Breaking News

ငပလီကမ်းခြေက ရေလုပ်ငန်းကျေးရွာမှာ အရပ်သား အများအပြားသေဆုံး၊ လွိုင်ကော်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၇ မြင်ကွင်း

(မိုးမခ) ဇွန် ၈၊ ၂၀၂၄

ငပလီကမ်းခြေက ရေလုပ်ငန်းကျေးရွာမှာ အရပ်သား အများအပြား သေဆုံး၊ လွိုင်ကော်မြို့ကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သံတွဲမြို့နယ်ထဲက မြန်မာနိုင်ငံမှာ အလှဆုံး အပန်းဖြေနေရာ တခုအဖြစ် ကျော်ကြားတဲ့ ငပလီကမ်းခြေတလျှောက်မှာရှိတဲ့ ကျေးရွာတွေအနက် ဆင်ခေါင်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေနဲ့ အရပ်သားအများအပြားသေဆုံးခဲ့ကြတဲ့ သတင်းတွေ ပေါ်ထွက်လာပါတယ်။ သံတွဲနဲ့ ၄ မိုင်ခန့်ဝေးတဲ့ ငပလီကမ်းခြေတလျှောက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ ကျေးရွာတွေ ရှိကြတဲ့အနက် ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီဘက်က ပစ်မှတ်ထားပြီး ပစ်ခတ်နေတာ ဖြစ်ပြီး သေဆုံးသူတွေက အရပ်သားတွေလို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ 

ဇွန်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ စစ်ကောင်စီဘက်က ရေတပ်၊ မြေပြင်နဲ့ လေကြောင်းတွေကနေ ဆင်ခေါင်းရွာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာမှာ ရေလုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာက အရပ်သား ၁၀၀ ဝန်းကျင်အထိ သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားကြတယ်လို့ သတင်းတွေထဲ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့လတွေက သံတွဲနဲ့ တောင်ကုတ်မြို့အကြားက သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ရှိတဲ့အနီးက ကျေးရွာတချို့မှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက အခု သီတင်းပတ်မှာ သံတွဲမြို့အနီး ငပလီကမ်းခြေဆီ တိုက်ပွဲတွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။ AA လက်နက်ကိုင် အဖွဲ့အနေနဲ့လည်း ရေလမ်းကြောင်းကနေ ငပလီကမ်းခြေဘက်ကို ဝင်ရောက်လာတဲ့ အနေအထားရှိပြီး ငပလီကမ်းခြေအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်ရင်းတွေကို သိမ်းယူဖို့ ရည်ရွယ်တဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

သို့ပေမဲ့ အခု သေဆုံးရတဲ့ အရပ်သားတွေက ရေလုပ်ငန်း လုပ်ကိုင်တဲ့ ကျေးရွာတရွာသာဖြစ်ပြီး ဘာကြောင့် ဆင်ခေါင်းကျေးရွာကို ပစ်မှတ်ထား တိုက်ခိုက်ရသလဲဆိုတဲ့ အချက်ကိုတော့ ရှင်း ရှင်းလင်းလင်း မသိရှိကြရပါဘူး။ ဖြစ်နိုင်ခြေ အချက်တချက်ကတော့ ငပလီကမ်းခြေတလျှောက်က ကျေးရွာတွေအနက်  အဆိုပါကျေးရွာမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်က လာရောက် အလုပ်လုပ်ကိုင်သူတွေ အခြားကျေးရွာတွေထက်များပြားပြီး စစ်ကောင်စီ အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက လာရောက်နေထိုင် လုပ်ကိုင်သူတွေကို AA ကို အားပေးထောက်ခံသူတွေအဖြစ် မှတ်ယူပြီး ပစ်မှတ်ထား တိုက်ခိုက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူနေကျေးရွာ တရွာကို အခုလောက် ပြင်းထန် များပြားတဲ့ အမြောက်တွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာမျိုး မြန်မာနိုင်ငံ အခြားသောဒေသတွေမှာ တွေ့ရလေ့ မရှိပဲ ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲမြို့နယ်ထဲက ငပလီ ကမ်းခြေတလျှောက် ဖြစ်ပွားတဲ့တိုက်ပွဲမှာသာ တွေ့မြင်ရတာ ဖြစ်ပါတယ်။ 

မကြာသေးခင်းက ကျေးရွာခံ ၆၀ ကျော်သတ်ဖြတ်ခံခဲ့ရတဲ့ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာအဖြစ် အပျက်ပြီးနောက် ရက်အနည်းငယ် အတွင်းမှာ နောက်ကျေးရွာတရွာကို စစ်ကောင်စီက လက်နက် ကြီးတွေနဲ့ မတန်တဆပစ်ခတ်ကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အရပ်သားလို့ ယူဆရသူ ၁၀၀ ဝန်းကျင် အထိသေဆုံးရပြန်တာ ဖြစ်ပါတယ်။ ဒီကျေးရွာမှာ AA လက်နက်ကိုင်အဖွဲ့ အခြေချတယ်မချတယ်ဆိုတဲ့ သတင်းအချက်အလက် ခိုင်ခိုင်မာမာမတွေ့ရဘဲ စစ်ကောင်စီအနေနဲ့ AA အခြေစိုက်တယ်လို့ ယူဆပြီး ပြင်းပြင်းထန်ထန် ပစ်ဒဏ်ခတ်လုပ်ဆောင်ခဲ့တဲ့ သဘောလို့ မှန်းဆရပြီး စစ်ကောင်စီအနေနဲ့ နောက်ထပ် စစ်ရာဇဝတ်မှုတခု ကျူးလွန်လိုက်တာလည်း ဖြစ်ပါတယ်။ AA အနေနဲ့ ငပလီကမ်းခြေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တော့မယ့် အရိပ်အယောင်တွေကို ဒေသခံတွေ သဘောပေါက်ကြပေမယ့် အခုလို မြန်မြန်ဆန်ဆန် ဖြစ်ပွားလာမယ့်အနေအထားနဲ့ စစ်ကောင်စီဘက်က အင်အားမတန်တဆ သုံးပြီး လက်နက်ကြီးနဲ့ လေကြောင်းက တိုက်ခိုက်လိမ့်မယ်လို့ မျှော်လင့်မထားကြတဲ့ အခြေအနေကြောင့် အခုလို အများအပြား သေဆုံးကြရတာလို့ ကောက်ချက်ချရပါတယ်။ 

ဒီနေ့ အဖို့ နောက်ထပ် အကြောင်းအရာတခုကတော့ ကရင်နီပြည်က မြို့တော် လွိုင်ကော်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာတာ ၇ လ ဝန်းကျင်ရှိလာပြီးနောက်မှာ စစ်ကောင်စီဘက်က တန့်နေတဲ့ အနေအထားကနေ မြို့ရဲ့ နယ်မြေတွေကို ပိုမိုပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနေတဲ့ အကြောင်း အခုရက်ပိုင်း သတင်းတွေထဲ ဖော်ပြထားတာ တွေ့ရပါတယ်။ 

ဇန်နဝါရီလနှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ပအို့ဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်တိုက်ပွဲပြီးနောက် ဆီဆိုင်ကနေ လွိုင်ကော်ဘက်ကို ဆက်လက်ချီတက်လာတဲ့ စစ်ကြောင်းအင်အားကို အသုံး ပြုပြီး လွိုင်ကော်မြို့ပေါ်က နောက်ထပ် ရပ်ကွက် နယ်မြေတွေ တိုးချဲ့ သိမ်းယူဖို့ ကြိုးစားနေတာလို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

လွိုင်ကော်မြို့ ရဲ့ တက္ကသိုလ်၊ အစိုးရရုံးတချို့ နဲ့ လူနေရပ်ကွက်တွေ ကို KNDF တပ်တွေ သိမ်းယူထားတာ ဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ အကျဥ်းထောင်နဲ့ အချို့သော အစိုးရရုံးတွေ ရပ်ကွက်တွေကို သိမ်းယူထားတာ ဖြစ်ပါတယ်။ လူဦးရေ ၆ သောင်းဝန်းကျင် ရှိတဲ့လွိုင်ကော်မြို့ဒေသခံတွေကတော့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာတာနောက်မှာ ရှမ်းပြည်နယ်၊ နဲ့အခြားသော ဒေသတွေဆီ တိမ်းရှောင်ခဲ့ကြရပြီးဖြစ်ကာ နေအိမ်တွေ မီးလောင်ပျက်စီးတာ၊ လက်နက်ကြီးတွေ ထိမှန်ပျက်စီးတာနဲ့ နေအိမ်က ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူခံရတာတွေကြောင့် ဆုံးရှုံးမှုကြီးမားတယ်လို့ ဆိုနိုင်ပါတယ်။ 

KNDF ရဲ့ နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်တဲ့ လွိုင်ကော်မြို့ သိမ်း စစ်ဆင်ရေးကို တစ်လေးလုံး စစ် ဆင်ရေးလို့ အမည်ပေးထားပြီး စစ်ကောင်စီအနေနဲ့လည်း ပြည်နယ်တခုရဲ့ မြို့တော်ဖြစ်တာကြောင့် လွိုင်ကော်မြို့ လုံးလုံးလျားလျား မဆုံးရှုံးရအောင် လေကြောင်း နဲ့ မြေပြင် နှစ်ခုလုံးကို သုံးပြီး ခုခံ တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။ အခုလို ၇ လတာ တိုက်ပွဲတွေအတွင်း လွိုင်ကော်မြို့ အကျဥ်းထောင်ထဲက အကျဥ်းကျခံနေရသူတွေ အနေနဲ့ ဘယ်ကိုမှ ရွှေ့ပြောင်းနိုင်ခြင်း မရှိဘဲ၊ ရိက္ခာမလုံလောက်တာ၊ လွတ်ရက်စေ့ပေမယ့်လည်း မလွတ်မြောက်တဲ့ အဖြစ်အပျက်တွေ ရှိနေတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ 

ကရင်နီ တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေအနေနဲ့လည်း နိုဝင်ဘာ ၁၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ၇ လနီးပါး ကြီးကြီးမားမား တိုးတက်မှုမရရှိခဲ့တဲ့ လွိုင်ကော်မြို့ တိုက်ပွဲကို ထပ်မံ အရှိန်မြှင့်တိုက်ခိုက်ကောင်း တိုက်ခိုက်လာနိုင်ပြီး စစ်ကောင်စီဘက်ကလည်း ရှိသမျှ အင်အား လေကြောင်း အကူတွေပါ အသုံးပြုပြီး နောက်ထပ်လနဲ့ ချီကြာကောင်းလည်း ကြာနိုင်တဲ့ အနေ အထားလည်း ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar