ကိုအောင်မှိုင်း - မျက်ရည်တို့ဖြင့် ထုဆစ်ခြင်း
မျက်ရည်တို့ဖြင့် ထုဆစ်ခြင်း
ကိုအောင်မှိုင်း
(မိုးမခ) မေ ၃၁ ၊ ၂၀၂၄
လွင့်မျောနေတဲ့
အသက်တွေတွက်
ရေကြည်တပေါက်လောက်
ဖေးကူလှည့်ပါလား။
ရေကြည်တပေါက်ဟာ
ရှင်သန်ထမြောက်ခြင်းတွက်
ပျဥ်းမငုတ်တို ဖြစ်နိုင်ပါတယ်။
တံတိုင်းအပြင်က
မျက်နှာစာသစ်တွေမှာ
လွတ်မြောက်ခြင်းတွေ ရှိနေတယ်။
သူ့ရန်သူကို
ကိုယ့်ရန်သူလို့
သတ်မှတ်လို့မရဘူး။
ကိုယ့်ရန်သူကိုလည်း
သူ့ရန်သူလို့
သတ်မှတ်လို့ မရဘူး။
ရန်သူစစ်ကို
နေရောင်အောက်မှာ
ရှာလို့ရနိုင်သလို
လရောင်အောက်မှာလည်း
ရှာဖို့မခက်ဘူး။
စံတန်ဖိုးတွေ
တွက်ချက်နိုင်ဖို့
ဂဏန်းပေါင်းစက် မလိုဘူး
မေတ္တာတရားတွေပဲ လိုတယ်။
စံတန်ဖိုးတွေ
တွက်ချက်နိုင်ဖို့
လူလိမ်တွေ မလိုဘူး
သစ္စာတရားတွေပဲ လိုတယ်။
စံတန်ဖိုးတွေ
တွက်ချက်နိုင်ဖို့
အုပ်စိုးသူတွေ မလိုဘူး
စည်းမျဥ်းကောင်းတွေပဲ လိုတယ်။
ရန်သူစစ်အတွက်
မိတ်ဆွေစစ်ကို
မတိုက်ခိုက်မိစေနဲ့။
မိတ်ဆွေစစ်တွက်
ရန်သူစစ်ကို
ချေမှုန်းသုတ်သင်ကြရမယ်။
မိုးကောင်းကင်ဟာ
ပင်လယ်မဖြစ်နိုင်သလို
ပင်လယ်ဟာ မိုးကောင်းကင် မဖြစ်နိုင်ဘူး
ဒါပေမဲ့
ပင်လယ်ဟာ ကုန်းမြေတော့ဖြစ်နိုင်သလို
ကုန်းမြေကလည်း ပင်လယ်ဖြစ်နိုင်တယ်။
အဓမ္မကို
မတိုက်ခိုက်ဘဲ
ဓမ္မမဖြစ်နိုင်ပေမဲ့
ဓမ္မဆိုတာ
တည်ဆောက်ခြင်းကင်းရင်
အဓမ္မ ဖြစ်သွားတတ်တယ်။
ဗုဒ္ဓဟာ
သူခိုး ဓားပြတွေ
ခုတုံးလုပ်တတ်တာ သိလို့
သစ္စာ ၄ ပါးတရားကို
ဟောတော်မူခဲ့တာ ဖြစ်မယ်။
ကျည်ကွယ်မျက်ကွယ် မရှိတဲ့ အရပ်မှာ
မျက်ရည်မိုးတွေ မရွာမိစေနဲ့။
မျက်ရည်ဆိုတာ
နိုင်ငံသစ်ကို မွေးဖွားခြင်း
လူထုအနာဂတ်ကို ထုဆစ်ခြင်း။