Breaking News

ရဲဘော်တေး - မရဏရထား

ရဲဘော်တေး - မရဏရထား

(မိုးမခ) မေ ၅ ၊ ၂၀၂၄

နိုင်ငံတဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံတဲ့။

မိဖရင်ခွင် ဖနောင့်နဲ့ပေါက်ပြီး ကောက်ကောက်ပါအောင် လိုက်ခဲ့တာကိုမှ မငဲ့ညှာ၊ ခုတော့ ဖာတန်းပို့ပြီဆိုသလို ပြည်သူ့ရင်ခွင် ချဉ်တင်တင်ဆိုပြီး ဘပုလည် ခိုစီးမိပါတယ်၊ ရီးတွေဖြစ်ရောဆိုပါတော့။ ယမမင်းလက် နှစ်ကျပ်ကွက်နဲ့ပေးအပ် ခွေးဇာတ်ခင်းပြီ။ ဒင်းတို့ကို ခွေးလို့ခေါ်တာ ခုမှ သိပါပေါ့လား ဟားဟား ဆိုပြီး ငိုချင်းချနေကြပြီ။

ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်းများ စာရင်းကို ပြုစုနေ၊ ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရတဲ့။ 

ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့။

နာယကဂုဏ်ခြောက်ပါး တပါးမှ မထောက်ထားဘဲ ယောက်ျားရင့်မ နှစ်သီးသုံးသီးစားကြီးတွေက တပည့်ကလေး နှမလေး မောင်လေးတွေကို မသနား….

အမယ်မင်း 

သေတွင်းရယ်တဲ့ ပို့နေ၊

နိုင်ငံ့ဝန် အရှည်မထမ်းရဘဲ လှိုင်ကြံ့ဝန်အသေထမ်းရမယ်လို့ 

နန်းတို့ဖြစ်ထွေ။

မထမ်းလို့ မဖြစ်ချေ

စစ်မြေမှာကျဆုံး၊

(ဘဘုန်းတို့ရေ)

သေသွားရင် ငရဲမလစ်အောင်

ဟောရစ်ကြအုံး။

(ငိုချင်း)

ခုတော့ ရုံးကြီးလဲ ကျီးနဲ့ဖုတ်ဖုတ်။ သုတ်သူသုတ် လစ်သူလစ် ဘယ်အလကားသက်သက် သေမင်းကြင်စိုးထံ လည်စင်းခံလို့တော့ဖြစ်မတုန်း။ ဒီစစ်ကြီးမှာ သူ့သားမပါ သူ့သမီးမပါ၊ စစ်ကျတော့ သူကဖန်တည်း၊ စစ်မီးထဲတော့ တခြားသူထိုးထည့်၊ သခိုးငပဲ့ အကျိုးအနဲ့ကောင်ကို ကျွမ်းထောင်ဆဲပြီး ကျိန်စာတိုက်ကာ ရုံးလာတဲ့ခြေထောက် သစ္စာ့ဖောက်ဆိုပြီး ဒိုးကြတော့ ဌာနကြီးလဲ သုဿာန်တစ သင်းချိုင်းဝပေါ့၊ မအလရဲ့ကြောင်တက်တက်ဓာတ်ပုံနဲ့ ရုံးစောင့်ဘဲကျန်တော့သလေ။ အဲဒီသေမင်းအခွက်ကြီးမြင်နေရမှတော့ ရုံးစောင့်လဲ မကြာခင် လစ်မှာပါဘဲလေ။

ခု SSPPကပါ စစ်ကြေညာတော့ နေပူတော်တင်မက ရှမ်းပြည်နယ်က ရုံးတွေမှာ ကိုယ်မသိဘဲ စာရင်းပေးခံထားရတဲ့ဝန်ထမ်းတွေလဲ စလစ်နေကြပြီ။ ခုတော့ တပ်ပျက်ရုံမက ဌာနပါပျက်ပြီလေ။ စစ်ဗိုလ်ချုပ်ကြီးတွေ ဝန်ကြီးတွေ အရာရှိကြီးတွေ ခရိုနီကြီးတွေရဲ့သားသမီးတွေကို စည်းရုံးရေးအနေနဲ့ စံနမူနာပြ ထည့်မယ်ကြားလို့ သားတွေ ဘယ်ဖွက်ရမလဲလို့ ဂယက်ထနေကြပြီတဲ့။ အသံလဲ ကျယ်ကျယ်မထွက်ရဲ နိုင်ငံခြားလဲ အထွက်မခံ အင်း လဝကနဲ့ ရဲတွေကတော့ ရေလျှံတော့မယ်ဆိုပြီး ပျော်နေကြသတဲ့။ ဒီတခါရမှာက သိုက်ကြီးတွေဆီကလေ။ ဘာတဲ့ ငွေဆိုတာ ရေလိုပါဆိုပြီး သီချင်းလုပ် ညည်းနေကြပြီ။

ဌာနဆိုင်ရာ အလုပ်တာဝန်များကို ယာယီ လွှဲပြောင်းရမယ်ဆိုကထဲက ဒီရထားဟာ ပြန်လမ်းမဲ့ရထား၊ တက်စီးလို့မဖြစ်ဖူးဆိုတာ ဝန်ထမ်းတိုင်း သိပြီးသား။ မအလဟာ သူ့ရဲ့နောက်ဆုံးနေ့ရက်များကို တင်ထားတဲ့ရထား၊ ရောစီးလို့ မဖြစ်ဖူးဆိုတာ သိကြပြီးသား။ ဌာနလုပ်ငန်းတွေ အပြီးရပ်ဆိုင်းတော့မယ်ဆိုတဲ့ ရနံ့ကို အကုန်ရှူရှိုက်မိနေပြီးသားလေ။ စစ်မှုထမ်းမှ ပြန်လာချိန်တွင် မူလနေရာ၊ လစာနှင့်ခံစားခွင့်များအတိုင်း ပြန်လည် ခံစားရမယ်ဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်တော့တာလေ။ လက်ရှိလစာအပြင် စစ်မှုထမ်းချိန် စစ်တပ်က ရတဲ့ လစာနှင့်ခံစားခွင့်များကို ထပ်မံခံစားခွင့်ပြုမယ်ဆိုတာလဲ ဟာသ၊ ဟဟဘဲရမှာ၊ သေသွားမှတော့ ဘာခံစားရမှာလဲ။ ဖုန်းတောင် ကိုင်လို့မရတာ၊ ရှုံးမယ့်စစ်မှာ ကိုယ်သေသွားလဲ ကိုယ့်မိကိုယ့်ဖ ကိုယ့်သား ကိုယ့်မယားကို ဘယ်ပြည်သူက သူတို့ကို သတ်တဲ့လူကို ပင်စင်ဆက်ပေးနေမလဲ။ အရူးပြောလဲ အရူးမယုံကြတော့။ 

တကယ်တမ်းက မအလနဲ့ ခေါင်းဆောင်ကြီးများကလွဲရင် ဘယ်သူမှ မရူးကြဘူးလေ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar