Breaking News

ချင်းပြည်နယ် တီးတိန်မြို့မှာ တိုက်ပွဲစတင်၊ မုတ်သုန်ရာသီ အဝင် ကုန်စည်သယ်ဆောင်ရေး အခက်အခဲ

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၇ မြင်ကွင်း

(မိုးမခ) မေ ၂၈၊ ၂၀၂၄

ချင်းပြည်နယ် တီးတိန်မြို့မှာ တိုက်ပွဲစတင်၊ မုတ်သုန်ရာသီ အဝင် ကုန်စည်သယ်ဆောင်ရေး အခက်အခဲ

ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းက မြို့ကြီးတမြို့လို့ ခေါ်ဆိုကြတဲ့ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ စခန်းနဲ့ တပ်ရင်းတခုကို တီးတိန်ဒေသက ဇိုလန်းကာကွယ်ရေးတပ်ဖွဲ့ PDF Zoland နဲ့ အခြားပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ကြရာက မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကပါတိုက်ခိုက်နေပြီး မေလ ၂၇ ရက်နေ့ ညနေပိုင်းမှာတော့ မြို့ပေါ်ရပ်ကွက်ရဲ့ နေရာအချို့မှာ မီးလောင်နေတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်မီဒီယာမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ 

ချင်းပြည်နယ်က တခြားသောပြည်နယ် သို့မဟုတ် တိုင်းတွေနဲ့မတူဘဲ ဒေသအလိုက်နဲ့ မျိုးနွယ်စု အလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားကြတာဖြစ်ပါတယ်။ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းတို့လို မြို့အလိုက်ဖွဲ့စည်းထားတဲ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိသလို အချို့သောမျိုးနွယ်စုလိုက် ဖွဲ့စည်းကြတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ရှိကြတာ ဖြစ်ပါတယ်။ တီးတိန်မြို့နယ်မှာ အများအပြားနေထိုင်ကြတဲ့ ဇိုမီးမျိုးနွယ်တွေဖွဲ့စည်းထားတဲ့ ဇိုလန်းကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်ပြီး အခုလို တီးတိန်မြို့က တပ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တီးတိန်မြို့ဟာ ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းမှာ ယဥ်ကျေးမှုအရ အစဥ်အလာအရ ကြီးမားတဲ့ မြို့လို့ခေါ်ဆိုနိုင်ပြီး ချင်းလူမျိုးတွေထဲက ခေါင်းဆောင်တွေလည်း ပေါ်ထွက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး မြို့တမြို့ဖြစ်တဲ့ ရိဒ်ခေါဒါမြို့ကို ကလေးမြို့က သွားမယ်ဆိုရင်လည်း တီးတိန်မြို့ကို ဖြတ်သန်းပြီး ရိဒ်ခေါဒါမြို့ကို သွားရောက်ကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ အချို့သော တိုင်းရင်းသား ဒေသတွေလို သယံဇာတ၊ နယ်စပ်ကုန်သွယ်ရေး အခွန်အကောက်၊ ပင်လယ်ရေကြောင်း ဆိပ်ကမ်းဖြစ်လို့ စတဲ့ အကြောင်းတွေကြောင့် သဲသဲမဲမဲ ကာကွယ်မယ့် ပြည်နယ်၊ ဒေသထဲ ချင်းပြည်နယ်မပါဝင်ပါဘူး။ ရခိုင်ပြည်နယ်လို ပင်လယ်ဆိပ်ကမ်းနဲ့ ရေနက်ဆိပ်ကမ်း မဟုတ်သလို၊ ရှမ်းမြောက်ဒေသလို တရုတ်နယ်စပ်ကုန် သွယ်ရေးအရ အရေးပါတဲ့ ဒေသလဲမဟုတ်တာကြောင့် ချင်းပြည်နယ်ကို ကို ဒီလောက် အင်အားသုံးကာကွယ်တာတွေ လုပ်မယ့် အနေအထားမတွေ့ရပါဘူး။ သို့ပေမယ့် နယ်မြေ အနေအထားအရ ကျယ်ပြန့်တဲ့ ဒေသအခု ဖြစ်တာ အိန္ဒိယနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာ စတဲ့အချက်တွေနဲ့ ချင်း ပြည်နယ်ကို အတိုင်းအတာတခုထိ အင်အားသုံး ကာကွယ်မယ့် သဘောလို့ မှန်းဆရပါတယ်။ 

ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးက အခြားသောမြေပြန့်ဒေသတွေနဲ့မတူသလို တောင် တန်းတွေရှိတဲ့ ရှမ်းပြည်နယ်လောက် လမ်းပန်း ဆက်သွယ်ရေး မကောင်းပါဘူး။ တမြို့နဲ့ တမြို့ဆက်သွယ်ထားတဲ့ကားလမ်းတွေက တခုအပြင် အခြားရွေးစရာမရှိပဲ ဒီမြို့ကိုသွားချင်ရင် ဒီလမ်း ကြောင်းကို မဖြတ်မနေရဖြတ်သန်းရမယ့် တခုထည်းသောလမ်းကြောင်းတွေရှိတဲ့ ပထဝီ အနေ အထားရှိတာ ဖြစ်ပါတယ်။ 

အဲဒီအချက်က စစ်ကောင်စီ အဖို့ စစ်ကူပို့တဲ့အခါ လက်နက်ခဲယမ်းပို့တဲ့အခါမျိုးမှာ ကုန်းလမ်းခရီးထက် လေကြောင်းလိုမျိုးကို ပိုမိုအားကိုးရမယ့် အခြေအနေမျိုးဖြစ်စေပြီး လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း စစ်ကောင်စီ အနေနဲ့ ချင်းပြည်နယ်ကို ကောင်းစွာ ထိန်းချုပ်အုပ်ချုပ်နိုင်ရေးထက် လုံးလုံးလျားလျား လက်မလွှတ်ရတဲ့ အနေအထားမျိုး၊ ပြည်နယ်မြို့တော် ဟားခါးနဲ့ အချို့သောမြို့တွေမှာ အုပ်ချုပ်ရေး ရှိနေတယ် ဆိုတဲ့အနေအထားမျိုးကိုသာ ဦးစားပေးပြီး ထိန်းထားတဲ့ သဘောလို့ မှန်းဆရပါတယ်။ ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းက တွန်းဇံ၊ ကျီခါးတို့လည်း မကြာသေးခင်ရက် ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ပွားပြီး ချင်းကာကွယ်ရေးတပ်တွေကသိမ်းယူခဲ့တာဖြစ်ပြီး ချင်းပြည် နယ်ထဲက အရွယ်အစားအားဖြင့် ကြီးတဲ့မြို့တွေထဲမှာ ပါဝင်တဲ့ တီးတိန်မြို့ ခုရက်မှာ စတင်တိုက်ပွဲဖြစ်လာတာ ဖြစ်ပါတယ်။ 

ချင်းရိုးရာအရ အမဲလိုက်တူမီးသေနတ်တွေ ကိုင်ဆောင်ခဲ့ကြပြီး သေနတ်နဲ့တောလိုက်အတွေ့ အကြုံရှိတဲ့ ချင်းတောင်ဒေသက စစ်အာဏာသိမ်းပြီးနောက် ပထမဆုံး လက်နက်ကိုင်ခုခံတိုက်ခိုက်ခဲ့တဲ့ဒေသလို့ဆိုရင် မမှားပါဘူး။ နွေဦးတော်လှန်ရေးရဲ့  လက်နက်ကိုင်ခုခံတိုက်ခိုက်မှုအစ အာဏာ သိမ်းစစ်တပ်ကို အစောဆုံး လက်နက်နဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေထဲ မင်းတပ်မြို့က ချင်းကာ ကွယ်ရေးတပ်ဖွဲ့ကို ချန်ထားလို့ မဖြစ်လောက်အောင် ထင်ရှားတာဖြစ်ပါတယ်။ 

ချင်းကာကွယ်ရေးတပ်တွေအနေနဲ့ နယ်မြေသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ အခုထက်ပိုပြီး လုပ်နိုင်စွမ်း ရှိပေမယ့် စစ်ကောင်စီက ချင်းလူထုရဲ့နေအိမ်တွေ၊ မြို့တွေကို မြေလှန်တဲ့ဗျူဟာသုံးပြီး မြို့တွေ မီး ရှို့ဖျက်ဆီးမယ့်အန္တရာယ်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံရမယ့်အကျိုးဆက်တွေကို ချင့်ချိန်တွက်ဆကာ လုပ်ဆောင်နေကြရတဲ့အနေအထားမျိုးလို့ ယူဆကောင်း ယူဆရပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာ တခုကတော့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေစဥ်မှာပဲ ပြည်သူလူထုတွေအနေနဲ့ လိုအပ်တဲ့ ရိက္ခာ၊ လူသုံးကုန်၊ ဆေးဝါး အစရှိတဲ့ ကုန်စည်တွေသယ်ယူပို့ ဆောင်ရေးတွေ မုတ်သုန်ရာသီမှာ ပိုမိုခက်ခဲလာတဲ့အခြေအနေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းမြောက်ဒေသက ဆက်သွယ်ထားတဲ့လမ်းပိုင်းတွေ၊ ကရင်ပြည် နယ် မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့နဲ့ ပဲခူး၊ ရန်ကုန်တို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ တံတားတွေ ဖောက်ခွဲဖျက်ဆီးခံထားရသလို လတ်တလောလည်း ထပ်မံ ဖောက်ခွဲမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး မိုးမကျခင် သွားလာနိုင်တဲ့ ရှောင်ကွင်းလမ်းတွေလည်း မိုးရာသီမှာ ရွံ့နွံတွေနဲ့ ချောပြီး ခက်ခက်ခဲခဲ သွားလာနေကြရတာ ဖြစ်ပါတယ်။ ရန်ကုန်- သထုံအကြားမှာရှိတဲ့ ဘီးလင်းမြို့နယ်ထဲမှာ တံတား ၂ စင်း တလအတွင်း ချိုးဖျက်ခံထားရတာကြောင့် ကားလမ်းခရီး နှောင့်နှေးကြန့် ကြာတာတွေ ရှိနေသလို မြဝတီ ဖားအံ၊ အကြားမှာလည်း အာရှ အဝေးပြေးလမ်းက တိုက်ပွဲတွေ နဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ထိတွေ့မှု၊ တံတားတစင်း ချိုးဖျက်ခံထားရတာတွေကြောင့် အခြားသော လမ်းတွေ ဖြစ်တဲ့ ထော့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းတို့ကနေ သွားကြတာဖြစ်ပါတယ်။ အဆိုပါလမ်းတွေက မြေသားလမ်းတွေ ဖြစ်လို့ မိုးရက်ဆက်ရွာသွန်းတဲ့အခါမှာ ရွှံ့တွေနဲ့ ချောပြီး သွားလာရခက်ခဲနေတဲ့ အနေအထားလည်း ဖြစ်နေတာပါ။ 

ရှမ်းမြောက်က ပြည်ထောင်စုလမ်းမလို့ ခေါ်ဆိုတဲ့ မန္တလေး မူဆယ်လမ်းမှာ ရှိတဲ့ မိုင်းခွဲခံထားရတဲ့ ကျင်သီတံတားနေရာမှာ ယာယီထိုးထားတဲ့ တံတားက ခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းပြီး ချောင်းရေစီး ပြင်းထန်လာချိန်မှာ ယာယီတံတားကနေ ဖြတ်ကူးဖို့ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်လာပါတယ်။ စစ်ရေးအရ စစ်ကောင်စီတပ်တွေ စစ်ကူမလာနိုင်အောင် သို့မဟုတ် တံတားတွေကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေက ဖောက်ခွဲ ချိုးဖျက်တာတွေရှိသလို အချို့တံတားတွေက စစ်ကောင်စီကိုယ်တိုင်က လက်နက်ကိုင် အဖွဲ့တွေ မြန်မြန်ဆန်ဆန် ယန္တရားလိုမျိုးနဲ့ ဝင်မလာနိုင်အောင် ရည်ရွယ်ပြီး ချိုးဖျက်တာလည်း ရှိနေတာဖြစ်ပါတယ်။ 

ဒေသခံလူထုတွေ၊ တနယ်နဲ့ တနယ် ကုန်စည်ကူးသန်းနေသူတွေအဖို့ကတော့ တံတားတွေ ဖြတ် သန်းဖို့ ခက်ခဲလာတာနဲ့အမျှ စားစရာ ဆန်၊ ဆီ၊ ဆေးဝါး စတာတွေ ပြတ်တောက် ရှားပါးမှုဒဏ်တွေကို ခံစားနေကြရပြီ ဖြစ်ပါတယ်။ စစ်ရေး အသာစီးရရေး၊ နယ်ကျော် လမ်းကျော် အခွန် အကောက် စုဆောင်းရေး၊ ကုန်စည်စီးဆင်းမှု မပြတ်တောက်ရေးနဲ့ ဒေသခံ စိုက်ပျိုး မွေးမြူ ကုန်ထုတ်လုပ်ငန်းများ ထိန်းသိမ်းလည်ပတ်ရေးနဲ့ ဒေသခံပြည်သူတွေအတွက် အကာအကွယ်လုံခြုံမှု အတတ်နိုင်ဆုံး ပေးစွမ်းနိုင်ရေးတွေဟာ ဒေသခံတော်လှန်ရေးခေါင်းဆောင်တွေ အင်အားစုတွေ ချိန်ဆ ကြံစည် ပြင်ဆင်လုပ်ကိုင်နေရမယ့် အရေးတွေ ဖြစ်နေပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar