Breaking News

နမ့်ခမ်းမြို့နယ်ထဲက TNLA က SSPP/SSA နဲ့ ပွတ်တိုက်မှု

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၈ မြင်ကွင်း

(မိုးမခ) မေ ၂၉၊ ၂၀၂၄

နမ့်ခမ်းမြို့နယ်ထဲက TNLA က SSPP/SSA နဲ့ ပွတ်တိုက်မှု

မေလ ၂၇ ရက်နေ့က နမ့်ခမ်းမြို့နယ် ထဲက မြို့နဲ့ ၂ မိုင်အကွာလောက်မှာ SSPP/SSA က ဖွင့်ထားတဲ့ ဂိတ်တခုကို TNLA တပ်ဖွဲ့ဝင်တွေက ဖိအားပေးပြီး နေရာပြောင်းရွှေ့စေခဲ့တယ်လို့ ရှမ်းသံတော် ဆင့် နဲ့ အခြားသတင်းဌာနတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။ ရှမ်းသံတော်ဆင့် သတင်းထဲမှာ ဖေါ်ပြထားရာမှာတော့ ရွှေလီမြစ်ကမ်း နဘေးမှာ ရှိတဲ့ ရှမ်းရွာ စုစုပေါင်း ၅ ရွာမှာ ရှိနေကြတဲ့ SSPP တပ် ဖွဲ့ဝင်တွေကို TNLA တပ်တွေကဝိုင်းပတ်ပိတ်ဆို့ပြီး လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားဖြင့်တင် ဆောင်ကာ မူဆယ်ဘက်ပို့ဆောင်လိုက်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ အခြားသတင်း ဌာနတခုက ဖော်ပြရာမှာတော့ အဆိုပါ ရှမ်းရွာတွေမှာ SSPP က ဧပြီလထဲရောက်ရှိလာပြီး အခွန် အကောက် ကောက်ခံတဲ့ ဂိတ်ဖွင့်လှစ်ထားတာကြောင့် TNLA က အခုလို ဖယ်ရှားတာလို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။ 

ဒီအဖြစ်အပျက်မတိုင်ခင် ယမန်နှစ်က ရှမ်းမြောက်ဒေသ မူဆယ် စယ်လန့်ကျေးရွာမှာ ကျေးရွာက ခေါင်းဆောင်တဦးကိုဓာတ်ပုံရိုက်ယူခြင်းကြောင့် TNLA က ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူကိုပြန်လွှတ်ပေးဖို့သွားရောက်တောင်းဆိုတဲ့ SSPP တပ်ဖွဲ့ဝင်တွေနဲ့ TNLA လက်နက်ကိုင်အဖွဲ့တွေ အပြန် အလှန်ပစ်ခတ်ပြီး နှစ်ဖက် သေဆုံးမှုတွေရှိခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ဖူးတာ ဖြစ်ပါတယ်။ 

အခုဖြစ်စဥ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား နယ်မြေထိန်းချုပ်မှု၊ အခွန်အကောက် ကောက်ခံမှု နဲ့ပတ်သက်တဲ့ ပွတ်တိုက်မှုတွေဖြစ်ပြီး အလားတူ ဖြစ်ရပ်တွေက တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေအကြား မကြာခဏဖြစ်ပွားနေတာ သတင်းတွေထဲ တွေ့ကြရမှာဖြစ်ပါတယ်။ နမ့်ဖတ်ကာ မှာ KIA နဲ့ TNLA တပ်ဖွဲ့တွေအကြား စစ်ဆေးရေးဂိတ်ကိစ္စတွေနဲ့ပတ်သက်ပြီး ဖြစ်ပွားတဲ့အဖြစ်အပျက်၊ ကွတ်ခိုင်မြို့က KIA ဆက်ဆံရေးရုံးကိုဖယ်ရှားခိုင်းတဲ့ကိစ္စ၊ ကွတ်ခိုင်မြို့က စိုက် ပျိုးရေးဌာနပိုင်ဝင်းကို နေရာယူကြရာမှာ TNLA နဲ့ MNDAA အဖွဲ့တို့အကြား ပွတ်တိုက်မှု၊ ခုရက် ပိုင်းမှာတင် SSPP/SSA နဲ့ RCSS တို့အကြားဖြစ်ပွားတဲ့ပွတ်တိုက်မှုတွေကို တွေ့ကြရပါတယ်။ 

ဒီလိုလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား ဖြစ်ပွားတဲ့ဖြစ်ရပ်တွေက သတင်းတွေထဲ ပါရှိကြပေမယ့် အရပ်သား ပြည်သူတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကပြုမူကြတဲ့ အချို့သောဖြစ်စဥ်တွေ၊ ဖြစ်ရပ်တွေက သတင်းမီဒီယာတွေထဲ မပါရှိကြတဲ့သဘောလို့လည်း မှန်းဆမိပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား ဘုံရန်သူအာဏာသိမ်းစစ်ကောင်စီရှိနေတဲ့ အချိန်၊ ဘုံရန်သူအင်အားကြီးမားချိန်မှာ အချင်းချင်းအကြား ပဋိပက္ခတွေနည်းပါးခဲ့သော်လည်း စစ်ကောင် စီရဲ့ထိန်းချုပ်ဧရိယာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလက်ထဲရောက်ရှိလာချိန်မှာ အဆိုပါနယ်မြေ ဒေသတွေရဲ့ အုပ်ချုပ်ခွင့်၊ အခွန်ကောက်ခံခွင့် နဲ့ စစ်သားစုဆောင်းရေး လို ကိစ္စရပ်တွေမှာ လက်နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြား ပွတ်တိုက်မှုတွေ စတင်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

နယ်မြေဒေသကို စိုးမိုးခြင်းဟာ အခွန်ကောက်ခံခွင့်၊ နယ်မြေထဲ ဖြတ်သန်းကာ သယ်ဆောင်တဲ့ ကုန်စည်တွေ အပေါ် အခွန်ကောက်ခံမှုတွေ၊ သယံဇာတထုတ်ယူရောင်းချရာမှာ ကောက်ခံရမယ့် အခွန်အခတွေနဲ့ ပတ်သက်လို့ တဖွဲ့နဲ့ တဖွဲ့အကြား အကျိုးစီးပွားချင်း ဆန့်ကျင်မှုတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေတိုင်းမှာ ရပ်တည်ရေးအတွက် ဘဏ္ဍာငွေ လိုအပ်တာ အမှန်ပင် ဖြစ်သော်လည်း ဘဏ္ဍာငွေရှာဖွေရာမှာ အခြားသော မိတ်ဖက် လက်နက်ကိုင် အဖွဲ့တွေနဲ့ အကျိုးစီးပွားပဋိပက္ခဖြစ်ပွားမှုတွေကိုဖြေရှင်းဖို့ အခြေခံမူဘောင်၊ အများသဘောတူလက်ခံထားတဲ့ အခြေခံစည်းမျဥ်းတွေက အရေးတကြီးလိုအပ်နေတဲ့သဘောလည်း ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်းရင်းသားလူမျိုးစုတွေ အစဥ်အဆက် ရောနှောနေထိုင်လာကြတာဖြစ်ပြီး အဆိုပါ ရောနှောနေထိုင်ကြတဲ့နယ်မြေတွေကို ဘယ်လူမျိုးစုနဲ့သက်ဆိုင်သလဲဆိုတဲ့ယူဆချက် ယုံကြည်မှုက အရေးကြီးတဲ့အချက်ဖြစ်လာနေတာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ အစဥ်အဆက်နေထိုင်ကြတဲ့ လူဦးရေအချိုးအစားနဲ့ ဆုံးဖြတ်မှာလား၊ သို့မဟုတ် လက်နက်ကိုင်တိုက်ပွဲတွေနဲ့ သိမ်းယူရရှိထားတဲ့အဖွဲ့က အုပ်ချုပ်ခွင့် ရှိမှာလားဆိုတဲ့ အငြင်းပွားစရာရှုထောင့်တွေရှိနေတာဖြစ်ပြီး လူမှုအဖွဲ့အစည်းသဘောသဘောဝအရ ဆယ်စုနှစ်အတော်များများကာလတွေအတွင်း အချိုးအစားတွေ သိသိသာသာ ပြောင်းလဲသွားတာမျိုးလည်း တွေ့မြင်နေကြရလို့ ဖြစ်ပါတယ်။ ဒါကြောင့် သမိုင်း ကြောင်းအစဥ်အလာအရ တချက်ထည်းမဟုတ်ဘဲ လက်ရှိအနေအထား အချို့သောအချိုးအစား ပြောင်းလဲမှုတွေက နိုင်ငံရေးရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့ကြတာမျိုးလည်း ထည့်သွင်းစဥ်းစားစရာ ရှိနိုင်ပါတယ်။ 

အခုလိုစတင်ဖြစ်ပွားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြားကပွတ်တိုက်မှု ဒီထက်ပိုမိုပြင်း ထန်တဲ့စကားလုံးနဲ့ဆိုရင် ပဋိပက္ခတွေကို လက်နက်ကိုင်တိုက်ခိုက်တဲ့နည်းနဲ့ ဖြေရှင်းခြင်းမပြုဘဲ ဆွေးနွေးညှိနှိုင်းခြင်းနဲ့ အဖြေရှာနိုင်ကြဖို့လည်း အရေးတကြီးလိုအပ်တာ ဖြစ်ပါတယ်။ အဲဒီလိုဖြေရှင်းနိုင်ဖို့ဆို အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအသိ၊ ရင့်ကျက်မှု၊ လက်နက်နဲ့ စစ်အင်အားကိုပဲ အားကိုးတဲ့ဖွဲ့အအမြင်မျိုးမဟုတ်ဘဲ တန်းတူညီမျှမှု၊ ငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်ရေး စတာတွေကို တန်ဖိုးထားတဲ့အစည်းတွေဖြစ်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

အဲဒီလိုမဟုတ်ခဲ့ရင် ခေတ်အဆက်ဆက် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်တိုက်ခိုက်ခြင်း နည်းလမ်းနဲ့သာဖြေရှင်းခဲ့ကြတဲ့သမိုင်းနောက်ခံနဲ့ လူမျိုးစုများစွာရှိတဲ့ မြန်မာနိုင်ငံလို နိုင်ငံမှာ ဖွံ့ဖြိုးတိုး တက်ရေးဆီ မတက်လှမ်းနိုင်ကြတော့ဘဲ စစ်ပွဲတွေ ဆက်လက်ရှိနေမယ့် အန္တရာယ်ရှိနေတာ အမှန်ပင် ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar