Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၃ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၃ )

(မိုးမခ) ဇွန် ၇ ၊ ၂၀၂၄

6/6/24

Diary in the darkness 

ရပ်ကွက်ထဲက ဆယ်အိမ်မှူးကတော့ သူ့ရာထူးနဲ့တာဝန်ကို စွန့်လိုက်ပြီ။ စစ်မှုထမ်းသစ်တွေ ရှာမပေးနိုင်လို့တဲ့။ သူ့နေရာကို စစ်ပြန်စစ်မှုထမ်းဟောင်းတယောက်ကို အစားထိုးဖို့ ပြင်နေတယ်။ မကြာခင် ရပ်ကွက်ထဲမှာသတင်းဆိုးတွေထွက်ပေါ်လာဖို့ရှိတယ်။ လက်ရှိအခြေအနေမှာ ဧည့်စာရင်းတိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်။ ဧည့်စာရင်းမတိုင်တဲ့သူ များလာတယ်။ နောက်ပြဿနာ နောက်ရှင်းပေါ့။ ရဲစခန်းနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေလည်း ပိတ်လား၊ ဖွင့်လား ရပ်ကွက်သားတွေ မသိရတော့။ တနေ့က အနောက်ဘက်ရပ်ကွက်ထဲ စစ်ကားတစီး ဝင်ပြီး လူငယ်တချို့ကို ဖမ်းခေါ်သွားတယ်။ နောက်ဆက်တွဲ သတင်းမသိရ။ 

မင်းကင်း လွတ်မြောက်နယ်မြေက PDF မင်္ဂလာဆောင် ဗုံးကြဲခံရတဲ့သတင်းက လူတွေကို တုန် လှုပ်စေတယ်။ ရွာသား နှစ်ဆယ်ကျော် သေသွားတယ်။ သုံးဆယ်ကျော် ဒဏ်ရာရ။

VPN တွေကို စစ်ကောင်စီကပိတ်လိုက်တာကြောင့် လူထုအထိနာတယ်။ သတင်းတွေပြတ်တောက်ကုန်တယ်။ စစ်ကောင်စီက အတင်းအကျပ် အသုံးပြုခိုင်းတဲ့ MySpace app လည်း ဒီမိုလိုလားသူတွေက report ထုလို့ ပြုတ်ကျသွားပြီတဲ့။

အစိုးရကျောင်းတွေပြန်ဖွင့်လို့ ကျောင်းတွေမှာ လူစည်ကားနေတယ်။ အာဏာသိမ်းတဲ့နှစ်က တည်းက ကျောင်းမတက်ကြတဲ့ ကျောင်းသားအများစု ကျောင်းပြန်တက်ကြတယ်။ သင့်လျော်တဲ့ အတန်းပြန်ရဖို့ ကျောင်းအုပ်တွေကို လာဘ်ထိုးကြရတယ်။ တချို့က နယ်ကျောင်းတွေမှာ အဝင်ပြ၊ သင့်လျော်တဲ့ အတန်းပြန် အတက်ပြ။ အဲဒီနောက် ကျောင်းထွက်လက်မှတ် ပြန်ယူပြီး မြို့ကျောင်းမှာ လာဘ်ပေးပြီး ပြန်အပ်။ အဆင်ပြေကြတယ်။ လာဘ်ထိုးရင်ပေါ့။

အငှားကားမောင်းတဲ့ မိတ်ဆွေတစ်ယောက် ဝရမ်းပြေးဘဝ ရောက်သွားလို့တဲ့။ လွန်ခဲ့တဲ နှစ်နှစ်က မြဝတီ၊ မန်း၊ သူ့ အငှားကားစီးခရီးသည်တယောက်ရဲ့ အိတ်ထဲက သေနတ်အတိုတလက် မိလို့တဲ့။ သူ့အိမ်ထိ စစ်တပ်က လာရှာတာတဲ့။ သူ အခု ကားမမောင်းတာ တစ်နှစ်ကျော် ရှိနေပါပြီ။ ခရီးသည်ကိုလည်း သူမမှတ်မိတော့ပါ။ ဒါပေမဲ့ အခု သူ့အိမ်ကို အဲဒီအမှုနဲ့လာရှာတာဆိုတော့ ပြေးရပြီပေါ့။ မရှာခင်သတင်းကြိုပေးတဲ့သူကိုကျေးဇူးတင်ရပါတယ်။ ရွှေဆိုင်သူဌေးတွေတောင် ဝရမ်း ပြေးဖြစ်နေချိန်မှာ မင်း ခုလို ဝရမ်းပြေးဖြစ်တာ ဂုဏ်ယူစမ်းပါလို့ ကြံဖန် အားပေးရတယ်။ လူထုလည်း ပြေး၊ စစ်ကောင်စီတပ်တွေလည်း ပြေး၊ အုပ်ကြီးတွေလည်းပြေး။ တပြည်လုံး မာရသွန်ပြေးနေကြတာ။ အားငယ်စရာ မရှိ။

ကျွန်တော်လည်း အင်တာနက်ကောင်းတုန်းလေး ဒီစာတို ပေစလေးကို website ပေါ် ပြေးတင်လိုက်ပါဦးမယ်။

အန်ကယ် တူမီး

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar