Breaking News

ကျော်မင်းထွန်း (NEW YORK) - ကောက်ကောက်သွားတဲ့မျဉ်း


ကောက်ကောက်သွားတဲ့မျဉ်း
ကျော်မင်းထွန်း (NEW YORK)
(မိုးမခ) မေ ၅၊ ၂၀၂၄

မျဉ်းဖြောင့်တွေ ကောက်ကောက်သွားတာ
ပြန်ဖြောင့်လို့မရလောက်အောင်ပဲ
အခု အဲ့ဒီမျဉ်းကောက်ထဲ
လူငယ်ဘဝ ပျောက်သွားရပြီ။

မြစ်ကြီးတွေ ကောက်သွားတဲ့နေရာမှာတော့
မြစ်ကျိုးအင်းလေး ပေါ်လာနိုး၊ ပေါ်လာနိုးနဲ့
အခု အဲ့ဒီမြစ်ကျိုးထဲ
လူငယ်ဘဝ နစ်သွားရပြီ။

ဗွီဒီယိုဂိမ်းတွေ၊ ကာရာအိုကေတွေ
ဘီယာဆိုင်တွေ၊ နိုက်ကလပ်တွေကို
ကျွတ်ကျွတ်အိတ်ထဲ သိမ်းထားလိုက်ပါပြီ။

ကွန်ပျူတာသင်တန်း အောင်လက်မှတ်တွေ
စာရင်းကိုင်သင်တန်း အောင်လက်မှတ်တွေ
ပဋ္ဌာန်းကျမ်းသင်တန်း အောင်လက်မှတ်တွေဟာ
တစ်ရှူးစက္ကူလို လေထဲမှာ လွင့််ကျန်ခဲ့ပေါ့။

စာအုပ်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်မှာ
“ငါရှုံးပါစေ၊ တရားကနိုင်ပါစေ” ဆိုတဲ့
ကဗျာဆရာအောင်ချိမ့်ရဲ့ အသက်ဓာတ်လေးက
ဟိုးဝေးဝေးမှာ မှုန်တခါ မှိန်တလှည့်။

(၃၅) နှစ်အောက်တဲ့ -
မဲဖောက်ရင် မပေါက်ပါစေနဲ့
ဆေးစစ်ရင် မအောင်ပါစေနဲ့
ထိခြင်းငါးပါးနဲ့ ဘုရားရှိခိုးပေမဲ့
ကျွန်တော် ဆုတောင်းမပြည့်ခဲ့ဘူးအမေ။   ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar