Breaking News

နိုင်မွန်အောင်သွင် - ရန်ကုန်လမ်းမများ


 Art by NA
ရန်ကုန်လမ်းမများ
နိုင်မွန်အောင်သွင်
(မိုးမခ) ဇွန် ၇၊ ၂၀၂၄

တစ်ဦးနဲ့တစ်ဦး
ကြည့်နေရင်းနဲ့ကို ပျောက် ပျောက်သွား၊
လမ်းတွေကမတရားကြပ်လာတယ်ကွာ။

မိုးတိမ်တွေကို မော့မကြည့်အားသေးဘူး
ရေဆိုးတွေက
မြောင်းတွေပေါ် တွားတက်လာ။

လမ်းတွေက ကြပ်နေရင်း
လမ်းတွေကရေလျှံတယ်။
လမ်းတွေဟာ 
နေ့တိုင်း နားနဲ့ဆတ်ဆတ်ကြားနေရတယ်။
လူတွေဖဝါးနဲ့ပြောတာ နားနဲ့ကော ရင်နဲ့ပါ နာနေကြရတယ်။
သူ့ကိုယ်သူအသိဆုံး။
ရန်ကုန်လမ်းမတွေဟာ
ခန်းနားစွာ
လန်းခဲ့ဖူးတယ်ဆိုတာ...။

မင်းတို့
အရင်တွေ့ဖူးနေကျလမ်းတွေက
ချိုင့်တွေမရှိဘူး။
ခိုးကြောင်ခိုးဝှက်အိပ်မက်တွေလို
ချိုင့်တွေမရှိဘူး။
တစာစာတောင်းရမ်းနေတဲ့လက်ဖဝါးတွေလို
ချိုင့်တွေမရှိဘူး။

အဖော်ကောင်းလို့ ည ထကြည့်ရင်
မာကျူရီမီးရောင်တလက်လက်ကို
အိပ်မက်ထဲ အပါခေါ်သွားခဲ့ဖူးလိမ့်မယ်။

စိတ်သိပ်မရှည်လှတဲ့ကားတွေဟာ 
လမ်းတွေကိုချနင်းပြီး
လမ်းတွေကမောင်းလို့မကောင်းဘူး...လို့ အော်ပြောကြတယ်။
ကားတွေတစာစာဟွန်းတီးသွားကြတယ်ဆိုတာ
လမ်းတွေအတွက် မကြားဝံ့မနာသာတွေပဲ။

လမ်းတွေကကြပ်လာတယ်ကွာ။
လမ်းတွေကရေလျှံတယ်။
မိုးညို့လာတဲ့အခါတိုင်း
လမ်းတွေဟာပြေးပေါက်မှားနေကြတယ်။
အရေးအခင်းကြီးတွေနဲ့ပက်ပင်းကြုံတွေ့ခဲ့ဖူးသလိုပဲ
လမ်းတွေဟာပြေးပေါက်မှားနေကြတယ်။
အချိုးအကွေ့မှားနေသေးတဲ့အတွေးအခေါ်တွေလိုပဲ
လမ်းတွေဟာပြေးပေါက်မှားနေကြတယ်။

လမ်းတွေကြပ်တည်းနေပုံက
ပူပူနွေးနွေးဒဏ်ရာတစ်ခုပေါ်မှာ
ကြပ်စည်းထားသလိုပဲ
သဲအိတ်ဘန်ကာတွေအထပ်ထပ်နဲ့။
ကြည့်လေရာရာမှာလည်း
သံဆူးကြိုးတွေက 
မြို့ပြငါးဖမ်းပိုက်တွေပမာ
ကဲ မင်းတို့ကဘာတွေလိုချင်နေကြတာလဲ
မျက်လုံးတွေက
ခလုတ်မထိပဲ ဆူးတွေနဲ့ပဲ ငြိ ငြိနေရတယ်။

မီးပွိုင့်တွေက
အရင်ကလောက် 
မစိမ်းတော့ဘူး။
မီးပွိုင့်တွေက
အရင်ကလောက် 
မဝါတော့ဘူး။
မီးပွိုင့်တွေက
အရင်ကလောက် 
မနီတော့ဘူး။

တလွင့်လွင့်ကြွေကျလာတဲ့
ဗာဒံရွက်က
အသက်ထက် ပိုလို့တောင်တန်ဖိုးကြီးနေသလိုပဲ။

လမ်းတွေဟာ
ဝမ်းစာမပြည့်လှတဲ့ကဗျာတွေလို
စကားလုံးတွေလည်းဆင်းရဲလာတယ်။
နေ့ဖို့ညစာမဖူလှုံနိုင်သေးတဲ့
ရယ်သံကျဲကျဲတစ်ခုလို
ဝေါဟာရတွေဆင်းရဲလှတယ်။
မတည်ငြိမ်သေးတဲ့ဦးခေါင်းတွေထဲ
ပြေးစရာမြေက ဆင်းရဲလှတယ်။
တစ်ခုခုပြောင်းပြောကြည့်ပါလား။
လမ်းတွေဟာကိုယ့်ကိုကိုယ် လိပ်လိုက်ကြတယ်။
ဖျာလိုလိပ်လိုက်ကြတယ်။
ပတ်စာခွာ ဖျာလိပ်သလိုမျိုး။

မင်းတို့စကားလုံးတွေမပြောင်းရင်
ငါတို့ချက်ခြင်းပဲပြောင်းကြတော့မယ်။
သူကောင်းဖြစ်ဖြစ် မဖြစ်ဖြစ်
တရွာတကျေးကိုပဲ ပြောင်းကြတော့မယ်။

တချိန်က
ရွှေထီးဆောင်းခဲ့ဖူးသူ
ရန်ကုန်လမ်းမများ။

၇.၆.၂၀၂၄
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar