Breaking News

ငြိမ်းပြေ - ချောင်းငယ်လေးလို

ချောင်းငယ်လေးလို 
ငြိမ်းပြေ
(မိုးမခ) မေ ၆၊ ၂၀၂၄

အပြုံးမပျက်တဲ့ 
မြို့ဟာ
ကြွပ် ဆတ် ရွနေတဲ့ ရာသီအောက်
တံလျှပ်တွေ တလက်လက် ထ နေတဲ့ကြားက
တူနှစ်ဖြာ ရှေးရေစက်တွေနဲ့
မွေးနေ့တွေ အယောက်စေ့ကျင်းပ
ပကာသနအတွက် ဆင်စီးပြီးမြင်းရံကြတဲ့အထိ
ခမ်းခြောက်လို့ ကောင်းတုန်း ။

ကိုယ့်အိပ်တန်း မဟုတ်တဲ့နေရာမှာ
‌အိပ်နေရတဲ့ ငှက်တိုင်းကို
ဆောင်းခိုတယ်လို့ ပြောလို့မရဘူး
စိတ်တခုနဲ့ ရွက်လွှင့်ခဲ့ကြတာပဲ
ကိုယ်ရိတ်သိမ်းရသမျှဟာ
ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးခဲ့ခြင်းတွေသာ ။

ပိုးတုံးလုံးကနေ လိပ်ပြာဘဝအထိ 
မရောက်သလိုမျိုး
ခပ်တိမ်တိမ်လူတွေစုနေတဲ့ မြို့ရဲ့ဘေးမှာ
မြစ်ဆီကို စီးဆင်းသွားတဲ့‌ ချောင်းဟာ 
မြို့ကို ဥ‌ပေက္ခာပြုပြီး 
သူ့ခရီးသူ ဆက်ပြီ ။

အရာရာကို ပြတ်တောက်နိုင်တဲ့ ဓားဟာ
ယုံကြည်ချက်ပဲလို့ ယုံကြည်ရင်းက
မြို့အကြောင်း မတွေးပဲ
ကိုယ့်အသိုက်ကိုယ် ပြန်နိုင်မယ့်နေ့ကို မျှော်မယ်
ချောင်းငယ်လေးလို 
စီးစရာရှိတာ ဆက်စီးရင်းကပေါ့ ။

၀၄၀၅၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar