Breaking News

ကျပ်ငွေတန်ဖိုး ကျဆင်းတာရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်


မြန်မာနွေဦး ခရိုနီကယ် - မေ ၂၉ မြင်ကွင်း

(မိုးမခ) မေ ၃၀၊ ၂၀၂၄

ကျပ်ငွေတန်ဖိုး ကျဆင်းတာရဲ့ အကြောင်းရင်းနဲ့ အကျိုးဆက်

မကြာသေးခင် သီတင်းပတ်တွေက တဒေါ်လာ ကျပ် ၃၈၀၀ ဝန်းကျင်မှာ ငွေလဲနှုန်းရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲနှုန်း နေ့အလိုက် မနက်နဲ့ ညနေခင်းတောင် သိသိသာသာ လဲလှယ်နှုန်း ပြောင်းလဲခဲ့ကာ မေလ ၂၉ ရက်နေ့ မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၄၈၀၀ လောက်ထိ ရောက်ရှိခဲ့တယ်လို့ သတင်းတွေမှာ တွေ့နေရတာပါ။ ကျပ်ငွေ တန်ဖိုး ကျတာနဲ့အတူ ရွှေစျေးကလည်း သိသိသာသာ မြင့်တက်လာနေပြီး တကျပ်သားကို ၅၈ သိန်းလောက်ထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ဆက်စပ်မှုအများဆုံးလို့ဆိုနိုင်တဲ့ ထိုင်းဘတ်ငွေနဲ့ မြန်မာကျပ်ငွေ လဲနှုန်းကလည်း မကြာသေးခင်က မြန်မာ ကျပ် ၁ သိန်းကို ထိုင်းဘတ် ၉၅၀ လောက်ရှိရာက အခု အခါ ၁ သိန်းကို ၈၀၀ ကျော်ဝန်းကျင် အထိထိုးကျခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံက မိသားစုတွေဆီ ငွေပို့သူတွေအဖို့ မြန်မာကျပ်ငွေနဲ့ ယခင်ထက်ပိုပြီး ရတယ်လို့  ထင်ရပေမယ့် မြန်မာနိုင်ငံထဲမှာ ကျပ်ငွေနဲ့ သုံးစွဲနေရသူတွေအဖို့ ငွေလဲနှုန်းအရ ပိုရလာတာ ဝမ်းသာစရာလိုဖြစ်ကောင်း ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံထဲမှာ ဒီနေ့နဲ့ မနက်ဖြန်၊  မနက်နဲ့ ည မတူလောက်အောင် ကုန်စျေးနှုန်းတွေ ပြောင်းလဲနေတာကြောင့် တဖက်မှာ ငွေလဲနှုန်းက ပိုလာတဲ့ ပမာဏထက် မြင့်တက်သွားတဲ့စျေးနှုန်းတွေက များကောင်း များနေမှာပါ။ 

လတ်တလော ကျပ်ငွေတန်ဖိုးကျတဲ့ ကိစ္စမဖြစ်ခင် လက်ဖက်ရည် တခွက်ကို ကျပ် ၁၀၀၀ ရှိခဲ့ရာက ခုရက်ပိုင်းမှာ ၁၂၀၀ ကျပ် ဖြစ်သွားတယ်လို့ နေပြည်တော်က မြို့ခံတဦးက ပြောပါတယ်။ ပြည်ပက တင်သွင်းရတဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ အခြားကုန်ပစ္စည်းရောင်းချသူတွေလည်း ငွေ‌ဈေးနှုန်း အပြောင်းအလဲ မြန်ဆန်လွန်းတာကြောင့် အရောင်းပိတ်ထားတာ၊ သို့မဟုတ် အနည်းအကျဥ်းပဲ ရောင်းပြီး ထိန်းထားတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုကြပါတယ်။ 

ရွှေစျေး တကျပ်သားကို ၁၀ သိန်းလောက် မြင့်တက်သွားတာ ရွှေ ဝယ်စရာ အကြောင်းမရှိလို့ အရေးမကြီးဘူးလို့ ဆိုကောင်းဆိုနိုင်ပေမယ့် နေ့စဥ် စားသောက်နေရတဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ မကျန်းမမာဖြစ်ရင် ဝယ်ယူရမယ့် ဆေးဝါး‌ဈေးတွေကငွေလဲနှုန်းနဲ့ ဆက်စပ်နေတာကြောင့် မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့ တိုက်ရိုက်သက်ရောက်မှုရှိနေတာ ဖြစ်ပါတယ်။ 

ဘာကြောင့် အခုလို ကျပ်ငွေတန်ဖိုး ရုတ်တရက်ကျဆင်းရတာလဲလို့မေးရင် မြန်မာနိုင်ငံလို အချက် အလက် ကိန်းဂဏန်းတွေရဖို့မလွယ်ကူတဲ့ နိုင်ငံအဖို့ ဘောဂဗေဒ သဘောတရားတွေ၊ အချက် အလက်တွေနဲ့သက်သေပြဖို့ ခက်ခဲပြီး အစိုးရနေရာကို ရယူထားဆဲ စစ်ကောင်စီ အနေနဲ့လည်း ဥပဒေနဲ့အညီ အာဏာရလာတဲ့ အစိုးရမဟုတ်သလို၊ ငွေကြေး ရိုက်ထုတ်မှုနဲ့ နိုင်ငံခြားငွေ သုံးစွဲမှုတွေကို တာဝန်ခံစရာမလိုတဲ့ အနေအထားမို့လို့ ရနိုင်သမျှ အချက်အလက်နဲ့ မှန်းဆတွက်ချက်ကြည့် ရတဲ့ အနေအထားမျိုးသာ ဖြစ်နိုင်ခြေရှိနေတာပါ။ 

စစ်ကောင်စီ အနေနဲ့ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံခြားငွေ ဘယ်လောက် လက်ဝယ်ရှိပြီး ဘယ်လို သုံးသလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့်လည်း စစ်ပွဲတွေမှာ အသုံးပြုဖို့ လက်နက်ခဲယမ်းတွေ၊ လေယာဥ်ဆီတွေ အစရှိတဲ့ ပစ္စည်းတွေကို နိုင်ငံခြားငွေနဲ့ ဝယ်ယူရတာ ဖြစ်ပြီး သုံးစွဲတဲ့ပမာဏကိုလည်း ဘယ်သူမှ မေးမြန်းခွင့် စစ်ဆေးခွင့် မရှိတော့တဲ့ အနေအထား တာဝန်ခံစရာ မလိုတော့တဲ့ အနေအထားမျိုး ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါက စစ်ကောင်စီဘက်က စစ်စရိတ် သုံးစွဲကြတာ ဖြစ်ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ERO တွေ၊ PDF တွေအနေနဲ့လည်း လက်နက်နဲ့ခဲယမ်းတွေအတွက် တရားမဝင်မှောင်ခိုစျေးကွက် သော်လည်း ကောင်း ပြည်ပက တင်သွင်းလာတဲ့ပစ္စည်းတွေကို ဝယ်ယူသုံးစွဲကြရတာဖြစ်လို့ မြန်မာနိုင်ငံ တနိုင်ငံလုံးအနေနဲ့ စစ်စရိတ် သုံးစွဲငွေ ပမာဏက တနှစ်ထက် တနှစ် မြင့်တက်လာနေတယ်လို့ မှန်းဆနိုင်ပါတယ်။ စစ်ပွဲတွေအရှိန်မြင့်တက်လာနေတာနဲ့အမျှ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလို စီးပွား ရေးကုန်ထုတ်လုပ်မှုက အောက်ကိုထိုးကျနေချိန်မှာ တဖက်မှာ စစ်ပွဲတွေရဲ့ အသုံးစရိတ်အတွက် နိုင်ငံခြားငွေ ပိုပြီးလိုအပ်လာနေတာဖြစ်လို့ မြန်မာကျပ်ငွေတန်ဖိုးကျရတဲ့အကြောင်းအချက်တွေအနက် စစ်ပွဲကုန်ကျစရိတ် အဓိကကျတဲ့အကြောင်းတချက် ဖြစ်လိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။ 

နောက်အကြောင်းတချက်က ပြည်တွင်းမှာ မတည်မငြိမ်ဖြစ်လာတာနဲ့အမျှ ပြည်တွင်းက လူလတ်တန်းစားအလွှာနဲ့ အထက်လွှာတွေက သူတွေအနေနဲ့ ကာလတခုထိ ပြည်ပမှာနေထိုင်ပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ၊ ထိန်းချုပ်မနိုင်တဲ့ရာဇဝတ်မှုတွေကနေလွတ်ကင်းဖို့ရာ မိမိတို့နေအိမ်၊ ကား၊ မြန်မာကျပ်ငွေ စတဲ့ ပိုင်ဆိုင်မှုတွေနဲ့ အချို့က စီးပွားရေးလုပ်ငန်းတွေကိုပါရောင်းချပြီး ပြည်ပကို ယာယီရွှေ့ပြောင်းကြတဲ့အကြောင်းရင်းကလည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းစေတဲ့ အဓိက အကြောင်းတချက် ဖြစ်နိုင်ပါတယ်။ 

စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းပြီးနောက်မှာ သားသမီးတွေကို အခုလို ကျွန်ဝယ်ရာ အဆစ်ပါ မခံစေလိုတာကြောင့် ပြည်ပမှာ ကာလတခုထိ တိမ်းရှောင်နေထိုင်စေတဲ့သူတွေလည်း ပတ် ဝန်းကျင်မှာတွေ့မြင်နေရပြီး ဒီလို ပြည်ပကိုယာယီရွှေ့ပြောင်း အခြေချခြင်းကြောင့်လည်း မြန်မာကျပ်ငွေ တန်ဖိုး လျင်မြန်စွာကျဆင်းနိုင်တဲ့သဘောဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကနေ ပြည်ပကိုထုတ်ယူသွားတဲ့ ငွေကြေးပမာဏ ဘယ်လောက်ရှိသလဲဆိုတာဘယ်သူမှ မသိရှိနိုင်သော်လည်း ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူမှုနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းမှာ ၂၀၂၄ ခုနှစ် ပထမ ၃ လပတ် (ဇန်နဝါရီမှ မတ်လ) အတွင်း မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းတွေ ဒေါ်လာသန်း ၆၀ ကျော်ဖိုးဝယ်ယူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ 

ဒီကိန်းဂဏန်းကို ကြည့်ရင် ထိုင်းနိုင်ငံတနိုင်ငံထဲမှာ အခြေပစ္စည်း ကွန်ဒိုဝယ်ယူမှု ပမာဏဖြစ်ပြီး အခြေပစ္စည်းမဟုတ်တဲ့ငွေကြေးအဖြစ်နဲ့ ပြည်ပကိုလွှဲပြောင်းမှုတွေပါတွက်ချက်ရင် ဒီထက် ပမာဏ အများကြီး ရှိနေမှာ သေချာတဲ့အချက် ဖြစ်ပါတယ်။ ပြည်ပကို ငွေရွှေ့ပြောင်းကြရာမှာ တရားဝင် ငွေလဲလှယ်ကြတာထက် တရားမဝင် နည်းလမ်း ဖြစ်တဲ့ ဟွန်ဒီတွေနဲ့ ရွှေ့ပြောင်းကြတာ ဖြစ်လို့ ဘယ်ရွေ့ဘယ်မျှ ပမာဏရှိတယ်ဆိုတာ လက်ဆုပ်လက်ကိုင်နဲ့ အကြောင်းရင်းကို ပြသဖို့တော့ ခက်ခဲပါတယ်။ 

နောက်တချက်ကတော့ စစ်ပွဲတွေ၊ စီမံခန့်ခွဲမှု အလွဲတွေ၊ မူဝါဒ အမှားတွေကြောင့် ပြည်တွင်း ကုန် ထုတ်လုပ်မှုကျဆင်းလာနေပြီး ပြည်ပက ရရှိမယ့် နိုင်ငံခြားငွေ သိသိသာသာ လျော့နည်းလာနေတာ ဖြစ်ပါတယ်။ လုပ်ခစားအထည်ချုပ်လုပ်ငန်းတို့လို  လုပ်ငန်းတွေအနေနဲ့ လျှပ်စစ်မီး မရရှိတာ၊ လုပ်သားအင်အားမတည်မငြိမ်ဖြစ်တာတွေကြောင့် ထုတ်လုပ်မှု သိသိသာသာကျဆင်းနေပြီး စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ အသီးအနှံတွေလည်း ထွက်ရှိရာဒေသတွေမှာ စစ်ဖြစ်နေတာ၊ တနေရာနဲ့တနေရာ ကူးသန်းသွားလာတဲ့ လမ်းတွေပိတ်ဆို့ခံထားရတာတွေကြောင့် သိသာစွာကျဆင်းလာနေပြီး တရုတ်၊ ထိုင်းနယ်စပ်ကုန်သွယ်ရေးတွေမှာ မြန်မာနိုင်ငံဘက်က တင်ပို့နိုင်တာထက် မြန်မာဘက်ကိုတင်သွင်းတာက ယခင်ထက်ပိုမိုမြင့်တက်လာနေတာ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် ကုန်သွယ်ရေးလိုငွေက ပိုမိုမြင့်မားလာနေပြီး မြန်မာကျပ်ငွေတန်ဖိုးကျစေဖို့ ဖြည့် ဆည်းပေးတဲ့အကြောင်းအချက်တွေ ဖြစ်ပါတယ်။

ဒီအကြောင်းတွေကြောင့် ခံစားနေရတဲ့ကုန်စျေးနှုန်း ကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုစတဲ့ အကျိုး ဆက်တွေကို ပြည်တွင်းက လူထုအနေနဲ့ ခံစားနေကြရတာ ဖြစ်ပြီး အဆိုးဆုံးခံစားရသူတွေက လုပ်ခစား လက်ခစား ပုဂ္ဂလိက စက်ရုံလုပ်သားလို ဝန်ထမ်းတွေ ဖြစ်ပါတယ်။ အနိမ့်ဆုံးလုပ်ခလစာက တရက်ကို ၅၈၀၀ ကျပ်သာ သတ်မှတ်ထားတာကြောင့် တရက်လုပ်အားခက ဆန် ၁ ပြည်ဖိုးတောင် မပြည့်တဲ့ ပမာဏဖြစ်ပြီး နေ့ချင်း ညချင်း မြင့်တက်နေတဲ့ ကုန်စျေးနှုန်း၊ သွားလာစရိတ်တွေနဲ့ ဘယ်လိုမှ ကောင်းမွန်စွာ အသက်ရှင်သန် စားသောက်ဖို့ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။ အဘက်ဘက်က ကျဆင်းနေတဲ့ စီးပွားရေးနဲ့ တန်ဖိုးကျနေတဲ့ မြန်မာကျပ်ငွေတို့ရဲ့ ဖိအားကြောင့် မြန်မာနိုင်ငံက ပြည်သူတွေ အနေနဲ့ အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ် လူရွယ်တွေ ပြည်ပကို ထွက်ခွာကြတဲ့ နည်းလမ်းက ပိုမိုရေပန်းစားလာနိုင်ပြီး မြန်မာ့စီးပွားရေးကဏ္ဍက မကြာခင် ကျရှုံးတဲ့အဆင့်ကို ရောက်ရှိသွားမလား ဆိုတဲ့အထိ စိုးရိမ်စရာတွေ ရှိနေပြီ ဖြစ်ပါတော့တယ်။

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar