Breaking News

လူထု ခံစားနေကြရတဲ့ ဒုက္ခတွေ အဆိုးဆုံးအခြေအနေကို ကျော်လွန်ပြီလား

မြန်မာနွေဦး ခရိုနီကယ် - မေ ၁၀ မြင်ကွင်း

(မိုးမခ) မေ ၁၀၊ ၂၀၂၄

လူထု ခံစားနေကြရတဲ့ ဒုက္ခတွေ အဆိုးဆုံးအခြေအနေကို ကျော်လွန်ပြီလား

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ တဆင့်ပြီးတဆင့် အပြောင်းအလဲပေါင်းများစွာ ဖြစ်ပေါ်လာခဲ့တာ အားလုံး သိရှိကြပြီးဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန္ဒထုတ်ဖော်တဲ့နည်းလမ်း၊ အရပ်ဘက် ဌာနဆိုင်ရာ ပြည်သူဝန်ထမ်းတွေ၊ ရဲလို လက်နက်ကိုင် ဝန်ထမ်းတွေနဲ့ အနည်းငယ်မျှသော စစ်ဘက်ဝန်ထမ်းတွေ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ပေါ်ထွက်လာပြီး မြို့နဲ့ နယ်တွေ အနှံ့အပြား ဆန္ဒပြမှုတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နှိင်းဖြိုခွဲမှု၊ ပစ်ခတ်မှုတွေကို မြို့တွေမှာ ခုခံကာကွယ်ခဲ့ကြတာတွေက တဆင့် ၂ လ၊ ၃ လအကြာမှာတော့ တိုင်းရင်းသား လူမျိုးစုနယ်မြေတွေသာမက ဗမာလူမျိုးအများစု နေထိုင်ကြတဲ့ နယ်မြေတွေမှာပါ လက်နက်ကိုင်နည်းလမ်းနဲ့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားတုံ့ပြန်ကြဖို့ ခေါင်းဆောင်တွေကလည်း စည်းရုံးခဲ့သလို လူအများစုကလည်း အဲဒီနည်းလမ်းကသာ အမှန်ဆုံးလို့ ထောက်ခံအားပေးပြီး လူငယ်တွေ၊ လူ လတ်ပိုင်းတွေ လက်နက်ကိုင် အဖွဲ့တွေဆီ သင်တန်းယူဖို့၊ လက်နက်ရရှိဖို့ သွားရောက်ဆက်သွယ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတွေက ၂၀၂၁ ခုနှစ်ရဲ့ ဧပြီ၊ မေ၊ ဇွန်လနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေး ဦးတည်ရာလမ်းကြောင်း ဖြစ်ခဲ့တာပါ။ 

နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာကြမယ့် နည်းလမ်းကနေ စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲ့ကြပြီး  နဂိုကရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပြင် အသစ်အသစ်သော လက်နက် ကိုင်တပ်ဖွဲ့တွေ တနိုင်ငံလုံးအနှံ့အပြား ပေါ်ထွက်လာခဲ့ရာက ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းမှာ တနိုင်ငံလုံး လက်နက်ကိုင် တော်လှန်ကြဖို့ ဧပြီလမှာ ဖွဲ့စည်းခဲ့တဲ့ NUG အစိုးရက နှိုးဆော်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကတော့ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းစစ်ထဲကို စတင်ဝင်ရောက်ခဲ့တဲ့ အဆင့်ဖြစ်ပါတယ်။ စတင်ခါစမှာ လက်နက်တွေက တူမီးလို့ သေနတ်တွေ၊ လက်လုပ်ဗုံးတွေ အဆင့်ကနေ တနှစ်ပြီးတနှစ် မောင်းပြန်ရိုင်ဖယ် သေနတ်တွေ၊ ရောကက်လောင်ချာတွေ၊ လက်လုပ်နဲ့ စစ်ကောင်စီတပ်စခန်းတွေသိမ်းယူရာက ရတဲ့ စိန်ပြောင်းတွေအထိ တဆင့်ပြီးတဆင့် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ 

လက်နက်တပ်ဆင်နိုင်စွမ်းနဲ့ ပစ်ခတ်နိုင်စွမ်းက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း နှောင်းပိုင်းနဲ့ စာရင် အဆနဲ့ချီ မြင့်တက်လာခဲ့တာတွေ့ရမှာ ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ စစ်အာဏာ မသိမ်းမီကနဲ့ နှိုင်းယှဥ်ရင် တပ်ဖွဲ့ဝင်အင်အား သိသာစွာ များပြားလာခဲ့ပြီး လက်နက်တပ်ဆင် နိုင်ဖို့ တိုက်ပွဲတွေ စစ်ဆင်ရေးတွေမှာ လက်နက်ခဲယမ်း လုံလောက်စွာရှိဖို့ ဖြည့်တင်းရမယ့် အချက်ကိုသာ အာရုံစိုက်ဖြည့်ဆည်း ဖို့ ဖြစ်လာပါတယ်။ 

တပ်ဖွဲ့ဝင်အင်အား သိန်းနဲ့ချီရှိတဲ့စစ်ကောင်စီတပ်က အထင်သေးခဲ့တဲ့တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ချင်းရဲ့ အင်အားတွေ သိသိသာသာ မြင့်တက်ခဲ့သလို မြန်မာနိုင်ငံ ဒေသအများအပြားမှာ ဒေသအလိုက် LPDF တွေ ပေါ်ထွက်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ အထိုင်စခန်း၊ ကင်းစခန်း၊ လုံခြုံရေး ဂိတ်၊ မြို့တွေပေါ်က လုံခြုံရေးကင်းတွေကို တနှစ်တာပတ်လုံး မြို့ပြပြောက်ကျားတွေ၊ ကျေးလက်တွေက LPDF တွေက ချောင်းမြောင်းတိုက်ခိုက်တာ အလစ်အငိုက်တိုက်ခိုက်တာတွေနဲ့ စစ်ကောင်စီ တပ်တွေရဲ့ အင်အားယုတ်လျော့လာသလို တဖက်မှာလည်း ရပ်ရွာလူထုကို PDF တွေကို အားပေးထောက်ခံတဲ့ သူတွေလို့ စစ်ကောင်စီဘက်က သတ်မှတ်ပြီး ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ မရပ်ပေးတာနဲ့ ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ရပ်ပေါင်း ရာ၊ ထောင်ချီရှိနှင့်ပြီးဖြစ်ပါတယ်။ 

ပြည်သူလူထုတွေ အနေနဲ့ ညှင်းဆဲသတ်ဖြတ်ခံရတာ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရတာ၊ အသက်သေ ဆုံးတဲ့အထိ လက်လွန်ခြေလွန် စစ်ဆေးမေးမြန်းမှုတွေကိုလည်း တိုင်ကြားလို့မရမှန်း လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်း သဘောပေါက် နားလည်ခဲ့ကြပြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအထက်ပိုင်း ကရင်နီဒေသက ပြည်သူလူထု အနေနဲ့ စစ်ကြောင်းဝင်လာရင် ရွာကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ပိုင်ဆိုင်မှု ငွေကြေး၊ လက်ဝတ်လက်စား၊ မှတ်ပုံတင် လိုစာရွက်စာတမ်းတွေ အသင့်ထားပြီး တိမ်းရှောင်ခဲ့ကြရတာ အကြိမ်ကြိမ်ကြုံတွေ့နေကြရလို့ နေ့စဥ်ဘဝသဖွယ် ဖြစ်လာနေပါပြီ။ အချို့သောဒေသတွေကတော့ မိမိတို့မြို့၊ ရွာကို လနဲ့ချီ နှစ်နဲ့ချီ မပြန်နိုင်ကြတဲ့ သူတွေလည်းရှိကြတာ ဖြစ်ပါတယ်။ 

မိသားစုဝင်တွေထဲက သတ်ဖြတ်ခံရတဲ့ အဖြစ်အပျက်တွေမှာ စစ်ကောင်စီဘက်က သတ်ဖြတ်သည် ဖြစ်စေ၊ အရေအတွက် နည်းပါးသော်လည်း တချို့သော အခြေအနေတွေမှာ LPDF, PDF တွေ က သတ်ဖြတ်သည်ဖြစ်စေ ဘယ်အဖွဲ့အစည်းကိုမှ တိုင်ကြားလို့ မရတဲ့အခြေအနေတွေကိုလည်း ပြည်သူလူထုက သဘောပေါက် နားလည်ပြီး ဖြစ်ပါတယ်။ 

ဒီ ၃ နှစ်တာအတွင်း အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဆုံးရှုံးတဲ့ အဖြစ်တွေကိုလည်း စာမဖွဲ့နိုင်ကြတော့ပဲ ဒုက္ခသည်စခန်းတွေမှာ အလှူအကူအညီတွေကို လက်ခံစားသောက်ရတဲ့ အခြေအနေ၊ တနိုင်ငံလုံးက စစ်မက်ဖြစ်ပွားနေတဲ့အခြေအနေမျိုး၊ လက်နက်ကိုင် အဖွဲ့အသီးသီးက စစ်ရေးကြောင့်ဖြစ်စေ၊ ဖြတ်တောက်ပိတ်ဆို့လို၍ ဖြစ်စေ လမ်းတွေပိတ်ဆို့ ထားတဲ့အနေအထားမှာ ယခင်တုန်းက အခြေအနေတွေလို ပြည်သူအချင်းချင်း အကူအညီလည်း များများစားစား မရှိကြတော့တာကို သဘောပေါက် နားလည်လာကြပြီ ဖြစ်ပါတယ်။ 

နာဖျားမကျန်း ဖြစ်ရင်ဖြစ်စေ၊ သေကောင်ပေါင်းလဲ ဖြစ်ရင်ဖြစ်စေ နယ်တွေ၊ မြို့တွေမှာကုသနိုင်မယ့် ဆေးရုံတွေလည်း ဝန်ထမ်းတွေ မရှိတော့ကြောင့် လည်ပတ်နိုင်ခြင်းမရှိတော့ပဲ လက်နက်ကိုင်တပ်ဖွဲ့တွေက အရေးပေါ် တည်ထောင်ထားကြတဲ့ သို့မဟုတ် စေတနာ့ဝန်ထမ်း ထူထောင်ထားကြတဲ့ ရွေ့လျားဆေးခန်းတွေကို အားကိုးတဲ့အခါလည်း အားကိုးနေကြရတာ ဖြစ်ပါတယ်။ 

ပညာရေးလို့ ဆိုရင် စစ်ကောင်စီ ပညာရေးစနစ်ကို စီဒီအမ် အနေနဲ့ မတက်ကြတော့တဲ့ ဒေသတွေ၊ ဝန်ထမ်းတွေ မရှိတော့လို့ မဖွင့်လှစ်နိုင်တဲ့ ဖွင့်လှစ်ခဲ့ရင်တောင် နာမည်ခံဖွင့်လှစ်တာ အတန်းတင်တာသာဖြစ်ပြီး ကောင်းစွာ မသင်ကြားပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေတဲ့ အနေအထားတွေ အများအပြားရှိသလို လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ စာသင်ကျောင်းတွေ နှစ်နဲ့ချီ ပိတ်ထားခဲ့ကြရတဲ့ဒေသလည်း အများအပြားရှိနေပြီး မူလတန်း၊ အလယ်တန်းအရွယ် လူငယ်တွေလည်း စာ မသင်ယူနိုင်ကြတာ အများအပြားရှိနေပြီး အထက်တန်းနဲ့ တက္ကသိုလ်ပညာ သင်ယူတဲ့ လူငယ်အများအပြားက လက်နက်ကိုင် တော်လှန်ရေးတွေထဲရောက်ရှိသွားတာ သို့မဟုတ် ရွှေ့ ပြောင်းလုပ်သား ဖြစ်သွားတာလည်း အများအပြားရှိကြတာပါ။ 

ဒီလို အခြေအနေအောက်မှာ လူထုတွေအနေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေနဲ့ မိမိတို့ရဲ့ သက်မွေးဝမ်းကျောင်း၊ သားသမီးတွေ ရဲ့ပညာရေး၊ ကျန်းမာရေး ဆေးကုသနိုင်တဲ့အခွင့်အလမ်းတွေဆုံးရှုံးနေကြရသလို ဒီစစ်ပွဲတွေ ဘယ်အချိန်မှာပြီးဆုံးမလဲ၊ သို့မဟုတ် တော်လှန်ရေး ဘယ် တော့အောင်မြင်မလဲ ဆိုတဲ့ မျှော်လင့်ချက်က ရေရေရာရာ မပြောနိုင်သေးတဲ့ အနေအထား ဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်တွေ ပြည့်ဝဖို့ အဆိုးဆုံးအခြေအနေတွေကျော်လွန်ဖို့ အတွက်၊ စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုတွေဘက်မှာ ဘုံသဘောတူညီမှု၊ ပူးပေါင်းလုပ်ဆောင်မှု ရှိနေဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ 

ဒီလို ဘုံသဘောတူညီမှု နဲ့ ပူးပေါင်းလုပ်ဆောင်မှု ဘယ်လောက်ရှိနေပြီလဲလို့ ဆန်းစစ်ကြည့်ရင် လုံလောက်တဲ့ ပမာဏ မရှိသေးဘူးလို့ အကဲဖြတ်ရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေအကြား မတူတဲ့အကျိုးစီးပွားတွေ၊ တခုနဲ့တခု ဆန့်ကျင် ဘက်ဖြစ်နိုင်တဲ့အကျိုးစီးပွားတွေကြောင့် စစ်အာဏာရှင် စနစ်ဖယ်ရှားရေး အချိန်ကြာမြင့်နိုင်ခြေ တနည်းအားဖြင့်ဆိုရရင် လူထုအနေနဲ့ ခံစားနေရတဲ့ ဒုက္ခတွေ တာရှည်နိုင်တာလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar