Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၇ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၈၇ )

(မိုးမခ) မေ ၁၁ ၊ ၂၀၂၄

11/5/24

Diary in the darkness 

မိုးနည်းနည်းရွာ။ အပူချိန်သိသိသာသာ ကျသွားတယ်။ မီးပျက်ချိန် ပိုများလာ။ တရက်ကို ၈ နာရီလောက်သာ မီးပေးနိုင်တော့တယ်။ အိမ်တိုင်း၊ လူတိုင်း အခက်အခဲဖြစ်နေ။ 

အပူလှိုင်းဖြတ်ပြီးနောက် ခြင်တွေ သိသိသာသာ လျော့နည်းသွားတယ်။ အိမ်ရှေ့မြောင်းထဲမှာ ဒေါင်းငါးကလေးတွေ ပြန်တွေ့ရတယ်။ 

အုပ်ကြီးတွေ အသတ်ခံရတဲ့သတင်း၊ စစ်ကောင်စီတပ်သားတွေ လက်နက်ချတဲ့ သတင်း၊ စစ်ကောင်စီတပ်သားတွေက ရွာတွေကို မီးရှို့တဲ့သတင်း၊ ကချင်နဲ့ ရခိုင်မှာ စစ်ကောင်စီစခန်းတွေ တခုပြီးတခု ကျရှုံးနေတဲ့သတင်းတွေ အွန်လိုင်းပေါ်မှာ မမြင်ချင် အဆုံးပါပဲ။ 

မိုးကုတ် ကုန်သည်တယောက် ပြောတာက စစ်ရှောင်ဒုက္ခသည်တွေ ဖောင်တော်ဦးဘုရားပေါ် ရောက်နေကြတယ်တဲ့။ အဲဒီမှာလည်း တိုက်ပွဲတွေ ဖြစ်နေပုံရတယ်။ စစ်ကောင်စီတပ်တွေ လားရှိုးမှာ စစ်ပြင်နေတယ်။ လူသူ လက်နက်စုဆောင်းနေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ 

ကရင် ဒေါနတောင်တန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ စစ်ကောင်စီတပ်တွေ မြဝတီကို တောလမ်းတွေကတဆင့် ချဉ်းကပ်နေတယ်လို့ သတင်းတွေ တက်နေတယ်။ စောချစ်သူအဖွဲ့တွေက စစ်ကောင်စီတပ်တွေကို အကူညီပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ လည်း ထွက်ပေါ်နေတယ်။ 

NUG ကတော့ စစ်ကောင်စီတပ်ဟာ နိုင်ငံရေးက စွန့်ခွာမှသာ အပစ်ရပ်ရေး ဆွေနွေးနိုင်မယ်လို့ ကြေညာထားတယ်။ ကမ္ဘောဒီးယားက ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းက တွေ့ခွင့်တောင်းတာကို စစ်ကောင်စီက ပယ်ချတယ်။ တနည်းအားဖြင့် ဒါဟာ လက်နက်ကိုင် တော်လှန်ရေးကို ဒေါ်အောင်ဆန်းစုကြည်က မကန့်ကွက်ဘူး ဆိုတာ ဖော်ပြနေတာပါပဲ။ 

NUG အတွင်းက အရည်အချင်းမပြည့်မီဘဲ ထိပ်တန်းနေရာ ရယူထားသူတွေကို တော်လှန်ရေးထောက်ခံသူတွေက အားမလိုအားမရဖြစ်ပြီး ဝေဖန်သံတွေ ထွက်လာတယ်။ NUG ကို မျက်စိမှိတ်ထောက်ခံနေသူတွေကလည်း ဝေဖန်သူတွေကို တတိယအုပ်စုလို့ စွပ်စွဲပြီး ပြန်လည်တိုက်ခိုက်တယ်။ စစ်ကောင်စီကို တိုက်ခိုက်ဖို့ထက် အချင်းချင်း တိုက်ခိုက်ဖို့ ပိုမို အားစိုက်လာတယ်။ အပေါ်စီးရဖို့ ၊ လက်ဦးမှုရဖို့ ပိုမို အားထုတ်လာတယ်။ 

NUGဟာ ကျစ်ကျစ်လျစ်လျစ် ဖွဲ့စည်းခွင့်မသာတဲ့ NLD အာဏာရပါတီကနေ လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေ ဦးဆောင်ရတဲ့ ပါတီဖြစ်လာတာမို့ အားနည်းချက်တွေ အများကြီးပါ။ ဒါကိုသိပေမယ့် အားနည်းချက်တွေကို တိုက်ရင်း ပြုပြင်၊ ပြုပြင်ရင်းတိုက် ဆိုတဲ့ လမ်းကြောင်ပေါ် ဒယိမ်းဒယိုင် လျှောက်နေရသူပါ။ ကျွန်တော်တို့ ပြည်သူတွေကတော့ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ NUG ကို တည့်တည့်မတ်မတ် လျှောက်လှမ်းနိုင်အောင် ကူညီထောက်ပံ့ရုံမှတပါး အခြားနည်းလမ်း မမြင်သေးပါဘူး။

ပြီးပြည့်စုံတဲ့ ပါတီ၊ ပြီးပြည့်စုံတဲ့ တော်လှန်ရေးတပ်တော်ကြီးဖြစ်မှ တော်လှန်ရေးကို စတင်ရမှာမဟုတ်ပါဘူး။ တော်လှန်ရေးပါတီ၊ တော်လှန်ရေးတပ်တော်ဟာ တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တိုက်ရတာ သဘာဝပါ။ ခေါင်းဆောင်တွေရဲ့ ထက်မြက်တဲ့ စွမ်းရည်နဲ့ ပြည်သူတွေရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေကသာ အောင်ပွဲကို ဦးဆောင်သွားမှာပါ။ 

ရန်သူရဲ့ လုပ်ရပ်အမှားတွေကို ကျွန်တော်တို့ရဲ့ လုပ်ရပ်အမှန်တွေနဲ့ ဖြိုခွင်းနိုင်မှသာ ပန်းတိုင်ကိုရောက်မှာပါ။ 

လွန်ခဲ့တဲ့ သုံးနှစ်က "သေရဲတဲ့ ကောင်ထွက်ခဲ့" လို့ စိမ်ခေါ်ခံရတဲ့ပြည်သူတွေဟာ "မင်းတို့ အလံဖြူထောင်ပြီးထွက်ခဲ့" လို့ စစ်ကောင်စီတပ်တွေကို ပြန်လည် သတိပေးနိုင်တဲ့ အခြေအနေကို ရောက်နေပါပြီ။ 

အန်ကယ် တူမီး

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar