Breaking News

ငပလီလေဆိပ် AA သိမ်းယူ၊ ကောလင်းမြို့က တိမ်းရှောင်ခဲ့ကြရတဲ့ သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း

(မိုးမခ) ဇွန် ၂၄၊ ၂၀၂၄

ငပလီလေဆိပ် AA သိမ်းယူ၊ ကောလင်းမြို့က တိမ်းရှောင်ခဲ့ကြရတဲ့ သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ

ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်က ကမ္ဘာသိ အပန်းဖြေကမ်းခြေ နေရာတခုဖြစ်တဲ့ ငပလီပင်လယ်ကမ်းခြေ နဲ့ ဆက်စပ်နေတဲ့ ငပလီလေဆိပ် အနီးက တပ်ရင်းစခန်းတွေကို သီတင်းပတ်အကြာ AA လက်နက်ကိုင် အဖွဲ့က စစ်ဆင်တိုက်ခိုက်နေခဲ့ရာမှာ ဇွန်လ ၂၃ ရက်မှာတော့ ငပလီ အနီးက တပ်ရင်း စခန်း ၂ ခုနဲ့အတူ လေဆိပ်ကိုပါ သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်တွေဖြစ်တဲ့ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့နယ်တွေအနက်၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာ ပြီးခဲ့တဲ့လတွေကတည်းက AA လက်နက်ကိုင်အဖွဲ့တွေဝင်ရောက် လာခဲ့ပြီး သံတွဲမြို့နဲ့ တောင်ကုတ်မြို့အကြား သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နေတဲ့နေရာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် သံတွဲမြို့ထက် သံတွဲမြို့နဲ့ ၇ မိုင်ဝန်း ကျင်ကွာဝေးတဲ့ ငပလီကမ်းခြေက စစ်ကောင်စီ တပ်ရင်းစခန်းတွေနဲ့ လေဆိပ်အပါအဝင် နေရာတွေကိုသိမ်းယူဖို့ AA  က ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ငပလီက အပန်းဖြေဟိုတယ်တွေနဲ့ဆက်လျှက် ရှိနေတဲ့ ဂေါ့ရွာ၊ ဆင်ခေါင်းရွာ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာထက် စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်တာတွေလုပ်ဆောင်ပြီး သေဆုံးပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သီတင်းပတ်အနည်းငယ်အကြာမှာ အခုလိုငပလီလေဆိပ်နဲ့ တပ်ရင်း ၂ ခုကို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ငပလီလေဆိပ်ဟာ စစ်ရေးအရ အရေးပါတယ်ဆိုတဲ့ သဘောထက် ပြယုဂ်တခု အနေနဲ့ပိုမိုထင်ရှားတယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။ AA အနေနဲ့ ငပလီနဲ့ ၇ မိုင်ခန့် ကွာဝေးတဲ့ သံတွဲမြို့ကို ဆက်လက်သိမ်းယူဖို့ လုပ်ဆောင်မှာလား သို့မဟုတ် အချိန်ကာလတခု စောင့်ဆိုင်းပြီးမှ တိုက်ခိုက်သိမ်းယူမှာလား ဆိုတာတော့ လတ်တလော မှန်းဆဖို့ ခက်ခဲသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ငပလီလေဆိပ်နဲ့ တပ်ရင်းစခန်း ၂ ခုကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီအဖို့တော့ နယ်မြေအရ ဆုံးရှုံးမှုအပြင် စိတ်ဓါတ်ရေးအရပါ ထပ်မံဆုံးရှုံးတဲ့အဓိပ္ပာယ်ဆောင်ပြီး ရခိုင်ပြည်နယ်တောင်ပိုင်း ငပလီကမ်းခြေ လေဆိပ်တို့ကို တိုက်ခိုက်သိမ်းယူနေချိန် ရခိုင်ပြည်နယ် အရှေ့ဘက် ရခိုင်မြောက်ပိုင်းကို ဝင်ပေါက်ဖြစ်တဲ့ အမ်းမြို့နယ်ထဲက ဗျူဟာကုန်း တခုဖြစ်တဲ့ တောဟိန်းတောင် ဗျူဟာစခန်းကို AA က လနဲ့ချီ တိုက်ခိုက်ပြီးနောက် သိမ်းယူနိုင်ခဲ့တယ် ဆိုတဲ့ သတင်းလည်း အခုရက်မှာပဲ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ငပလီကမ်းခြေ၊ အမ်းမြို့နယ် ဗျူဟာကုန်းအပြင် ရခိုင်ပြည်နယ်ရဲ့ အခြားသော တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတခုကတော့ မောင်တောမြို့ ဖြစ်ပါတယ်။ မောင်တောမြို့အနီးက နယ်ခြားစောင့် ကင်းစခန်းတွေနဲ့ တပ်စခန်း၊ ဗျူဟာစခန်းတွေသိမ်းယူနိုင်ခဲ့ပြီး မောင်တောမြို့ကို သိမ်းယူဖို့ အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း မြေပြင်နဲ့ လေကြောင်းအကူအညီတွေနဲ့ ခုခံနေတယ်လို့ သတင်းမီဒီယာတွေထဲ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်ထပ် အကြောင်းအရာတခုကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီး ၃ လကြာ သိမ်းယူနိုင်ခဲ့တဲ့ ကောလင်းမြို့က ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ၅ သောင်း ဝန်းကျင်ရှိတဲ့ ဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ ပတ်သက်လို့ အာရ်အက်ဖ်အေ သတင်းဌာနက သတင်းဖေါ်ပြထားတဲ့ အကြောင်း ဖြစ်ပါတယ်။ 

ကောလင်းမြို့နေ လူထု အရေအတွက် ၅ သောင်းဝန်းကျင်ဟာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးနောက် NUG/PDF တွေ ထိန်းချုပ်ထားတဲ့ ကာလမှာ အချို့က ပြန်လည် နေထိုင်ခဲ့ကြပေမယ့် ယခုနှစ်ဆန်း ဇန်နဝါရီလကတည်းက စစ်ကောင်စီဘက်က မြို့ကို အရပ်မျက်နှာတခုမက ကနေ စစ်ကြောင်းထိုးကာ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာက သိမ်းယူပြီး ၃ လအကြာမှာ စစ်ကောင်စီဘက်က မြို့ကိုပြန်သိမ်း ယူခဲ့တာ ဖြစ်ပါတယ်။ မြို့ခံတွေအနေနဲ့တော့ မြို့သိမ်းတိုက်ပွဲပြီး စတင်ပြီးကတည်းက ပြန်လည်အခြေချနေထိုင်နိုင်တဲ့အနေအထားမျိုးမဟုတ်တော့ပဲ ဆောင်းရာသီနဲ့ နွေရာသီ ၂ ရာသီလုံး ကောလင်းမြို့တဝိုက်က ကျေးရွာတွေ၊ တောတောင်တွေထဲ တိမ်းရှောင်ပြီး နေထိုင်နေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ကြရတဲ့အခြေအနေမျိုးမှာ ပိုင်ဆိုင်မှုဖြစ်တဲ့ နေအိမ်၊ အိမ်သုံးပစ္စည်းကအစ ငွေကြေးနဲ့ သက်မွေးဝမ်းကျောင်းအလုပ်အကိုင်တွေအထိဆုံးရှုံးကြရပြီး ပညာ ရေး၊ ကျန်းမာရေးစတဲ့အခွင့်အရေးတွေပါ ဆုံးရှုံးကြရတာမျိုး ဖြစ်ပါတယ်။ 

မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲကြရာမှာ မြို့တမြို့ကို သိမ်းယူနိုင်ခြင်းဟာ၊ စစ်ကောင်စီဖြုတ်ချရေးအတွက် အတိုင်းအတာတခုထိ စိတ်ဓါတ်ပိုင်းဆိုင်ရာအရ၊ စစ်ရေး အောင်မြင်မှုအရအရေးပါတာ အမှန်ပဲဖြစ်ပါတယ်။ သို့သော်လည်း သိမ်းယူမယ့် မြို့တွေ၊ ရွာတွေမှာ နေထိုင်ကြတဲ့သူတွေကြုံတွေ့ရမယ့်ဒုက္ခတွေ၊ အခက်အခဲတွေကိုလည်း ထည့်သွင်းစဥ်းစားကာ ကြိုတင်စီစဥ်တာ၊ ပြင်ဆင်ဆောင်ရွက်တာ၊ ကာကွယ်ဆောင်ရွက်တာတွေလုပ်နိုင်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

ကောလင်းမြို့ ၊ ကော့ကရိတ်မြို့၊ လွိုင်ကော်မြို့ စတဲ့မြို့တွေကိုသိမ်းယူဖို့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးက တိုက်ခိုက်သိမ်းယူဖို့ လနဲ့ချီကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ ကောလင်းမြို့ ကို လုံးဝကိုသိမ်းယူနိုင်ခဲ့တာ မှန်ပေမယ့် ပြန်လည်တိုက်ခိုက်ခံရမယ့်အခြေအနေမျိုးလည်း ထည့်သွင်းစဥ်းစားကာ ပြင်ဆင်ထားဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ လူဦးရေ ၅ သောင်းဝန်းကျင်ရင်ဆိုင် ကြုံတွေ့ရတဲ့ စားရေး၊ နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် လိုအပ်ချက် ပမာဏက ကြီးမားတာ အမှန်ပဲဖြစ်ပါတယ်။

 ကော့ကရိတ်မြို့က KNU/KNLA နဲ့ ပူးပေါင်း အဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်သလို လွိုင်ကော်မြို့ကတော့ KNDF က အဓိက တိုက်ခိုက်သိမ်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကောလင်းမြို့ကတော့ NUG ရဲ့ လက်အောက်က ပြည့်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ မြို့သိမ်းယူပြီးနောက် အစိုးရပိုင်မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ် ၂ ခုတို့ဆီက ကျပ်ငွေ ၄၄ ဘီလျံဝန်းကျင်သိမ်းဆည်းထားတာလည်းရှိခဲ့သလို အဆိုပါ သိမ်းယူထားတဲ့ ငွေကြေးတွေကို ဘယ် လိုကိစ္စရပ်တွေမှာ အသုံးပြုတာလည်းဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရတဲ့အနေအထားလည်း ဖြစ်ပါတယ်။ 

လက်တွေ့အခြေအနေမှာ စားရေး၊ နေရေး အခက်အခဲနဲ့ ကြုံတွေ့နေကြရတဲ့ မြို့က စစ်ဘေးရှောင်တွေကို အထက်မှာသိမ်းယူထားတဲ့ ရန်ပုံငွေလိုမျိုးကနေအသုံးပြုနိုင်ရင် ပိုမိုကောင်းမယ်လို့ ထင် မြင်မိပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar