အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၁ )
(မိုးမခ) မေ ၂၉ ၊ ၂၀၂၄
30/5/24
Diary in the darkness
မြန်မာ့ရွှေဈေး ၅၈ သိန်းကျော်အထိ စံချိန်တင် ဈေးဆက်လက်မြင့်တက်။
ရွှေပေါင်ပြီး ငွေတိုးချေးသည့် အလုပ်လုပ်ကိုင်သူများ ရန်ကုန်တွင် ပေါများလာ။
ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ထား။ ဒေါ်လာ အဝယ်လိုက်ပြီး ရောင်းသူမရှိ။
၁ ဒေါ်လာ ၄၆၅၀ ကျပ် ။
ပြည်တွင်း ကားဈေးနှုန်းများ အတက်ဘက်ကို ဆက်လက်ဦးတည်နေသော်လည်း ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိ။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ် ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၅၉,၅၀၀ ကျပ် အထိ ဈေးပေါက်နေ။
ကော့ကရိတ်-မြဝတီ လမ်းဟောင်းမှာ ငွေတောင်းသည့်ဂိတ် များလာသဖြင့် ကားခနှင့် ကုန်စည်ခ ဈေးတက်။
မြန်မာစစ်ကောင်စီက အွန်လိုင်း ကျားဖြန့် သံသယရှိသူ ၄၉၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ဟု တရုတ်က သတင်းထုတ်ပြန် ။
မင်းအောင်လှိုင်က တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေး။ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်၊ ဗိုလ်ချုပ်တချို့ တရားစွဲဆို ထောင်ချခံရမည့် အလားအလာရှိ။
စစ်တွေမြို့မှာ ပြည်သူတွေ ပိတ်မိ။ စစ်ကောင်စီတပ်တွေ ရဲ့လူသားဒိုင်းအဖြစ် အသုံးပြုခံရဖွယ်ရှိ။
နိုင်ကျဉ်းဟောင်း သူငယ်ချင်းတွေ စုပြီး မာန်အောင်က ဆေးလာကုတဲ့ သူငယ်ချင်းကို လူမမာသွားမေး။ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ရောဂါသက်သာပါတယ်။ စစ်ရေးအခြေအနေကြောင့် ရခိုင်ကို ပြန်လို့မရသေး။ ရခိုင်က လူတွေတောင် ရန်ကုန်ကို အလုအယက် ပြေးလာကြ။ လေယဉ်လက်မှတ်ခ ဆယ်သိန်းကျော်နေတယ်လို့ သိရ။
ကျွန်တော်တို့ အားလုံး စစ်ကောင်စီရဲ့ လူမျိုးရေး၊ ဘာသာရေး ထောင်ချောက်ထဲ AA ကျရောက်သွားမှာကို စိုးရိမ်နေကြ။ ဒေါ်စုလည်း ဒီထောင်ချောက်ထဲမှာ အမိခံလိုက်ရလို့ နိုင်ငံတကာနဲ့ ဆက်ဆံရေး အားနည်းခဲ့ရ။ ပြဿနာဖန်တီးသူ စစ်အာဏာရှင်ကို အဓိကပစ်မှတ်မထားဘဲ ဒီမိုကရေစီအရေးတော်ပုံဘက်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လုပ်ရပ်ဟာ စစ်ကောင်စီကို သက်ဆိုးရှည်အောင်လုပ်ပေးသလိုဖြစ်နေတယ်ဆိုတာ အမြင်သာကြီးပါ။
ဘာပဲဖြစ်ဖြစ် မြေပြင်အခြေအနေမှန်တွေကို သက်သေနဲ့တကွ ဖော်ထုတ်ပြီး တာဝန်ရှိသူတွေကို တာဝန်ယူစေရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီက ထောင်ချောက်ဆင်ထားတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် ဒီမိုကရေစီအရေးကို ထိခိုက်မှာ စိုးမိတယ်။
မိုးအေးအေးမှာ ပူလောင်တဲ့ အတွေးတွေနဲ့ အိပ်မပျော်နိုင်တဲ့ ည တစ်ညပါပဲ။
အန်ကယ် တူမီး
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar