Breaking News

ဝင်းမင်းခိုင် - အဆိပ်ခွက်

Art by Than Htay Maung
အဆိပ်ခွက်
ဝင်းမင်းခိုင်
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၄

ကြေကွဲစရာတွေများပေမယ့်
အားငယ်နေလို့ခရီးမပေါက်ဘူး
ဆုံးရှုံးမှုတွေပိကျနေပေမယ့်
နစ်မြုပ်မသွားအောင်ခါချမယ်
အမြင့်ဆုံးဇာတ်ရှိန်တက်ပြီးရင်
(ငါတို့ရဲ့ဆွဲအားကြောင့်)
အဲဒီလှိုင်းကပြန်ကျမယ်
အေးအတူပူအမျှကတိကဝတ်နဲ့
ငုတ်မိသဲတိုင်ကူးခတ်မယ်
ကုန်လွန်ပြီးသားခုနှစ်တွေကို
ကျွတ်ကျွတ်အိပ်ထဲစုထဲ့ပြီးအမှိုက်ပုံးထဲသွားပစ်မယ်
အသစ်စက်စက်သက္ကရာဇ်တွေကိုရွေးချယ်ပြီး
စိတ်တူကိုယ်တူထမ်းပိုးမယ်
မတွေဝေနဲ့စိတ်မပျက်နဲ့
စိတ်ပျက်တွေဝေမှုဟာ
ငါတို့ကိုသောက်စေချင်လို့ ရန်သူကချတိုက်တဲ့
မူးယစ်ဆေးဖြစ်တယ်
ငါတို့သွန်မှောက်ရိုက်ခွဲပစ်ရမယ့်
တခုထဲသောအဆိပ်ခွက်လဲဖြစ်တယ်

၂၀.၆.၂၄
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar