မာတီနာ - ပူတယ်လေဆယ်နွေကဲ
ပူတယ်လေဆယ်နွေကဲ
မာတီနာ
(မိုးမခ) မေ ၃၊ ၂၀၂၄
ပေါင်းအိုး (pressure cooker) နဲ့ ဟင်းချက်ဖူးကြရင် သိကြမှာ။ နူးဖို့ မလွယ်တဲ့ အသားတွေ၊ ပဲတွေအချိန်တိုတိုနဲ့ နူးအိသွားစေဖို့ ပေါင်းအိုးနဲ့ ချက်ရတယ်။ မီးဖိုကပေးထားတဲ့ အပူရယ်၊ ထွက်လာတဲ့ အငွေ့တွေကိုလုံအောင်လုပ်ထားလို့ သိပ်သည်းမှုများပြီးဖြစ်လာတဲ့ ဖိအားရယ်ကြောင့် ချက်ထားတဲ့ အရာတွေဟာမြန်မြန်ပဲနူးအိသွားတာပေါ့။ စားလို့ သိပ်ကောင်း။
တကမ္ဘာလုံးပူနေတာမို့ ကိုယ်တို့ နိုင်ငံတခုတည်းကွက်ပြီးပူနေတာတော့မဟုတ်ပါဘူးလေ။ ဗိုလ်စွဲတော့ ကမ္ဘာ့အဆင့်မီဖြစ်တာပေါ့။ နွေရာသီမှာနေကမြောက်ယဉ်စွန်းတန်းဆီရောက်လာတာမို့ အီကွေတာနဲ့နီးတဲ့ စင်ကာပူက ကိုယ်တို့နိုင်ငံလောက် မပူတာသိပ်မအံ့ဩပါဘူး။ သူကပင်လယ်ထဲက ကျွန်းကလေးဟာကို။ ဒါပေမဲ့ လေထုရဲ့ စိုထိုင်းဆကတော့ များပြန်ရောလေ။ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ၊ CNA News ကတင်ဆက်တဲ့ သတင်းဆောင်းပါးတပုဒ်မှာအပူချိန်အပြင် စိုထိုင်းဆ၊ နေရောင်ကျရောက်မှုနဲ့လေတိုက်နှုန်းတို့ ကြောင့်လဲလူတွေမှာအပူဒဏ်ကိုပိုခံစားရပြီးကျန်းမာ ရေးထိခိုက်စေတယ်လို့ ဆိုတယ်။ အထူးသဖြင့် စိုထိုင်းဆပါတဲ့။ Commentay: Singapore’s heat stress advisory signals a hotter world to come -CNA (channelnewsasia.com) ကိုယ်တို့ငယ် ငယ်လေးကတည်းက နွေရာသီအပူဆုံးဒေသဆို မကွေးတိုင်းချောက်၊ ရေနံချောင်းဆိုတာအမြဲကြားဖူးနေကြပါပဲ။ ရေနံမြေကြောင့်များ ပိုပူလေသလားလို့ ထင်မှတ်မှားခဲ့ဖူးတာပေါ့။ တကယ်တော့ သစ်တောသစ်ပင်တွေမရှိလို့ ဆိုတာနောင်ကြီးလာမှ သိတာ။ ရှမ်းပြည်ဘက်မှာနေခဲ့ရတော့ ပူတယ်ဆိုနှာသီးဖျား ချွေးစို့ရုံလောက်ပဲ။
မလှုပ်မယှက်ထိုင်နေရင်း တကိုယ်လုံးမှာ ချွေးတွေစီးကျနေတာမျိုးက အညာဘက်ရောက်တော့သာခံစားရတော့တာကိုး။ အညာကိုရောက်စအစောပိုင်းနှစ်တွေမှာ အပူဒဏ်ကြောင့် မိတ်ဖုတွေထွက်တာဆိုတာ တကိုယ်လုံးရဲလို့။ အနေကြာလာတော့လဲ အသားကျသွားပြီး သက်သာအောင် နေတတ်လာတယ်။ ထန်းလက်မိုးထားတဲ့တဲအောက်မှာ နေတယ်။ ဘာဘူစောင်တွေ၊ ချည်စောင်တွေကိုရေဆွတ်ပြီး ကာထားရတယ်။ ခဏကြာလို့ စောင်တွေခြောက်သွားရင် ရေပြန်ဆွတ်၊ အဲ- ဆွတ်စရာ ရေရှိရင်ပေါ့လေ။ အခုတော့ အညာကလူတွေမှာအပူဒဏ်ခံနိုင်ဖို့ သောက်စရာရေတောင် လုံလုံလောက်လောက် ရှိရဲ့လားမသိ။ အင်း၊ ရေရှိရင်တောင် ရေဆွတ်စရာ စောင်တွေရှိသေးရဲ့လားမသိ။
အပူရှပ် (Heat stroke) ကြောင့် အသက်ဆုံးရတာလဲ အညာရောက်မှ ကြားဖူးရတယ်။ အထူး သဖြင့် နေ့ခင်းဘက်မှာနေပူကြီးထဲသွားလာနေရတတ်တဲ့ဈေးသည်တွေ ဘယ်သူတော့ဖြင့် သစ်ပင်အောက်မှာထိုင်ရင်း ဆုံးသွားတယ်၊ ဘယ်သူတော့ဖြင့် လမ်းလျှောက်နေရင်းက လဲကျသွားတယ် စသည်ဖြင့်ပေါ့။ သက်ကြီးရွယ်အိုတွေတဖြုတ်ဖြုတ် ကွယ်လွန်တတ်ကြတဲ့ ကာလပေါ့။ အခုလဲအပူဒဏ်ကြောင့် သေဆုံးရတဲ့ သတင်းတွေအများကြီး တွေ့လာရတယ်။ ပိုဆိုးတာက အညာရဲ့ နွေရာသီကာလဟာ ရှည်လျားလွန်းတာပဲ။ ဧပြီကနေ ဩဂုတ်၊ စက်တင်ဘာလောက်အထိ ခံပေဦးတော့။ မိုးရွာတယ်ဆိုတာက တနှစ်လုံးမှ လေးငါးကြိမ်ပဲလေ။ အညာဘက်မှာ ပူတယ်။ ဒါပေမဲ့ စိုထိုင်းဆကမရှိသလောက်ဆိုတော့ ပူပြီးခြောက်နေတာ။ ရေများများသောက်ဖို့ လိုတယ်။ အရိပ်အောက်မှာနေခွင့်ရဖို့လိုတယ်။
ရန်ကုန်ကိုပြောင်းလာရတော့ အညာရဲ့ အပူဒဏ်ကလွတ်ခဲ့တယ်။ ဒါပေမဲ့ ရန်ကုန်ရဲ့ အုံ့အိုက်အိုက် အပူကိုခံရခက်စွာ ခံစားရပြန်တာပါပဲ။ ပင်လယ်နဲ့နီးတာမို့ အပူအအေးမျှတတယ်လို့ ဆိုပေမဲ့ စိုထိုင်းဆက များပြန်ရောလေ။ တိုက်ခန်းကျဉ်းတွေမှာခိုတွေလိုအောင်းနေရတဲ့ လူတွေဟာ လေဝင်လေထွက်နည်း၊ ကွန်ကရစ်လမ်းတွေအဆောက်အဦးတွေကပြန်ထုတ်တဲ့ အပူက တရှိန်းရှိန်းမှာ စိုထိုင်းဆများတဲ့ လေထုကဖိထားပြန်တော့ ပေါင်းအိုး (Pressure cooker) ထဲရောက်နေတဲ့ ငါးများလို အရိုးပါ နူးမတတ်ဖြစ်ရတယ်။ မီးလာရင်တော့ ပန်ကာ၊ လေအေးစက် စသည်ဖြင့် သက်သာအောင် ဖန်တီးလို့ရပေမဲ့ ခုတလောတရက် ၂၄ နာရီမှာမီးလာချိန်က လေးနာရီမပြည့်တတ်လေတော့ ဖျပ်ဖျပ်လူးနေရတော့တာပေါ့။
စင်ကာပူကတော့ နေ့စဉ်အပူချိန်အပြင် စိုထိုင်းဆနဲ့ နေရောင်ကျရောက်မှုကိုပါ တိုင်းပြီး လူတွေဆီအချက်အလက်တွေရောက်ဖို့ ၁၅ မိနစ်ကိုတကြိမ် ထုတ်ပြန်ပေးပါသတဲ့။ တနေရာနဲ့ တနေရာအခြေအနေချင်းမတူလေတော့ စင်ကာပူတနိုင်ငံလုံးမှာ အဲဒီစိုထိုင်းဆနဲ့ အပူချိန်ကိုပါတိုင်းပြီးသတိပေးချက်ထုတ်ပြန်တဲ့စခန်းပေါင်း ၉ ခုတည်ထားပါသတဲ့။ တနေရာနဲ့ တနေရာမတူဘူးဆိုတာက မြို့ပြ တိုက်တာတွေများတဲ့နေရာမှာအပူချိန်မြင့်မားပြီး သစ်ပင် သစ်တောများပြားတဲ့ နယ်မြေတွေမှာတော့ အပူချိန်လျော့နည်းပါသတဲ့။
ဒါကတော့ ကိုယ်တို့ ဆီကလူတွေလဲ သိကြပါတယ်။ ဒါကြောင့် သိပ်ပြီးပူလာတဲ့အခါ၊ သစ်ပင်စိုက်ဖို့ ဆော်ဩချက်တွေ ထွက်လာတာပေါ့။ သစ်ပင်ရဲ့ တန်ဖိုးကိုသိပ်သိလာကြတဲ့အချိန်ကာလဆိုပါတော့လေ။ ပျိုးပင်လှုသူတွေလဲ ရှိကြပါရဲ့။ စိုက်ရမဲ့နေရာရှိမရှိတေ့ာမသိဘူးလေ။ စိုက်ရုံနဲ့ ပြီးတာမှ မဟုတ်ပဲ။ စိုက်လိုက်တဲ့အပင်ရှင်သန်ကြီးထွားအောင် စောင့်ရှောက်ဖို့ကလိုသေးတာကိုး။ ပြီးတော့ စည်းကမ်းမဲ့ မခုတ်ကြဖို့ပေါ့။ အဲ၊ စည်းကမ်းနဲ့အညီဆိုပြီးတော့လဲ မခုတ်ကြဖို့ပေါ့။ ကိုယ်ကတော့ သင်သစ်ပင်ဘယ်နှစ်ပင် စိုက်ဖူးလဲဆိုပြီး အပြစ်တင်သလိုလိုပြောလာတာများတွေ့ရင် တပင်မှတော့ မခုတ်ဖူးဘူးလို့ ခနဲ့ချင်တော့တာ။ ကိုယ်တို့တိုင်းပြည်လိုနေရာမျိုးက သစ်ပင်ဆိုတာခုတ်မဲ့သူမရှိရင် သူ့ဟာသူ တောဖြစ်နေတဲ့ အရပ်ဒေသလေ။ မယုံရင် အခုလူတွေပစ်ပြေးကြရတဲ့ မြို့ပျက် ရွာပျက်တွေသွားကြည့်ပါလား။
အပူဒဏ်ဟာလူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိ ခိုက်စေတယ်တဲ့။ မားဆိုးဟာ ပူလွန်းလို့လူသတ်ခဲ့တယ်မဟုတ်လား။ လူမသတ်ရင်တောင်မှ ပူရင် စိတ်တိုစိတ်ဆတ်နေတာ။ သည်းခံနိုင်စွမ်းတွေ လျော့နည်းနေတာ။ အလကားနေရင်း ပင်ပန်းနွမ်း နယ်နေတာလေ။ ဒါကြောင့် အပူချိန်အခြေအနေကိုလိုက်လို့ အလုပ်လုပ်ချိန်တွေကိုလည်း လိုအပ်သလိုပြောင်းရွှေ့ရတယ်။ စွမ်းအင်လုံလောက်တဲ့ နေရာတွေမှာတော့ နေ့ဘက်မှာနားနေကြပြီး ညဘက်မှ အလုပ်လုပ်ကြသတဲ့။ ကိုယ်တွေဆီမှာကတော့ အလင်းအတွက်တောင် စွမ်းအင်မလုံ လောက်လေတော့ နေမင်းကြီးနဲ့အပြိုင် အလုပ်လုပ်ကြရတာ။ ကျန်းမာရေးထိခိုက်တယ်လား။ ဘယ်သူကအရေးစိုက်မှာမို့လဲ။ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းနေပေါ့လို့တောင် အဖြေရှာပေးသူရှိတယ်လေ။
စင်ကာပူမှာကတော့ မြို့ပြစီမံကိန်းတွေမှာသစ်တော၊ သစ်ပင်(Green Space)ဧရိယာဘယ်လောက်ထားမလဲဆိုတာ တွက်ချက်နေရာချရမယ်ဆိုပဲ။ ကိုယ်တို့ရပ်ကွက်ထဲတော့ သစ်တောသစ်ပင် နေ ရာတွေချန်ဖို့ အသာထားလို့ ရှိတဲ့ပန်းခြံထဲမှာတောင် အဆောက်အဦးတွေ ဟောတခု ဟောတခုပေါ်လာနေတာ။ ရေကန်ကြီးကိုဖို့ပြီး ဟိုတယ်ဆောက်လို့တောင် ရသေး။
အရင်တုန်းကတော့ နွေရာသီမှာညဘက်ဆိုအပြင်ထွက်နေကြတာပဲ။ လေတဖြူးဖြူးတိုက်တတ်တဲ့ မြစ်ကမ်းဘေးလို၊ ပန်းခြံလို၊ ဘောလုံးကွင်းလိုနေရာမျိုးဆိုလူတွေအပြည့်။ တချို့ဆိုခြင်ထောင်တလုံးနဲ့ ကွင်းပြင်ဘက်ထွက်ပြီး အိပ်ကြတယ်။ ကိုယ်တွေလဲတိုက်ခန်းကသံပန်းတံခါးတွေပဲသော့ခပ်ပြီး တံခါးရွက်တွေ ဖွင့်အိပ်ကြတာ။ အခုတော့ဖြင့် ညဘက်ကိုအပြင်ထွက်လို့ကလဲ မရ၊ ဘေးကင်းလုံခြုံရေးကလည်း စိတ်ပူရလေတော့ ကိုယ့်တံခါးကိုယ်ပိတ်ပြီး နူးအောင်ပြုတ်နေရတော့တာပဲ။ ရန်ကုန်ကလူတွေအသားဖြူတာ၊ အသားအရေနူးညံ့တာ ဘာဆန်းသလဲကွယ်။
မာတီနာ
-
#MoeMaKaMedia
#WhatsHappeningInMyanmar