ကိုအောင်မှိုင်း - ငြှိမ်းမရတဲ့ မီးတောက်များ
ငြှိမ်းမရတဲ့ မီးတောက်များ
ကိုအောင်မှိုင်း
(မိုးမခ) မေ ၄ ၊ ၂၀၂၄
ဒီညမှာပေါ့
မြဝတီ ရေတိမ်နစ်ခဲ့တယ်။
နောက်ကျောကို
ထိုးလိုက်တဲ့ဓားဟာ
အသည်းနှလုံးအထိ
စူးဝင်သွားခဲ့တယ်။
ကျည်အစစ်တွေဟာ
ဒေါ်လာကျည်တွေကြား
ကျည် အ တွေဖြစ်ကုန်တယ်။
အမျိုးသားရေး
ကြွေးကြော်သံဟာ
လေးကေ့ကော်နဲ့အတူ
နှုတ်ဆက် ထွက်ခွာစပြုနေပြီ။
စစ်မတိုက်တဲ့ သေနတ်တွေ
လူရာဝင်နေတဲ့ ခေတ်မှာ
သေနတ်မရှိပေမဲ့
စစ်တိုက်ချင်သူတွေအတွက်
အလွမ်းဓာတ်ဟာ
မျက်နှာပြောင်လွန်းလှတယ်။
စစ်တပ် အုပ်စိုးတဲ့ခေတ်မှာ
သူပုန်တွေဟာ သူရဲကောင်းဘဲ
ဒါပေမဲ့
သူပုန်အတုတွေတော့ မပါဘူး။
အတုတွေ များလွန်းတဲ့
ခေတ်ဆိုး ခေတ်ပျက်ကြီးမှာ
သူပုန်အတုတွေဟာ အဆိုးဆုံးပဲ။
စောဘဦးကြီးကို သတိရတယ်
ဗိုလ်ချုပ်ကြီးမြကို သတိရတယ်
ဖဒိုမန်းရှာကို သတိရတယ်
မာနယ်ပုလောကို သတိရတယ်။
မြဝတီဟာ
နိုးထလာလိမ့်မယ်
ကရင့်အလံတော်
တိုင်ထိပ်ပေါ်ရောက်တဲ့နေ့ဟာ
ကရင်ပြည်သူတွေဘဝ ပြီးပြည့်စုံလိမ့်မယ်။
ကရင်ပြည်သူတွေဟာ
တော်လှန်သမိုင်းနဲ့ သူရဲကောင်းတွေပဲ
မြဝတီဟာ
ပြန်လည်နိုးထလာမှာ သေချာတယ်။
ကိုအောင်မှိုင်း
( မေလ ၃ ရက် ၂၀၂၄ ခုနှစ်)