Breaking News

ညိုထွန်းလူ - မိုးရွာမလိုလိုနှင့်ပင်

Photo- MCDC
မိုးရွာမလိုလိုနှင့်ပင်
ညိုထွန်းလူ
(မိုးမခ) မေ ၃၊ ၂၀၂၄

"မနေ့ညနေတုန်းက မန္တလေးမှာ မိုးရွာတယ်။"
"တော်တော်များများရွာချတာလား၊ မိုးတွေရွာတော့ အေးသွားပြီပေါ့လေ။ ကံကောင်းလိုက်တာ။"

"ခင်ဗျားနှယ် စကားကိုသေချာနားမထောင်ဘဲနဲ့ ထင်ရာမြင်ရာ စွပ်ပြောနေတယ်။ မိုးတွေရွာချတာမဟုတ်ဘူး။ မိုးရွာတာဗျ။ တည့်တည့်ပြောရရင် တစ်ပေါက်နှစ်ပေါက်လေးပဲကျတာ။ ကျွန်တော့်အိမ်မှာ ဆယ့်လေးငါးပေါက်လောက်ပဲကျတယ်။ အဲလိုလေး မစို့မပို့လေးလုပ်လိုက်တော့ အပူငွေ့တွေနဲ့လုံးထပြီး လူ‌တွေလည်းဂျွမ်းမပစ်မတတ်ဖြစ်ကုန်ရော။ 
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ မန္တလေးမှာ မိုးရွာပြီလို့ သတ်မှတ်ပြီး သဘောကျသွားတယ်။ တစ်ပေါက်ကျကျ နှစ်ပေါက်ပဲကျကျပေါ့။ ပြီးတော့မနက်ဖြန် မေ ၃ ရက်နေ့မှာ မန္တလေးတစ်ခွင်မှာ မိုးရွာနိုင်တယ်လို့ လူမှုကွန်ယက်မှာဖတ်လိုက်ရတယ်။ ဟုတ်မယ်ထင်ရဲ့။ အခုလည်း အရင်ရက်တွေတုန်းကလို နေမပူပြင်းတော့ဘဲ မိုးအုံ့ပြီး လေတဟူးဟူး တိုက်နေတယ်။"
"မင်္ဂလာဖြစ်တော့မယ်ဆိုပါတော့"

"အဲလိုလည်းပြောလို့ရတယ်။ ကျွန်တော်ဖြင့် အေပြီလကုန်တာနဲ့ အပူဒဏ်ကြီးထဲက သေလုမျောပါးဖြတ်သန်းခဲ့ရတဲ့ အဖြစ်ကိုပြန်တွေးရင်း အောင်ပြီ . .အောင်ပြီဟလို့ ဂုဏ်ယူကြွေးကြော်လိုက်စမ်းချင်မိရဲ့။ ဒါပေတဲ့နောက်တစ်ဆင့်ကြုံရဦးမယ့် မေလရဲ့အပူဒဏ်ကြီးကရှိသေးသမို့ အဲဒီဂုဏ်ယူချင်စိတ်ကြီးကို မနည်းဘရိတ်အုပ်ထားရတယ်။"

"နေပူလွန်းရတဲ့အထဲ လျှပ်စစ်မီးပျက်တာလည်း ဆိုးသဗျာ။ တစ်နေ့နှစ်နာရီသုံးနာရီလောက်ပဲလာတယ်။ တစ်ခါတလေ ၂၄ နာရီ လုံးဝမလာလို့ တော်တော့်ကိုလွန်သွားပြီ။ မိုးရွာမှပဲသက်သာသွားတော့မှာ။"

"ဟား-ဟား-ဟား။ ကျွန်တော်ဖြင့် အဲဒီလျှပ်စစ်မီးဆိုသဟာကြီးကို ကျွန်တော့်ခေါင်းထဲမှာ ထည့်မထားတာကြာပြီဆရာ။ သူ့ဘာသာ လာချင်လာ၊ မလာချင်နေ။ ပူအိုက်လွန်းလို့ လူလည်း အထက်မီးအောက်မီးမုန့်လိုပူနွေးပျော့အိပြီး အလိုလိုစိတ်တိုနေရတဲ့အထဲ လျှပ်စစ်မီးပျက်လို့လည်း ဒေါသမဖြစ်နိုင်ဘူးကိုယ့်လူရဲ့။ ဒေါသတွေများရင် အသက်တို့မယ့်ကိန်းဆိုက်ပြီး အချိန်မတန်သေးဘဲ မြန်မြန်ကြွသွားနိုင်တယ်မဟုတ်လား။ 
ခင်ဗျားစဉ်းစားကြည့်။ ဒီလိုဆိုးရွားတဲ့အဖြစ်က နှစ်တိုင်းကြုံရတဲ့ဥစ္စာ။ ဘာများထူးဆန်းလို့တုန်း။ပြောစရာတစ်ခုတော့ ရှိသပေါ့ဗျာ။ ဒီတစ်နှစ် အယ်လ်နီညိုက အဆစ်ဝင်ပြီးတွယ်လိုက်လို့ အီဆောင့်နေအောင်ခံလိုက်ရတယ်။ အယ်လ်နီညိုလာတော့မယ်လို့ စောစောကတည်းကကြိုသိထားပေမယ့် ဘာမှပြင်ဆင်ထားခြင်းမရှိ။ ပြဿနာက ကိုယ်ဖြစ်ကိုယ်ခံပဲကိုယ့်လူရဲ့။ ဘယ်သူ့ကိုမှ နတ်သံနှောပြီးအမလေး ကယ်ကြပါဦးလို့ တောင်းဆိုမနေနဲ့။ ဘာမှထူးခြားမှာ မဟုတ်ဘူး။"

"မတောင်းဆိုပါဘူးဗျာ။ လူ့သဘာဝအရ ညည်းညူမိတာ
လေးတော့ရှိကြတာပေါ့။"

"ညည်းစရာရှိတာညည်းကြမှာပဲ။ စားဝတ်နေရေးကိစ္စထဲမှာ လှုပ်ရှားရုန်း ကန်ရင်း အမောဖောက်လာတဲ့အခါ စိတ်သက်သာရအောင် ညည်းကြရတာပေါ့။ နို့ပေမယ့်ဒါလည်း တစ်မျိုးတွေးကြည့်တော့ ဂုဏ်ယူချင်စရာပဲဗျ။"
"ဘယ်လို ဘယ်လိုများဂုဏ်ယူချင်စရာမို့တုန်း။"

"ခင်ဗျားနှယ်ဗျာ ဒီလိုဒုက္ခတောကြီးထဲက ဖြတ်သန်းပြီးရှင်သန်နေနိုင်ကြတယ်ဆိုတာ ကျွန်တော်တို့လူမျိုးရဲ့အစွမ်းသတ္တိကို ဖော်ပြနေတာဗျ။ ပေါ့သေးသေးမမှတ်လေနဲ့။ ကိုဗစ်စဖြစ်ပြီးနောက် အခုချိန်အထိတိုင်အောင်  အသက်ရှင်ပြီးရပ်တည်နိုင်ဖို့က လွယ်တာမဟုတ်ဘူး။ "

"ခံနိုင်စွမ်းရည်မြင့်မားလာလေ မာကျောလာလေလေ။ ဥပမာ မီးပြင်းပြင်းမြှိုက်ပြီး ထုထောင်းခံရတဲ့ ဓားကောင်းတစ်လက်လိုပေါ့။ အဲသလိုလား။"

"ခင်ဗျားရဲ့ဥပမာက အားတက်စရာပါပဲဗျာ။ ကဲ-တော်လောက်ပြီ။ မေလအပူချိန်ထဲကို ဖြတ်သန်းနိုင်အောင်ကြိုးစားရမယ်။ မနက်ဖြန်မိုးကြီးကြီးတစ်မိုးလောက်ရွာချရင် အိုကေပဲ။ ခက်တာက မန္တလေးမိုးကလည်းတော်တော်ရယ်။ မန္တလေးစည်တော်ကြီးလို ဟန်တွေပြင်နေပြီးတဗိန်းဗိန်းနဲ့တီးဖို့ အကြာကြီးစောင့်ရသလိုမျိုးပဲဗျ။ ကျွန်တော်တွေးတာကတော့ မနက်ဖြန်မိုးရွာမယ်။ ပြီးရင်နေပူပြင်းမယ်။ နေ့စဉ်ရက်ဆက်ပူပြင်းပြီး မေ၂၂ ရက် ကဆုန်လပြည့်နေရောက်ရင် မိုးရွာနိုင်တယ်။ အဲဒီရက်ပိုင်းမှာမုတ်သုံရာသီဝင်တော့မယ်လို့ မိုးလေဝသကလည်းကြေညာထားတာနဲ့တိုက်ဆိုင်နေတယ်။ ဘယ်လောက်အဆင်ပြေလဲ။"

"တကယ်လို့ ခင်ဗျားတွက်ထားသလို ဖြစ်မလာရင်ကော။

စိတ်တော့မရှိပါနဲ့။ ခင်ဗျားရဲ့တွက်ကိန်းတွေက လွဲချော်တာတွေကများလွန်းလို့လေ။"

"လွဲသွားလည်း ဘာတတ်နိုင်မှာတုန်းဗျ။ ဒီလိုပဲ ကောင်းတာလေးတွေရှာကြံတွေးပြီး ကိုယ့်ကိုယ်ကို မိုတီယူရတာပေါ့။ တွက်ကိန်းနဲ့လွဲသွားလည်း ကြံ့ကြံ့ခံကြရုံပဲရှိတယ်။ မြန်မာလူမျိုးပါဗျ။ တစ်ခြားကိစ္စတွေမှာ အကွဲ အပြဲတွေရှိပေမယ့် ခံနိုင်စွမ်းရည်ရှိတဲ့နေရာမှာတော့ အင်မတန်မှညီညွတ်ပြီးရှေ့ဆုံးနေရာမှာ နံပါတ်ချိတ်ပြီးသားပါ။ အဘိုးသခင်ကိုယ်တော်မှိုင်းကလည်း ပြောဖူးတယ်။ ခံရလှ တစ်ဘဝပါကွာတဲ့။  ဒါကြောင့်မို့ ကျွန်တော်တို့လူမျိုးရဲ့ အစွမ်းသတ္တိကြောင့် မိုးနတ်မင်းလည်းမနေသာတော့ဘဲ မနက်ဖြန်မှာမိုးရွာချပေးတော့မယ်ထင်ရဲ့။ အံမယ် ပြောရင်းဆိုရင်းနဲ့ မိုးစက်ကလေးတွေ တစ်ပေါက်နှစ်ပေါက်ကျလာပါပကော။ ပျော်စရာကြီးပါလား။ ဟေဟေ့။"

(ဤတွင်ပြီး၏)
ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar