပေါက် သေးသေးလေးကို ထပ်မံပိတ်ဆို့လိုက်တာပါပဲ။ တနိုင်ငံလုံး အသက်ရှူ ကျပ်ကုန်တယ်။ 

လူထုခမျာ ရင်ပူ နေပူ ဗလောင်ဆူ။

လွန်ခဲ့တဲ့ နှစ်ရက်လောက်က အပူလှိုင်းဖြတ်လို့ လူအတော်များများ အပြင်မထွက်ကြဘူး။ ကျနော်ကတော့ ကျန်းမာရေးကိစ္စနဲ့ မလွှဲသာလို့ အပြင်ထွက်ရတယ်။ လမ်းမှာ ထုတ်ဝေသူတစ်ယောက်နဲ့တွေ့တယ်။ စာအုပ်ထုတ်ဝေရေး အခြေအနေမကောင်းဘူးတဲ့။ စာဖတ်သူအများစု လူငယ်တွေ တောခိုကုန်ကြလို့တဲ့။ အချို့လူငယ်တွေက နိုင်ငံခြားကို ဖြစ်တဲ့နည်းနဲ့ ထွက်ခွာကုန်ကြပြီတဲ့။ တိုင်းပြည်ပျက်တာကို မျက်စိရှေ့မှာ မြင်နေရတာ စိတ်ထိခိုက်စရာပါ။

ဆရာဝန်နဲ့ တွေ့ပြီး ဆေးဝယ်ထွက်ပြန်တော့ ဆေးတွေက ဈေးသုံးဆလောက်တက်။ ဆေးတချို့ဝယ်မရ။ တချို့ မရှိ။

ဘာပဲဖြစ်ဖြစ် နာမကျန်းဖြစ်နေတဲ့ငါတို့ နိုင်ငံအတွက် တော်လှန်ရေးဆေးခါးကြီးကိုတော့ အား တင်းမျိုချရပါဦးမယ်။

အန်ကယ် တူမီး

4/5/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar