Breaking News

လှကျော်ဇော - သေဒဏ်နဲ့ လူ့အခွင့်အရေး

လှကျော်ဇော - သေဒဏ်နဲ့ လူ့အခွင့်အရေး

(မိုးမခ) မေ ၃ ၊ ၂၀၂၄


၁၀၂၇ စစ်ဆင်ရေးအပြီး ကိုးကန့်ဒေသတခုလုံးကိုအုပ်ချုပ်ခွင့်ရသွားတဲ့ကိုးကန့်အဖွဲ့ (MNDAA)က သူ့တပ်ဖွဲ့သားတွေထဲက ပြစ်မှုကျူးလွန်သူအချို့ကို သေဒဏ်ပေးတဲ့သတင်းတက်လာပြီးနောက်မှတ်ချက်အမျိုးမျိုး သတင်းမီဒီယာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ကျွန်မဆီကိုလည်း သတင်းမီဒီယာအချို့က အမြင်ဘယ်လိုရှိလဲလို့ မေးလာပါတယ်။ မေးခွန်းတွေက ပုံစံအမျိုးမျိုး ရှိနေပေမယ့် အဓိပ္ပာယ်ကတော့ တသဘောတည်းပါ။

"သေဒဏ်ပေးခြင်းဟာ အခုခေတ်ကာလမှာ မသင့်တော်တော့ဘူး။ အထူးသဖြင့် လူမြင်ကွင်းမှာ ပြုလုပ်တာဟာ သိပ်လွန်သွားပြီ။ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် မဖြစ်သင့်ဘူး"တဲ့။

သူတို့မေးခွန်းတွေပေါ်  မူတည်ပြီး ကျွန်မ ဖြေခဲ့ရာမှာလည်း မူကတော့ တမူတည်းပါပဲ။

"ကျွန်မတို့ လူ့အခွင့်အရေးလို့ပြောတဲ့အခါ ဘယ်သူ့လူ့အခွင့်အရေးကို ပြောတာလဲ။ ပြည်သူအများရဲ့လူ့အခွင့်အရေးလား။ ပြည်သူတွေအပေါ်နှိပ်စက်ရမ်းကားထားတဲ့ ရာဇ၀တ်သား (၃-၄) ယောက်ရဲ့ လူ့ အခွင့်အရေးလား။ ဘယ်သူ့ လူ့အခွင့်အရေးကို ကာကွယ်ပေးရမှာလဲ။"

ဒီမူအပေါ် အခြေတည်ပြီး ကျွန်မက အခုလို ရှင်းလင်းပြောပြခဲ့ပါတယ်။

"ကျွန်မတို့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အောင်ပွဲတွေတစုံတရာ ရလာနေပြီ ဆိုပေမဲ့ စကစနဲ့ စာရင် အလွန်အင်အားနည်းနေပါသေးတယ်။ ဒီတော့ ကျွန်မတို့မှာ ပြည်သူလူထုကြီးရဲ့ အားပေးထောက်ခံမှုက သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ပြစ်မှုများ၊ ပြည်သူလူထုကို စိတ်ကိုထိခိုက်စေတဲ့ပြစ်မှုများကိုဆိုရင် အပြစ်ဒဏ် ကြီးကြီးမားမားပေးရပါတယ်။ လူမြင်ကွင်းမှာလုပ်ဖို့လည်း တခါတလေ လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူတွေအနေနဲ့-ဒီတပ်ဟာ တို့အကျိုးစီးပွားကို ကာကွယ်ပေးတဲ့တပ်။ အပြောနဲ့ အလုပ်ညီတဲ့တပ် ဆိုတဲ့အမြင်ကို ရရှိစေပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို ပိုရလာနိုင်ပြီး၊ မိမိတပ်တွင်းက စည်းကမ်းလိုက်နာရာမှာ အားနည်းနေနိုင်သူများကိုလည်း သတိပေးထားပြီး ဖြစ်သွားပါတယ်။ လက်နက်ကိုင်တပ်တွေအတွင်း တပ်အဆမတန် ကြီးထွားလာချိန်မှာ စည်းကမ်းတွေ လျော့ရိလျော့ရဲ ဖြစ်တတ်လို့ တခါတရံ ဒီလိုမျိုး ပြစ်ဒဏ်ပေးမှုမျိုး လိုအပ်ပါတယ်။

အထူးသဖြင့် အခုလို 'ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်'ဆိုတဲ့ ကြွေးကြော်သံတင်ပြီး စစ်အာဏာရှင် စနစ်ကို ချေမှုန်းဖို့ ဘက်ပေါင်းစုံက တော်လှန်နေချိန်မှာ ဒီစစ်တပ်ဟောင်းကို အစားထိုးမယ့်၊ ပြည်သူ့လူထုအကျိုးကို ကိုယ်စားပြုမယ့်စစ်တပ်အသစ်ကို အုတ်မြစ်ချရာမှာ စည်းကမ်း ထိန်းသိမ်းရေးဟာ အလွန်အရေးကြီးပါတယ်။ စည်းကမ်းများကို တင်းတင်းကျပ်ကျပ်လိုက်နာရမှာသာမကစည်းကမ်းမလိုက်နာသူ၊ ဖောက်ဖျက်သူများကိုလည်း ပြတ်ပြတ်သားသား အရေးယူရမှာဖြစ်ပါတယ်" လို့လည်း အကျယ်တ၀င့် ရှင်းပြလိုက်ပါတယ်။

ကဲ... ဒီတော့ "လူ့အခွင့်အရေးလို့ ပြောရာမှာ ဘယ်သူ့ လူ့အခွင့်အရေးကို ပြောတာလဲ"လို့ ပြန်မေးရမှာပါ။

ကိုယ့်ဟာကိုယ်ပဲ ဖြေကြည့်ကြပါ။        

လှကျော်ဇော

၁-၅-၂၀၂၄။

-

Join Us @ MoeMaKa Telegram

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar