Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသူခိုးကို အတေးအငြိုးမရှိရ


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးသူခိုးကို အတေးအငြိုးမရှိရ

(မိုးမခ) မေ ၂၉ ၊ ၂၀၂၄

အငြိုးအတေးမရှိစေရေး ထိခိုက်မှုနည်းအောင် ဆောင်ရွက်နေလို့ သရေကြိုးက ပြောသဒဲ့။ 

လူတွေကဖြင့် သူ့ဆို အရေခွံလေးစုတ်လိုက်၊ ပါးပါးပါးပါးလေးလှီးလိုက်၊ ဆားသိပ်လိုက်၊ မီးကင်လိုက်၊ ခွေးကျွေးလိုက်၊ အနာကျက်အောင် လျှာနဲ့ပြန်လျက်ခိုင်းလိုက် ဟက်တက်ခွဲလိုက် အချဉ်ညှစ်လိုက်နဲ့ အဲလိုမျိုးတနေရာချင်းလုပ်ချင်နေသူချည်း။ အညာက အဘွားကြီးလက်အပ်မလား၊ အကြေက အမေလက်ဝကွက်မလား၊ တောင်တန်းက အမိုးတို့ခြေအောက်ရောက်မလား၊ အပေါက်ဖောက်မယ့်သူနဲ့ နုတ်နုတ်စဉ်းမယ့်သူချည်း။ ဒါကို ရူးသလိုပေါသလိုတွေပြောနေတုန်း။ 

သူတော်တို့ထုံး နှလုံးမူပြီး တတိုင်းပြည်လုံး ပြုံးပျော်နေအောင်ထားသယောင်ယောင် တောင်လိုလိုမြောက်လိုလိုပြော၊ ကြောင်လိုလို‌မျောက်လိုလိုခုန်၊ ယုန်လိုလိုခွေးလိုလိုနေပြီး မပြေးတတ်သလိုလိုကလဲ မူယာမာယာတွေနဲ့ အာပလာသေး။ 

တကယ်က သူ့တပ်တွင်းမှာကိုပဲ အခြေအနေပေးတာနဲ့ ကုပ်ဆွဲဆုတ်ဖြဲမယ့်ကောင်ချည်း။ သူစောက်ရူးထလို့ဘဲ တပ်ထဲရှိသမျှ မိန်းမတွေလဲ မုဆိုးမဖြစ်ဖို့ အလှည့်ထိုင်စောင့်နေရတာလေ။ နင်ပြီးနင် နင်ပြီးသူ သူပြီးသူပေါ့။ စစ်သားသားသမီးဆိုလည်း ပထမအဖေပျောက်၊ မကြာဘူး အခြေအနေအရ မအေပါပျောက်။ ဒါထဲက အဖေအစားထိုးစီမံကိန်းကရှိသေး။ 

စစ်သားတိုင်း ဒို့တာဝန်သုံးလုံးနဲ့ အမျိုး ဘာသာ သာသနာဆိုက်ဝါးကျွေး၊ ဆေးနဲ့အရက်နှစ်ပင်လိမ်တိုက်ပေးပြီး လူတွေကို ကိုယ့်ရွာကိုယ့်ဆွေမှန်းမသိ စိတ်ထင်သလိုညှင်းဆဲသတ်ဖြတ်မီးရှို့မုဒိမ်းကျင့်ပြန်ပေးဆွဲလုပ်ထားတော့ စစ်သားဆိုတာ လူ့လောကနဲ့မတန်တော့ဘူးလို့ကိုသဘောပိုက် ခွေးနေရာထားပြီး၊ အင်း ခွေးတောင် ခွေးရူးနေရာထားပြီး အပြီးသတ်ချေမှုန်းနေကြတာမဟုတ်လား။ 

ရွာတွေ မြို့တွေကို မီးတိုက်ဖြိုဖျက်နေတော့ စစ်တပ်ဆိုတာ မရှိရ၊ စစ်သားပိုင်အိုးအိမ်စည်းစိမ်လုပ်ငန်းဆိုတာလဲ မရှိရဆီထိရောက်လာပြီလေ။ အဲဒီစည်းစိမ်ဆိုတာလဲ ပြည်သူ့ဥစ္စာမတရားရယူ၊ လုပ်ပိုင်ခွင့်တွေမောင်ပိုင်စီး၊ တိုင်းပြည်ဘဏ္ဌာခိုး၊ သယဲဇာတလက်ညှိုးထိုးရောင်းရယူထားတာချည်းဘဲလေ။ ကိုယ့်ဉာဏ့်ကိုယ်ချွေးနဲ့ယူထားတာမဟုတ်၊ သေနတ်အားကိုးနဲ့ ဂုတ်သွေးစုတ်အမြတ်ထုတ်ထားတာချည်း။ 

ဟော ခု လူမှန်သမျှ ခွေးဇာတ်ခင်းဖို့ စစ်မှုထမ်းဥပဒေထုတ်ပြီး အိမ်ထဲဝင်ဆွဲလို့ဆွဲ ပျံကျဈေးထဲအထည်စမဲဖောက်ရောင်းသလို ခွေးလုပ်ဖို့များ မဲဖောက်ရတယ်ကရှိသေး၊ အမယ် မဲပေါက်ပြန်ရင်လဲ ကိုယ့်ထမင်းကိုယ်စားပြီး ခွေးဖြစ်မယ့်နေ့ထိုင်စောင့်ခိုင်းထားလို့ထား၊ ခုတော့ သက်ပြည့်စာရင်းပါရင်ကို ဘယ်မှမသွားရ၊ မရှိရင်မိဘ‌ညီကိုမောင်နှမ အရေးယူမယ်၊ စော်ကားချက်များ နိုင်ငံခြားရောက်နေလဲ ပြန်ခေါ်ထားဆိုတာတောင်ပါသေး၊ မောင်းတောမှာဆို လူငယ်တွေကို သေနတ်နဲ့တောင်လိုက်ပစ်ဖမ်းနေသတဲ့၊ လူကို အမဲလိုက်သလိုကိုလုပ်နေတာ။ တရားမဲ့ချင်တိုင်းမဲ့၊ ဒါးနဲ့ပိုင်းချင်တိုင်းပိုင်း မိုက်ရိုင်းချင်တိုင်းမိုက်ရိုင်းနေတဲ့ကောင်က အငြိုးအတေး မရှိစေရေးတဲ့။ တယောက်နဲ့တယောက်ထိမ်းကျောင်းပေးတဲ့၊ အော် သာဝ သာဝ တိုင်းပြည်မှာ သက်ရှိသက်မဲ့ပြာချနေတဲ့ကောင်က ဘာရချင်သေးတယ်မသိ။ မင်းလဲ ပြာကျရုံကလွဲလို့ ဘာမှ ရစရာမရှိဘူး သာဝရေ။ တကယ်က ပြေးလမ်းရော ဆုတ်လမ်းရောမရှိတော့တဲ့သူ့အဖြစ်ကို ပလစ်ချင် စကစ်ချင်တာနဲ့ အတည်ပေါက်တွေ လျှောက်လျှောက်‌ဖောက်နေတာ လူတိုင်း သိပါတယ်။ စကစ်ရအောင်လည်း မင်းလုပ်ထားတာတွေက ကြော်ညာသက်သက် မဟုတ်ဖူးခွေးသူခိုးရဲ့။ နောက်ပြီးတော့ မင်းတို့နန်းတွေကို  သတ်ဖြတ်နေတာဟာ ဒိုးက ဒေသတည်ငြိမ်ရေးလုပ်ပေးနေတာကို ပီဒက်ဒေဂ သက်သက်မကောင်းမြင်အငြိုးအတေးထားပြီးလုပ်နေတာလို့ ငါးဖားလောင်းကပြောင်းပြန် သူခိုးကလူဟစ် ဟစ်ကြည့်တာပေါ့။ 

ဒီလထဲမှာကို မကွေးတိုင်းမှာ စစ်ခွေးတွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာရော၊ လူအစုလိုက် အပြုံလိုက် လေကြောင်းတိုက်ခိုက်သတ်ဖြတ်တာရောလုပ်ထားတာကို အရူးလက်မှတ်ကိုင်ပြီး အငြိုးအတေး မရှိစေရေး ထိခိုက်မှုနည်းအောင် ဆောင်ရွက်နေတာလို့ မကွေးမှာလာ မျက်နှာပြောင်တိုက်ပြောရင်း ဆင်သေကို ခွေးရေနဲ့ဖုံးချင်သေးတာ။ 

သဘက်ခေါင်းဆောင် ဘီးလူးနောင်မင်းအောင်လှိုင်က ၎င်းတို့အနေဖြင့်ဒဲ့၊ ဒါက စစ်သားအားလုံးအပြင် ဝန်ထမ်းအားလုံးပါ သူနဲ့တသားတည်းလိုလို တပြားတည်းရိုက်တာ၊ အမှုတွဲတာ၊ သေဖော်ညှိတာ။ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင်ဒဲ့၊ သူပြောတဲ့ မဲစာရင်းမှားလို့ လုပ်ရတဲ့ ဖမ်းဆီးနှိပ်စက်ထောင်သွင်းသတ်ဖြတ်မီးရှို့လက်နက်ကြီးထုဗုံးကြဲစစ်ကြောင်းထိုးတာတွေအပေါ်မှာ အာဃာတတရားများ၊ အငြိုးအတေးများ မရှိစေရေးအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိတယ်လို့ မကွေးမြို့တော်ခန်းမမှာ လက်အောက်ခံဌာနဆိုင်ရာများနဲ့ တွေ့တုန်း အပင်းထည့်သွားတာ။ ဌာနဆိုင်ရာတိုင်းက သူခိုင်းတာတွေလုပ်ရင်းလက်လွန်ကြက်သွန်တွေများလို့ ပီဒက်တွေက တွေ့ရာသင်္ချိုင်းဒါးမဆိုင်းကြိတ်ခံနေရလို့ ထိပ်ပြာလန့်ကြောက် ကြောင်ပျောက်နေချိန် ပေါကရတွေလာဖော တောဇာတ်တွေခင်း ဂျင်းထည့်အပင်းတိုက် ကြွက်သူခိုးရုပ်မပျောက်ဘဲ ကြောင်သူတော်ဇာတ်လမ်းရိုက်တာလေ။ ဘယ်လောက်ရိုက်ရိုက် မကြောက်လို့ရမလား၊ ကိုယ့်လုပ်ထားထားတာကိုယ်ကြည့်၊ ဗိုက်ကြီးသည်တောင် လင်ရှေ့ အဖေရှေ့မုဒိမ်းကျင့်ခဲ့တာလေ။ သူတောင် အစောင့်အရှောက်ဗရပွ၊ လမ်းရှင်းတပ်အပြည့်အသိပ်မှာ ကျည်ကာမှန်ကားနဲ့သွားတာတောင် ဂျန်မာမိုး ကျည်ကာအင်္ကျီနှစ်ထပ်နဲ့ လေးလဗိုက်ခါးပတ်ပတ်ထားရသေးတာလေ။ 

ဘာတဲ့၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ့လုံခြုံရေး စနစ်ကိုလည်း စနစ်တကျ ဆောင်ရွက်ရန်လိုသတဲ့။ ပြည်သူက သူ့ဘာသာ လုံခြုံပြီးသား၊ ဒမြတိုက်ခံရတာကို တာဝန်ရှိလူကြီးမင်းတဦးကလာမေးတဲ့ ရှေးကာတွန်းတပုဒ်ထဲကလို ဒမြတိုက်သွားတာလဲမောင်ရင်၊ ခုလာမေးတာလဲမောင်ရင်ဆိုတော့ ဘယ်လိုပြောရမလဲစဉ်းစားနေတာဆိုတာမျိုး၊ ဗိုလ်ကြီးတို့လာမှဘဲ ကျမတို့ရွာကလေး ပြာကျတော့တာဆိုတာမျိုးလေ။ ဒင်းအာဏာသိမ်းမှဘဲ သစ်ငုတ်က‌ ထွက်လာတဲ့အညွှန့်လေးကျိုးတော့တာ။ အဲသစ်ငုတ်ကလဲ သူတို့ဘဲခုတ်ဖြတ်ထင်းလုပ်ထားတဲ့ဟာ။ 

မတန်မရာတွေကလဲသုံးသွားသေး၊ အသိတရား၊ သတိတရားများဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှသာလျှင် ဒေသအလိုက် တည်ငြိမ်အေးချမ်းကာ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်တဲ့။ ရွှေဈေးဒေါ်လာဈေးမပြောနဲ့ ငပိဈေး ချဉ်ပေါင်ရွက်ဈေးတောင်ခေါင်ခိုက်၊ အမိုးအကာအောက်တိုက်တာပေါ်ကနေ အမိုးအကာမဲ့မြေပြင်ရောက်၊ ဆေးကုသခွင့်ပျောက် သောက်စရာဆေးမရှိ ကုရာနတ္ထိ၊ စားစရာမရှိ စိုက်လို့မရ၊ ထုတ်လုပ်နိုင်တာမရှိ လျှပ်စစ်ပျက်စက်ရုံအလုပ်ရုံပျက်၊ လုပ်ငန်းရှင်ပြန် အလုပ်လက်မဲ့၊ တက်စရာကျောင်းစစ်စခန်းလုပ် ကျောင်းပျောက်တပည့်ပျောက်ဆရာပျောက်၊ လူငယ်တွေမှန်သမျှ ပြည်ပပြေး မပြေးသေနတ်ကိုင် မကိုင်ခွေးဖြစ်၊ လူကခွေးအလုပ်လုပ်ရမယ့်ဥပဒေထုတ်ပြီး ယုတ်ကန်းချင်တိုင်းယုတ်ကန်းနေတဲ့ကောင်က အသိတွေ သတိတွေနဲ့ လိလိတွေ လာပြောသွားတာလေ။ 

ဒေသတည်ငြိမ်အေးချမ်းဖို့ မအေပေးနဲ့ သူ့ခွေးတွေက  ပြည်သူနေအိမ်ပေါင်း ၈၈,၃၇၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့၊ ရှို့နေတုန်း၊ ရှို့အုံးမှာ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာဘဲ အိမ်ပေါင်း ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခဲ့သေးတာ။ ဟော ဒီလဆို အိမ်တွေတင်မက ထိုင်ကိုယ်တော်ဘုရားရှင်ကြီးပါ ဘူဒိုဇာနဲ့ရိုက်ချိုးချပြီလေ။ အဲဒါကို မျက်နှာပြောင်တိုက်ချက်က ဘုရားကို ပါးရိုက်ပြီး ဘုရားစကား အသိ၊ သတိကို ခပ်တည်တည်ယူသုံးသွားသေတာ။ မဘသတွေတောင် အစက ဘုရားသားထင်နေ‌တာ၊ သူတို့အဖေဇက်ကျိုးသွားတာတောင် စုတ်တချက်မသပ်၊ တောက်တချက်မခေါက်တော့မှ ဘုရားကို ဖအေအငှားချထားမှန်း သိရတော့တာ။ 

ကလေးငယ်တွေအပေါ် အဘိုး အဘွားတွေအပေါ်တောင် မညှာမတာ ဗုံးကြဲသတ်ဖြတ်ဖြိုဖျက်နေတဲ့ကောင်က အငြိုးအတေးမရှိစေရေးတဲ့၊ ဘောနဲ့ ဘတ်ဘတ်ပဲ ရမယ် သရေကြိုးခွေးရေ။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar