လှကျော်ဇော - တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၅)

ပြင်သစ်သမ္မတ မက်ခရုန်ရဲ့ ဖိတ်ကြားချက်နဲ့ ပြင်သစ်ရွာလေးသို့ အလည်အပတ်ခရီး (၇-၅-၂၀၂၄)
တရုတ်ရဲ့ မဟာဗျူဟာ ကမ္ဘာ့အမြင် (၅)
လှကျော်ဇော
(မိုးမခ) မေ ၂၈ ၊ ၂၀၂၄
ရှီကျင့်ဖိန်ရဲ့ ဥရောပ ၃ နိုင်ငံခရီး
တရုတ်သမ္မတ ရှီက မေလ ၅ ရက်နေ့ကစလို့ ၁၀ ရက်နေ့အထိ ဥရောပ ၃ နိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။ ပြင်သစ်၊ ဆာဗီးယားနဲ့ ဟန်ဂေရီ တို့ပါ။
၁။ ပြင်သစ်ခရီးစဉ်။ ရှီရဲ့ ပထမခရီးထောက်ပါ။
ပြင်သစ်ဟာ တရုတ်ရဲ့ အထူးကျေးဇူးအတင်ခံရတဲ့ ဥရောပနိုင်ငံပါ။ ၁၉၄၉ တရုတ်ကွန်မြူနစ်တွေအာဏာရလာတဲ့ အချိန်ကစလို့ အနောက်နိုင်ငံအားလုံးက တောက်လျှောက် သပိတ်မှောက်ခဲ့ပေမယ့်၊ ပြင်သစ်က (သမ္မတ ဒီဂေါလ်ခေတ်) အမေရိကန်က အတင်းဖိအားပေး တားနေတဲ့ကြားက ၁၉၆၄ ခုနှစ်မှာ (အနောက်အုပ်စုက ပထမဆုံးနိုင်ငံအဖြစ်နဲ့) တရုတ်နဲ့ သံတမန် ဆက်ဆံရေးထူထောင်ခဲ့တာပါ။ အဲဒီကတည်းက တရုတ်နဲ့ ဆက်ဆံရေး ပြေပြစ်ခဲ့ပြီး တရုတ်အနေနဲ့ကလည်း ပြင်သစ်ရဲ့ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လေးစား အသိအမှတ်ပြုခဲ့ပါတယ်။
အခုလက်ရှိသမ္မတမက်ခရုန်ခေတ်မှာ သေနင်္ဂဗျူဟာ ကိုယ်ပိုင်လွတ်လပ်ခွင့် (strategic autonomy) ဆိုတဲ့ အယူ အဆက အဲဒီက မြစ်ဖျားခံပုံရပါတယ်။
ဒီနှစ် (၂၀၂၄) တရုတ်-ပြင်သစ် ဆက်ဆံရေးထူထောင်တာ အနှစ် (၆၀) ပြည့်အဖြစ် နှစ်နိုင်ငံလုံးမှာယဉ်ကျေးမှုဖလှယ်ရေး အထိမ်းအမှတ်ပွဲတွေ လုပ်နေတာပါ။
တကယ်တော့ ပြင်သစ်လူမျိုးတွေဟာ ယဉ်ကျေးမှုကြီး တခုနဲ့အတူ ကိုလိုနီ အင်အားကြီးနိုင်ငံတနိုင်ငံအဖြစ် သူ့မာန် သူ့ဟန်နဲ့ ရှိခဲ့တဲ့ ဥရောပရဲ့လူမျိုးကြီးတမျိုးပါ။ အလွန်မာန်မာနကြီးပါတယ်။
(အခုထိလည်း ဒီမာန လျှော့ပုံမရသေးပါဘူး။ သူ့အရင် ကိုလိုနီဟောင်း အနောက်အာဖရိကနိုင်ငံအချို့နဲ့ ဖြစ်နေတဲ့ ပြဿနာများကို ကြည့်ပါ။) ဒီတော့ ဒုတိယကမ္ဘာစစ်အပြီး ကြီးကျယ်လာတဲ့ အမေရိကန်ရဲ့ ဗိုလ်ကျမှုကို လက်မခံပါဘူး။ အဲဒါကလည်း သူတို့ အရင်းရှင်လူတန်းစားအချင်းချင်းကြားက ပဋိပက္ခပါ။
ဒါကို တရုတ်က အသုံးပြုနေပုံရပါတယ်။ အခုလည်း တရုတ်က ပြင်သစ် (ဒီနှစ် အီးယူရဲ့အလှည့် ကျ ဥက္ကဋ္ဌကိုအခြေပြုပြီး ဥရောပသမဂ္ဂကို ချဉ်းကပ်ပုံရပါတယ်။ မက်ခရုန်ကလည်း တရုတ်နဲ့ ရင်ဆိုင်ရာမှာ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗင်တာလီရောန်ကိုပါ ဆွဲခေါ်လေ့ရှိတာ တွေ့ရပါတယ်။ ဥရောပနိုင်ငံများအကြား အမေရိကန် လိုလားသူများ (တရုတ်အပေါ် သဘောထားတင်းမာသူများ)နဲ့ အမေရိကန်အကျိုးစီးပွားချည်းပဲမကြည့်သူများ (တရုတ်နဲ့အလိုက်အထိုက် ဆက်ဆံချင်သူများ) အကြား သဘောထားကွဲလွဲမှု ပိုထင်ရှားလာနေတာကို တွေ့ရပါတယ်။ (စီးပွားတက်လာတဲ့ တရုတ်ရဲ့ ဈေးကွက်ကြီးကလည်း မက်မောစရာကြီး။)
ပြင်သစ်နဲ့ တရုတ်အကြား ဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိနေတဲ့ အချက်တွေ ရှိနေပါတယ်။
ဥပမာ .... ပြင်သစ်-တရုတ် ဆေးသုတေသနလုပ်ငန်းများ။ ပူးတွဲထုတ်လာတဲ့ ဆေးဝါးများ။ ပြင်သစ်ရဲ့ Air Bus လေယာဉ်အစိတ်အပိုင်းများ တပ်ဆင်တဲ့ စက်ရုံများ။ တရုတ်ပြည် ထိန်ကျင်းမြို့မှာတည်ဆောက်ထားပြီး၊ ပြင်သစ်ကုမ္ပဏီပေါင်း ၉၀၀ ကျော်မှာ တရုတ်က ရင်းနှီးမြှုပ်နှံမှုများ လုပ်ထားတာကနေ အလုပ်အကိုင်ပေါင်း ၅ သောင်းကို ဖန်တီးပေးထားပါတယ်။
- ပြင်သစ် အဏုမြူဓာတ်အားစက်ရုံများမှာ တရုတ်ပညာရှင်များကို လေ့လာခွင့်ပေးထားတာ။
- တရုတ်ရဲ့ လကမ္ဘာသွားရေး အာကာသခရီးစဉ်မှာ လိုက်ပါမယ့် ပြင်သစ်အာကာသသူရဲကောင်းများကို တရုတ်ပြည်မှာ လေ့ကျင့်ပေးနေမှု။
- ဒီနှစ် ဇူလိုင်လမှာ ကျင်းပမယ့် ပဲရစ်အိုလံပစ်ပွဲတော်အတွင်း (5-G) သတင်းလုပ်ငန်းစဉ်များ အစအဆုံး ကူညီတာဝန်ယူပေးရန် တရုတ်က အာမခံထားတာ... စတာများ။
ဒီတခေါက် ခရီးမှာ နှစ်နိုင်ငံအကြားရရှိတဲ့ သဘောတူညီချက်များကို မေလ ၆ ရက်နေ့ ရှီနဲ့ မက်ခရုန်နဲ့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာတွေကတော့ ....
နိုင်ငံရေးအရ ဗဟုစုံပါဝင်တဲ့ နိုင်ငံတကာစနစ်ကို ပိုမိုပြည့်စုံအောင် လုပ်ဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် ပူးတွဲလုပ်ဆောင်သွားမယ်။ ကမ္ဘာ့အပူကွက်များ (ဥပမာ .... ယူကရိန်း၊အစ္စရေး-ပါလက်စတိုင်း) အရေးများမှာလည်း အမြန်ဆုံးဖြေရှင်းနိုင်ရေး ကြိုးစားရေး။
စီးပွားရေး--ပူးပေါင်းလုပ်ဆောင်ရေး (လေကြောင်းဆိုင်ရာ၊ လယ်ယာစိုက်ပျိုးရေး၊ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ စသဖြင့်)သဘောတူစာချုပ် ၁၈ ခု ချုပ်ဆိုခဲ့။
ပြည်သူအချင်းချင်းကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ ဗီဇာမလိုတဲ့ ခရီးသွားလာမှုများ၊ ကျောင်းသားဖလှယ်ရေးစီမံကိန်းများ စတာများ ပါဝင်ပါတယ်။
ဒါ့အပြင် သမ္မတ မက်ခရုန်က သူ ငယ်စဉ်က အမြဲသွားရောက်လည်ပတ်ခဲ့တဲ့ သူ့အဘွားရဲ့ ရွာလေး (အခုအခါ အပျော်နှင်းလျှောစီးတဲ့ အရပ်ကို) ရှီကို ခေါ်သွားလည်လိုက်ပါသေးတယ်။
ဒါဟာ ခေတ်သစ်ကာလအတွက် အင်အားကြီးနှစ်နိုင်ငံ (ကုလလုံခြုံရေးကောင်စီဝင် နှစ်နိုင်ငံ) အကြား ဆက်ဆံရေးရဲ့ ပုံစံသစ်တရပ်ဖြစ်ပြီး ကမ္ဘာငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အကျိုးရှိတယ်လို့ တရုတ်သတင်းမီဒီယာများက မှတ်ချက်ပေး ရေးနေကြပါတယ်။
၂။ ဆာဗီးယား။
၃။ ဟန်ဂေရီ
ဒီနှစ်နိုင်ငံက ရှီရဲ့ ဒုတိယနဲ့ တတိယ ခရီးထောက်များဖြစ်ပြီး၊ တရုတ်နိုင်ငံနဲ့ စီးပွားရေးအရ အရင်းနှီးဆုံး ဥရောပနှစ်နိုင်ငံ ဖြစ်ပါတယ်။ တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းထဲကိုလည်း ဥရောပမှာ ပထမဆုံးပါဝင်ထားတဲ့ နိုင်ငံတွေ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း မပြတ်ဝင်နေပြီး အဲဒီကနေလည်း အကျိုးအမြတ် အတော်ရနေတဲ့နိုင်ငံများ ဖြစ်တယ်။ နှစ်နိုင်ငံ မြို့တော်များအကြား အမြန်ရထားလမ်းဆောက်တာ မကြာခင် ပြီးတော့မှာ ဖြစ်တယ်။ ဟန်ဂေရီမှာ တရုတ်ကုမွဏီကြီးနဲ့ ပေါင်းတည် ဆောက်နေတဲ့ ၂၀၃၅ မှာ ပြီးစီးမယ့် ဘက်ထရီ (လျှပ်စစ်ကားများအတွက်) စက်ရုံကြီးဟာ အလုပ် အကိုင်ပေါင်း (တသောင်းကျော်) ဖန်တီးပေးထားတာပါ။
ဆာဗီးယားက သံမဏ်စက်ရုံကြီးမှာလည်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ငွေအင်အားသာမကအုပ် ချုပ်ရေးပိုင်းမှာလည်း လူအင်အားပါ ပါလာလို့ ဒေဝါလီခံရဆဲဆဲ စက်ရုံကြီး ပြန်လည်လည်ပတ်လာပြီး အလုပ်အကိုင်ပေါင်း ၅၀၀၀ အာမခံချက်ရသွားလို့ အဲဒီစက်ရုံအလုပ်သမားတွေက ဝမ်းသာအားရ ကြိုဆိုတာ တွေ့ရပါတယ်။
ရှီကျင့်ဖိန်ကလည်း "ဘဲလ်ဂရိတ်က သံရုံးကို နေတိုးက မှားပစ်မိတာပါလို့ ဆိုခဲ့တဲ့ တရုတ် သတင်းသမား ၃ ဦး သေဆုံးခဲ့ရတဲ့ အဖြစ်အပျက် ၂၅ နှစ်မြောက်နေ့ကို အမှတ်တရအနေနဲ့ တရုတ်တွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးသူများပါ။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုး နောက်ဘယ်တော့မှ မဖြစ်စေရအောင်ကြိုတင်ကာကွယ်သွားမှာပါ"လို့ ပြောပြီး တရုတ်ကို ရန်လိုနေတဲ့သူတွေကို သတိပေးသွားတာ တွေ့ရပါတယ်။
တရုတ်နဲ့ ဆာဗီးယား နှစ်နိုင်ငံအကြား ကံကြမ္မာတွေကိုမျှဝေထားတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်ရေးသဘောတူစာချုပ် ချုပ်ဆိုတာတွေ့ရပြီး ဟန်ဂေရီနဲ့လည်း နှစ်နိုင်ငံကြား စီးပွားရေးနဲ့ ဘဏ္ဍာ ရေးဆက်ဆံရေးတွေကို တဆင့်တိုးဖို့ သဘောတူစာချုပ်တွေ ချုပ်တာ တွေ့ပါတယ်။ ဟန်ဂေရီဟာ နောက်တလှည့်မှာ ဥရောပသမဂ္ဂ ဥက္ကဋ္ဌဖြစ်မှာမို့ တရုတ်နဲ့ ဥရောပသမဂ္ဂကြား ဆက်ဆံရေးတွေ ချောမွေ့လာစေဖို့ တရုတ်က ရည်ရွယ်ဟန်ရှိပါတယ်။
ဒါတွေကတော့ တရုတ်ရဲ့ သေနင်္ဂဗျူဟာခြေလှမ်းတခု ဖြစ်တဲ့ ဥရောပနိုင်ငံများနဲ့ ဆက်ဆံရေး တိုး တက်ကောင်းမွန်ရေးတွက် ကြိုးပမ်းချက်များ ဖြစ်ပါတယ်။
လှကျော်ဇော
၂၅-၅-၂၀၂၄
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar