Breaking News

ကောင်းဇေလူ - တရုတ်နိုင်ငံက မြန်မာ့ တည်ငြိမ်ရေး ဦးစားပေးဖို့ လိုသတဲ့လား? ဟွန်ဆန်နဲ့ သက်ဆင်ရှင်နာဝပ် ဘယ်လဲ ဘာလဲ?


တရုတ်နိုင်ငံက မြန်မာ့ တည်ငြိမ်ရေး ဦးစားပေးဖို့ 

လိုသတဲ့လား? 

ဟွန်ဆန်နဲ့ သက်ဆင်ရှင်နာဝပ် ဘယ်လဲ ဘာလဲ?

ကောင်းဇေလူ 

(မိုးမခ) မေ ၁၁ ၊ ၂၀၂၄

မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ တရုတ်နဲ့ အိန္ဒိယနိုင်ငံ နှစ်ခုအကြား ရောက်ရှိနေခြင်းဟာ ပြင် ဆင်လို့မရနိုင်တဲ့ကံခေမှုလို့ ဆိုရပေလိမ့်မယ်။ တရုတ်အစိုးရရဲ့ မြန်မာ့အရေး ရပ်တည်ချက်က ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအောက် ပြန်လည်တွန်းပို့ရေးပါပဲ။ သူ့ကိုယ်ကျိုးစီးပွားအတွက် မင်းအောင် လှိုင်စစ်အုပ်စု သက်ဆိုးရှည်ရေးကို နည်းအမျိုးမျိုးနဲ့ ပံ့ပိုးနေတာကို မြန်မာနိုင်ငံသား အများစုက သိနေကြပါတယ်။ အာဆီယံကလည်း မရေရာ မသေချာတဲ့ အာဆီယံမူ ၅ ချက်ကို ဖက်တွယ်ထားဆဲဖြစ်ပြီး စစ်အာဏာရှင်စနစ် ကျားသေကို ပြန်အသက်သွင်းရေး ထောက်ခံနေဆဲပါပဲ။ 

လိုရင်းပြောရရင် တရုတ်နဲ့ အာဆီယံဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး နွေဦးတော်လှန်ရေးကို သေးသိမ်အောင်လုပ်နေတယ်။ တရုတ်ဟာ  မြန်မာ့သယံဇာတ အရင်း အမြစ်တွေကို လက်တဆုံးနှိုက်စားကြဖို့သာ စိတ်ဝင်စားနေတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ တည်ငြိမ်ရေးကို ဦးစားပေးဖို့လိုတယ်လို့ အသံကောင်းဟစ်နေပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကိုမျက်ကွယ်ပြုပြီး မြန်မာစစ်တပ်ကို စစ်လက်နက်ပေးပို့ကူညီနေဆဲ ဖြစ်တယ်။  

လတ်တလောမှာ တိုက်ပွဲတိုင်း ခွက်ခွက်လန်အောင် စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်အတွက် တရုတ်က နည်းပညာမြင့် ဒရုန်းတွေ ရောင်းချလေ့ကျင့်ပေး‌နေ‌ကြောင်း သတင်းတွေ ကြားလာရတယ်။ တရုတ်-ရုရှားတို့က စကစကို စစ်လက်နက် အပါအ၀င် ဒရုန်းနည်းပညာ ပံ့ပိုးနေမှုတွေကြောင့် စစ်ပွဲတာရှည်သွားနိုင်တာကို တော်လှန်ရေးဘက်တော်သားတွေ အထူးသတိထားရပေလိမ့်မယ်။

လက်ရှိ ဈေးကွက်အတွင်းက ကုန်‌ဈေးနှုန်းသတင်းတွေအရ ဒေါ်လာစျေး အမေရိကန် တစ်ဒေါ်လာလျှင် ၃၈၀၀ မှ ၄၀၀၀ ကျပ်အကြား ဈေးပေါက်နေကြောင်း သိရတယ်။ ရောင်းသူထက် ဝယ်လိုသူက ပိုများနေတဲ့ အခြေအနေ ဖြစ်တယ်။ အခေါက်ရွှေ တစ်ကျပ်သား ၃၈/၄၀ သိန်း အထိစျေးဖြစ်ခဲ့ကြောင်း မီဒီယာသတင်းတွေမှာ ဖော်ပြတယ်။ ဒီဖြစ်စဉ်အရ ကျရှုံးနိုင်ငံ (Failed state) အဖြစ်ကျရောက်တော့မယ့် လက္ခဏာ ဖြစ်တယ်။ ဓာတ်ငွေ့နဲ့ လောင်စာဆီ၊ စားသုံးဆီ၊ လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် အစရှိတဲ့ အခြေခံလိုအပ်ချက်တွေ ကသောင်းကနင်း စဖြစ်နေတာ တွေ့နေရတယ်။ ပြည်သူအများ နေ့စဉ်ဘဝတွေအတွက် စိုးရိမ်သောက ရောက်နေကြရတာ မြင်နေရတယ်။ လုယက်မှု၊ ဖောက်ထွင်းမှု၊ ဓားပြတိုက်မှု၊ ခိုးမှု၊ ခါးပိုက်နှိုက်မှုတွေက လူတိုင်းရဲ့ ပတ်ဝန်ကျင်မှာ ဖြစ်ပွားနေပေမယ့် အရေးယူမယ့်သူမရှိ ဖြစ်နေတယ်။ ဥပဒေမဏ္ဍိုင် ပြိုလဲနေတဲ့သဘော ဖြစ်တယ်။ ပြည်တွင်း စစ်ဘေးရှောင် အိုးအိမ်မဲ့ (IDP) လူဦးရေက သုံးသန်းကျော်နေပြီ ဖြစ်တယ်။ 

မင်းအောင်လှိုင် စစ်အာဏာတည်မြဲရေးကို ကူညီခြင်းအားဖြင့် တရုတ်-မြန်မာ စီပွားရေးစင်္ကြံ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း အပါအဝင် တရုတ်ရဲ့ မဟာဗျူဟာစီးပွားရေးစီမံကိန်းတွေ အမြန်ပြန်စနိုင်ရေး လုံးပန်းနေတယ်။ ဒီအခင်း အကျင်းအရ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေနဲ့ ဆက်စပ်ပြီး စီးပွားရေး ဩဇာချဲ့ထွင်နိုင်ရေးကို တရုတ်တို့ အားထုတ်နေပုံပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပထဝီနိုင်ငံရေး အခင်း အကျင်းဟာ တရုတ်ပြည်အတွက် အခွင့်ကောင်းဖြစ်တယ်လို့ တွက်ဆထားပုံရတယ်။ မြန်မာပြည်အတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် မြန်မာပြည်ကို ဖြတ်သန်း ဆက်သွယ်ထားသည့် တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးအတွက် မြန်မာပြည်တည်ငြိမ်ရေးကို တရုတ်က လို လားနေတာ ဖြစ်တယ်။ တရုတ်က မြန်မာ့နိုင်ငံရေးပဋိပက္ခကိုဖြေရှင်းရေးအတွက် ဆွေးနွေးအဖြေရှာဖို့လိုလား‌နေသော်လည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုများ စစ်ရာဇဝတ်မှုများ အလွန်အကျွံကျူးလွန်လာမှုများကြောင့် နိုင်ငံရေးနည်းအရ အဖြေထုတ်မရနိုင်တော့။ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်ရေးလို့အကြောင်းပြပြီး မူလအခြေအနေ(Status quo)ဆီ ပြန်သွားကြဖို့ တောက်လျှောက် တိုက်တွန်းနေတယ်။ မြေပြင်အခြေအနေအရ လတ်တလော ညီနောင် ၃ ဖွဲ့ကို အပစ်ရပ်ရေး ဖိအားပေးထားတဲ့သဘောမှာ အကြမ်းဖက်စစ်တပ်ပြိုလဲမယ့်အရေးကိုအကာအကွယ်ပေးလိုတာကြောင့် ဖြစ်တယ်။ အကြမ်းဖက် စစ်တပ်နဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့မူနဲ့ တရုတ်က မြန်မာ့အရေးကို ရွှေပြည်အေးတရားဟောနေတာ ဖြစ်တယ်။ ဒါပေမဲ့ မင်းအောင်လှိုင်ရဲ့ ပြည်သူလူထုအပေါ်  ဖြတ် ၄ ဖြတ်လုပ်၊ အကြမ်းဖက်၊ လုယက်၊ လူသတ်၊ ရွာမီးရှို့ အစရှိတဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် တရုတ်ရဲ့ အပစ်ရပ်ရေး စေ့စပ်မှု အောင်မြင်ဖွယ်ရာ မရှိဘူး။ 

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဇယားအရ တရုတ်နိုင်ငံက ဒုတိယနေရာမှာ ရှိတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အစီရင်ခံစာအရ တရုတ်ဟာ မြန်မာနိုင်ငံမှာ စီမံကိန်း ၄၃၀ ခု လုပ်ကိုင်နေကြောင်း သိရတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၀,၉၃၄.၆၁၆ ရှိတယ်လို့ DICA က ဆိုတယ်။ မြန်မာနိုင်ငံ FDI စုစုပေါင်းရဲ့  ၂၅.၂၁% က တရုတ် ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့ ဆိုထားတယ်။ ဒါကြောင့် တရုတ်က မြန်မာရှိတဲ့သူ့စီမံကိန်းတွေ မြန်မြန်အကောင်အထည်ဖော်ဖို့ လိုလားနေပြီး မင်းအောင်လှိုင်အာဏာတည်မြဲရေးဘက်ကိုထောက်ခံဖို့ ဆုံးဖြတ်တာဖြစ်တယ်။ ဒီမိုကရေစီထောက်ခံတဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက် နက်ကိုင်တချို့ကို တရုတ်အကျိုးစီးပွားအတွက် အဟန့်အတားလို့ မြင်နေတယ်။ တရုတ်ရဲ့ ကိုယ် ကျိုးစီးပွားပဓာနထားမှုဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အန္တရာယ်ဖြစ်လာတယ်။ အာဏာသိမ်းစစ်ကောင်စီကို တရုတ်ကကူညီခြင်းနေခြင်းဟာ မြန်မာနိုင်ငံမှာ အကြမ်းဖက် လု ယက် မီးရှို့ သတ်ဖြတ်မှုတွေ ပိုမိုဖြစ်ပေါ်လာအောင် အားပေးသလို ဖြစ်နေတယ်။

ဒီအပြင် ကျေးရွာပေါင်းမြောက်မြားစွာကို လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပေါင်းများစွာ ကျူး လွန်နေတဲ့ မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်လေတပ်ကို စစ်လက်နက်ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံဟာလည်း တရုတ်နဲ့အတူ နွေဦးတော်လှန်ရေးဆန့်ကျင်သူလို့ သတ်မှတ်ရတော့မယ်။ ကုလသမဂ္ဂလုံ ခြုံရေးကောင်စီမှာ မြန်မာ့အရေးကိစ္စ မဲခွဲမှုလုပ်တိုင်း မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်မဲပေးခဲ့တာလည်း တရုတ်နဲ့ရုရှားပါပဲ။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရူးနှမ်းတဲ့ သမ္မတအိပ်မက်အကောင်အထည်ဖေါ်ရေး တနည်းအားဖြင့် စစ်အာဏာရှင်စနစ်တည်မြဲရေးကိုအထောက် အကူပေးခြင်းအားဖြင့် တရုတ်-မြန်မာ စီပွားရေးစင်္ကြံအပါအဝင် တရုတ်ရဲ့ မဟာဗျူဟာစီးပွားရေးစီမံကိန်းတွေ အမြန်ပြန်စနိုင်လိမ့်မယ်လို့ မှန်းထားပုံ ရတယ်။ ဒါမှသာ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေနဲ့ ဆက်စပ်ပြီး စီးပွားရေး ဩဇာချဲ့ထွင်နိုင်မှာ ဖြစ်တယ်လို့ တရုတ်တို့က မျှော်မှန်းထားပုံပါပဲ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းဟာ တရုတ်ပြည်အတွက် အခွင့်ကောင်းဖြစ်တယ်လို့ ယူဆနေတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်က ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထပ်တလဲလဲ ပြောခဲ့တာမှတ်မိကြမယ် ထင်ပါတယ်။ မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲနဲ့ သမ္မတ လုပ်ချင်နေတယ်။ ဒီကိစ္စမှာ ရုရှားနဲ့ တရုတ် နိုင်ငံတို့ရဲ့ ထောက်ခံမှုကို မင်းအောင်လှိုင်က မျှော်လင့်ထားတယ်။ တရုတ်ဘက်က မြန်မာပြည်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ပဋိပက္ခကိုမရပ်နိုင်ရင် မြန်မာဟာ ကျရှုံးနိုင်ငံဖြစ်သွားလိမ့်မယ်လို့ သုံးသပ်ဖူးတယ်။ မြန်မာသာ ကျရှုံးနိုင်ငံဖြစ်သွားခဲ့ရင် အိမ်နီး ချင်းနိုင်ငံတွေအပေါ်လည်း ဆိုးကျိုးသက်ရောက်နိုင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့အကျိုးကို လို လားတဲ့နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံအဖွဲ့ အစရှိတဲ့ အဖွဲ့အစည်းတွေ၊ အိမ်နီးနားချင်းတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ပူးပေါင်းဖြေရှင်းပေးသင့်တယ်လို့ တရုတ်မီဒီယာတွေမှာ အသံကောင်းဟစ် ရေးလေ့ရှိတယ်။   

ဒီနေ့ မြန်မာပြည်သူများနဲ့ မျိုးဆက်သစ်လူငယ်များအနေနဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်ရဲ့လုပ်ရပ်တွေကို လုံး၀လက်ခံကြမှာ မဟုတ်။ နိုင်ငံရေးမှာ စစ်တပ် ပါဝင်ခွင့်မရှိကြောင်း၊ စစ်တပ်ဟာ ပြည်သူ့ရိက္ခာစားတဲ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်တဲ့အတွက် အရပ်ဘက်အစိုးရရဲ့ အုပ် ချုပ်မှုအောက်မှာသာ နေရမှာဖြစ်ကြောင်း၊ လက်ရှိအကြမ်းဖက်စစ်တပ်ဟာ ပြည်သူတင်မြှောက်ထားတဲ့အစိုးရထံမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူခဲ့တဲ့အတွက် တရားမဝင်ကြောင်း၊ ကမ္ဘာသိကြေညာထားပြီး ဖြစ်တယ်။ မြန်မာပြည်သူတို့ရဲ့ အာဏာသိမ်းစစ်အစိုးရကို လုံး၀ လက်မခံတဲ့သဘောထားကို တရုတ်နိုင်ငံအနေနဲ့ လေးစားအသိအမှတ်ပြုဖို့လိုတယ်။ 

အထူးသဖြင့် လက်ရှိအခြေအနေမျိုးမှာ အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးပွဲထိုင်ဖို့သဘောထားမရှိကြောင်း ဂျန်ဇီးလူငယ်မျိုးဆက်သစ်တို့က အတိအလင်း ကြေညာပြောဆိုထားပြီး ဖြစ်တယ်။ လက်ရှိအခြေအနေမှာ တရုတ်နိုင်ငံဖြစ်စေ၊ အာဆီယံနိုင်ငံများဖြစ်စေ အကြမ်းဖက်စစ်ကောင်စီ ဘက်မှ ရပ်တည်ဆောင်ရွက်နေပါက မြန်မာပြည်သူလူထုရဲ့ ရန်သူဖြစ်သွားနိုင်တဲ့အချက်ကို သတိ ပြုကြဖို့ လိုတယ်။ မျက်မှောက် မြန်မာနိုင်ငံမှာ ပါတီအဖွဲ့အစည်း၊ တိုင်းရင်းသားလူမျိုးစုအများအပြားရှိနေပေမယ့်လည်း ဖက်ဆစ်စစ်အာဏာရှင်ဖြုတ်ချရေးရည်ရွယ်ချက် ဖော်ဆောင်ဖို့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုဟာ တညီတညွတ်တည်းရှိနေကြတဲ့ အချက်ကို သတိပြုကြဖို့ လိုတယ်။

၂၀၂၄ ခုနှစ် မတ် ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော NUG အစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက - "ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသောလူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်တယ်" ဟု ပြောကြားခဲ့တဲ့အချက်ကို အထူးသတိမူကြဖို့ လိုတယ်။ နွေဦးတော်လှန်ရေးအင်အားစုတွေအတွင်းမှာလည်း နိုင်ငံရေး/စစ်ရေးတာဝန်ရှိသူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH, NUCC ၊ ERO မဟာမိတ်များ၊ တော်လှန် ရေးရဲ့ အခြေခံအင်အားစုများဖြစ်တဲ့  CDM အင်အားစု၊ PDF အင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ စစ်ရေး နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆက်စပ်ပေါင်းစည်းနိုင်ရေးအတွက် သွေးစည်းညီညွတ်ရေး အမြင်ကျယ်ကြဖို့ လိုတယ်။ ဖက်ဒရယ်ဒီမိုကရေစီအတွက် ငြိမ်းချမ်းစည်ပင်တဲ့လူမျိုးစုံနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရေးမှာ တူညီတဲ့ လုံ့လ၀ါယမဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲတိုက်ပွဲ၀င်ကြချိန် ရောက်ပြီ ဖြစ်ပါတယ်။ 

မြန်မာပြည်သူလူထုကိုယ်စားပြု ဒီမိုကရေစီ အစိုးရတက်လာမယ့် အရေးကို တရုတ်နဲ့ အာဆီယံနိုင်ငံများက လိုလိုလားလား မရှိကြတဲ့ အချက်ကို သတိပြုကြပါ။ မြန်မာနိုင်ငံအတွင်း ဖက်ဆစ်စစ်အာဏာရှင်စနစ် ဖျက်သိမ်းရာမှာ ပြည်သူအားလုံး လက်တွဲ ညီညီ ပါ၀င်ကြချိန်ရောက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အချိန်မှာ နွေဦးတော်လှန်ရေးဘက် မြန်မာပြည်သူလူထုဘက်က ထောက်ခံ ၀န်းရံဖို့ မြန်မာတိုင်းရင်သားပြည်သူလူထုတရပ်လုံးမှာ တာ၀န်ရှိပါတယ်။ မြန်မာနိုင်ငံကို ခေတ်သစ်နယ်ချဲ့၀ါဒနဲ့ ကျွန်ပြုဖို့ ကြံနေတဲ့ တရုတ်ရဲ့ နိုင်ငံရေးထောင်ချောက်ထဲ မကျရောက်ဖို့အတွက် တိုင်း ရင်းသား ပြည်သူအားလုံး သွေးစည်းဖို့လိုပါတယ်။

ဒီအတောအတွင်း ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း လက်ရှိလွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားသူ ဟွန်ဆန်က မေလ ၇ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်နဲ့ အွန်လိုင်းမှာ တွေ့ဆုံစကားပြောဆိုခဲ့တယ်လို့သတင်းဖော်ပြလာတယ်။  အန်အယ်လ်ဒီပါတီဥက္ကဋ္ဌနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းကနေ စကားပြောဆိုခွင့်ရဖို့ တောင်းဆိုခဲ့ကြောင်း ဟွန်ဆန်က သူ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးခဲ့တယ်။ ဒါပေမဲ့ စစ်ကောင်စီက ဟွန်ဆန်ရဲ့ တောင်းဆို ချက်ကိုပယ်ချခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟွန်ဆန်ကို တွေ့ဆုံခွင့်ပေးဖို့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်းမရှိသေးဘူးလို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်ရုပ်သံမှာ ဖြေကြားထားကြောင်း ဒီဗီဘီသတင်းမှာ ဖေါ်ပြတယ်။

“ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင် ရွက်သွားမယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်းဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့အနေနဲ့ နှောင့်နှေးစေနိုင်တယ်၊ မလိုအပ်ဘူးလို့ယူဆတယ်ဆိုရင် ကျနော်တို့အနေနဲ့တော့  လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်း မရှိသေးပါဘူး”  လို့ ဇော်မင်းထွန်းက ဆိုတယ်။

အလားတူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာလည်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုတယ်။ 

ဧပြီလ ၁၃ ရက်က ထိုင်းမြောက်ပိုင်း ချင်းမိုင်မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့တွေ့ဆုံခဲ့တဲ့ အဖွဲ့တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်အမျိုးသားအစည်းအရုံး (KNO)၊ စတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေပါဝင်ပြီး  နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီးရွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုတယ်။  လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်း ထွက်ပေါက်ရှာဖွေနိုင်ဖို့ ထိုင်းနိုင်ငံရေးမှာ အရေးပါခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေနဲ့ ကြားကနေ ဝင်ရောက် ညှိနှိုင်းပေးချင်တာကြောင့် သူ့ရဲ့ ကိုယ်စားလှယ်တွေကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ထိုင်းလုံခြုံရေးကောင်စီ သတင်းရင်းမြစ်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြောင်း ဒီဗီဘီသတင်းမှာ ဖော်ပြတယ်။

ကမ္ဘောဒီယားလွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ အနေနဲ့ မြန်မာ့အရေးမှာ ပါ၀င်ဟန်ရေးပြချင်နေကြတာ ဘာကြောင့်လဲ။ မြန်မာ့အရေးကို အကြောင်းပြုပြီး သူတို့ရဲ့ နိုင်ငံရေးသြဇာ ထင်ပေါ်ကျော် ကြားလိုမှုက ပဓာနဖြစ်ပုံရပါတယ်။ တခြား နိုင်ငံရေးအယူအဆ ထူးထူးခြားခြားမတွေ့ရပါဘူး။ တရုတ်က လမ်းကြောင်းပေးထားတဲ့ ရွှေပြည်အေး၀ါဒနဲ့ မြန်မာ့အရေးကို ချဉ်းကပ်ကြမယ့်သူတွေလို့ ဆိုနိုင်ပါတယ်။ ဟွန်ဆန်နဲ့ သက်ဆင်ရှင်နာဝပ်တို့အနေနဲ့ မြန်မာ့အရေးမှာ ရိုးရိုးသားသားပါ၀င်ကူညီချင်ရင်တော့ အရှိကိုအရှိအတိုင်း အမှန်ကိုအမှန်အတိုင်း ရှုမြင်ကြဖို့လိုပါတယ်။ အကြမ်းဖက်၀ါဒကျင့်သုံးနေတဲ့မင်းအောင်လှိုင် စစ်အစိုးရကို ‌ပြစ်တင်ရှုတ် ချသင့်တယ်။ ဒီမိုကရေစီနည်းအရ ပြည်သူ့အာဏာကို ပြည်သူကရွေးချယ်ခဲ့တဲ့အစိုးရထံ အာဏာပြန်အပ်ဖို့ တိုက်တွန်းသင့်တယ်။ လက်ရှိအချိန်မှာ တရုတ်အလိုကျ စေ့စပ်ဆွေးနွေးရေးတိုက်တွန်းတာဟာ လေထဲမှာ တိုက်အိမ်ဆောက်ရာရောက်ပါလိမ့်မယ်။ 

မြန်မာနိုင်ငံရဲ့ လက်ငင်း အခြေအနေအရ Generation-Z တို့ရဲ့ မူလ ဆုံးဖြတ်ချက်ဖြစ်တဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ဆိုတဲ့လမ်းကို ရွေးကြရပါလိမ့်မယ်။ စစ်ရှိန်မြင့်နေချိန် တော်လှန်ရေးဘက်က အသာစီးရနေချိန်မှာ ဆွေးနွေးရေးလမ်းကြောင်း ခင်းကျင်းနေခြင်းဟာ စစ်ပန်းနေတဲ့ စစ်ကောင်စီကို အနားရစေဖို့ အချိန်ဆွဲတာသာ ဖြစ်တယ်။ 

တရုတ်-အာဆီယံ အပါအဝင် ပြည်တွင်း နိုင်ငံရေးအချောင်သမားတို့ရဲ့ ဆွေးနွေးရေးလမ်းစဉ်တွေဟာလည်း တရုတ်နောက် လိုက်ပြီး စစ်ကောင်စီအတွက် ထွက်ပေါက်ရှာပေးနေခြင်းသာ ဖြစ်တယ်။ လက်ရှိ အနေအထားအရ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးရည်မှန်းချက် အောင်မြင်ဖို့ စစ်အနိုင်တိုက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းကြရမှာ ဖြစ်တယ်။ လူငယ်အင်အားစုတွေက နောင်လူငယ်မျိုးဆက် အဆက်ဆက်အတွက် သူတို့အသက်နဲ့ ဘဝတွေကို စတေးပြီး တိုက်ပွဲဝင်နေကြတာကို တိုင်းရင်းသားပြည်သူတရပ်လုံး ၀ိုင်းဝန်းပံ့ပိုးကြဖို့ လိုပါတယ်။ သွေးမကွဲကြဖို့ အချင်း ချင်း အပြစ်မရှာကြဖို့ အထူးလိုပါတယ်။ သွေးကွဲရေး ဖန်တီးနေသူတွေဟာ စစ်ကောင်စီရဲ့ အလို တော်ရိတွေဖြစ်ကြောင်း ကြေညာရမယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ လည်း အရေးအကြီးဆုံးအချိန်မှာ သွေးစည်းကြဖို့ ဝါယမစိုက်ကြမှသာ ဂျန်ဇီးတို့ရဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက်ကို အထောက်အကူပြုရာရောက်ပါလိမ့်မယ်။ 

နွေဦးတော်လှန်ရေးမှာ ပါ၀င်ဆင်နွှဲနေကြတဲ့ အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အင်အားစုတွေအနေနဲ့ တရုတ်နဲ့ အာဆီယံခေါင်းဆောင်အချို့ရဲ့ သွေးဆောင်လှည့်ဖြားမှုကို သတိရှိရှိ ရှောင်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ပေးဆပ်ရမယ့် အရင်းအနှီးအလွန်တရာကြီးလွန်းပေမယ့်  Generation-Z တို့ရဲ့ မူလဆုံးဖြတ်ချက်ဖြစ်တဲ့ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ဆိုတဲ့လမ်းမှတပါး အခြားရွေးစရာ မရှိလို့ မြင်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar