ဝင်းမင်းခိုင် - သားပိုက်ကောင်
သားပိုက်ကောင်
ဝင်းမင်းခိုင်
(မိုးမခ) မေ ၂၉၊ ၂၀၂၄
"မုန်တိုင်းထဲကသစ်ရွက်လို" တဲ့
ဒါငါတို့ကိုရည်ညွှန်းတဲ့ဥပမာလား ငြင်းဆန်ရလိမ့်မယ်။
ထမီကျွတ်လို့လွှတ်လိုက်တယ်ဆိုတာနဲ့
မနိုင်လို့သည်းခံလိုက်ရတယ်ဆိုတဲ့ ဆင်ခြေတွေတောင်
ငါတို့ဆီဂိတ်ထိုးခွင့်မပေးခဲ့တာ သုံးနှစ်သုံးမိုးကြာခဲ့ပြီ။
ဟုတ်တယ်အချစ်
ငါတို့ကသစ်ရွက်တွေမဟုတ်ဖူး မုန်တိုင်းထဲက လင်းယုန်တွေ။
လက်နက်ကောင်းတွေပိုင်ဆိုင်မှုကသာ
အနိုင်အရှုံးကိုဆုံးဖြတ်တယ်ဆိုရင်လဲ
ငါငြင်းရအုံးမှာပဲ။
တူရိယာတွေစုံပေမယ့်တီးခတ်သူမရှိရင် ဂီတဟာအသေကောင်
လက်နက်ကောင်းတွေရှိပေမယ့်
ပစ်သူမရှိရင်
ကျည်ဆံဆိုတာ ပန်းနဲ့ပေါက်သလောက်တောင်နာကျင်အောင်မလုပ်နိုင်ဘူး။
ဟုတ်တယ်အချစ်
လူသားအရင်းမြစ်ခမ်းခြောက်သွားတဲ့အဖွဲ့စည်းဟာ
အဖွဲ့စည်းဆိုတဲ့အမည်နာမပျောက်ပျက်သွားရပြီး
ခုတ်အလှဲခံရတဲ့သစ်တောကြီးထဲက
တပင်ထဲကျန်တဲ့သစ်ခြောက်ပင်လို ရှင်သန်ရလိမ့်မယ်။
လာ အချစ်
သားပိုက်ကောင်ကသူ့ရင်သွေးကိုသယ်ဆောင်သလို
ယုံကြည်မှုကိုရင်အုပ်မကွာသယ်ဆောင်သွားခြင်းကသာ
မင်းနဲ့ငါ့ကြားကခိုင်မြဲတဲ့သစ္စာဖြစ်တယ်။ ။
၂၈.၅.၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar