လေခဏီ - မီးသွေးဖုတ် ကျောက်စိမ်းဖမ်း တအာင်းနိုင်ငံရေး
မီးသွေးဖုတ် ကျောက်စိမ်းဖမ်း တအာင်းနိုင်ငံရေး
လေခဏီ
(မိုးမခ) ဇွန် ၈ ၊ ၂၀၂၄
မီးသွေးပဲထိုင်ဖုတ်နေတဲ့ တအာင်းတွေက ကျောက်စိမ်းကို တရားမဝင်ပစ္စည်းလုပ်ဖမ်းတာက တော့ ပြန်လည်စဉ်းစားသုံးသပ်သင့်ပါတယ်။
တရားမဝင် ဆိုရင်တော့ အဖွဲ့ပိုင်လည်း လုပ်လို့မရ၊ ဖျက်ဆီးပစ်ရမှာ။ မဟုတ်ရင်တော့ အဖမ်းခံရသူတွေလိုဘဲ တရုတ်ကို သွားရောင်းစားရမှာလေ။ အဲဒီလိုမလုပ်ဘဲ ထိုက်သင့်တဲ့ အခွန်စည်းကြပ်လိုက်ရင် ဟန်ကျပန်ကျအုပ်ချုပ်စီမံရေး ဖြစ်မယ် ထင်ပါရဲ့။
အဖမ်းခံကျောက်သမားတွေ မြင်တော့ ဆက်စပ်တွေးမိတာတခု ရှိတယ်။ တအာင်းပလောင်ကလေးတွေဟာ နှစ် သုံးဆယ်ကျော်ရော့မယ်၊ ပညာလည်းတတ် စစ်ထဲလည်း မညပ်၊ စစ်နဲ့လည်း အသတ်မခံရအောင် ပြည်မကို ပို့ကြရတာ များပါတယ်။ ပြည်မဆိုလည်း မန်းလေး၊ စစ်ကိုင်းအများစုပေါ့လေ။ ကိုရင်လေး၊ ဦးဇင်းလေး သီလရှင်လေးတွေ မေးကြည့်လိုက်ရင် ပအိုဝ်းမဟုတ် ပလောင်၊ ပလောင် မဟုတ် ပအိုဝ်းချည်းဆိုပါတော့။ ဒီ ကိုရင် ဦးပဉ္စင်း၊ သီလရှင်လေးတွေကို ဆွမ်းရော ဆန်ရော ပိုက်ဆံရော ပစ္စည်းလေးပါးလုံး ဆိုပါတော့၊ ထောက်ပံ့လှူဒါန်းနေသူ အများစုမှာ ကျောက်သမားတွေလည်း ပါဝင်ပါတယ်။
အရွယ်ရောက်သူတွေကတော့ တရုတ်ကို ကြံခုတ်တောင်သူလုပ် ဘာညာ သွားကြတာပေါ့လေ။ တောင်ပေါ်မှာ လက်ဖက်တက်ခူးရင် ဒုက္ခိတဖြစ်နိုင်သေးတာကိုး။ မဟုတ်လဲ ပြည်သူ့စစ်ထဲ လိုက်ရ၊ ပြည်သူ့စစ်ထဲ လိုက်ရမှာ မဟုတ်လား။ အဲဒီတော့ ကိုယ့်သားသမီး သူ့ဘာသာလွတ်လွတ်ကျွတ် ကျွတ်အသက်ရှင်ပါစေဆိုပြီး ကြုံရာလူနဲ့ ထည့်ပေးလိုက်ရတာပါပဲ။
ခုဆိုရင် အဲဒီလို ကလေးတွေ ဆက်လက်စီးမျောထွက်မသွားဖို့ ဆရာ၊ ဆရာမသင်တန်း ကြိုးစား ပမ်းစားလုပ်နေတာ တွေ့ရပါတယ်။ ထွက်သွားကြသူတွေကလည်း ပြည်မမှာ အခြေတောင်ကျနေပြီဆိုတော့ ပြန်လာကြဖို့ သိပ်မမြင်ပါဘူး။ နိုင်ငံကွဲသွားရင်တောင် နှစ်နိုင်ငံသားခံကြဖို့ များပါတယ်။ ရွာတိုင်းမှာ ကျောင်းမဖွင့်နိုင်ရင် ကလေးတွေ ပြည်မကို ဆက်ဆင်းကြအုံးမှာဘဲလေ။ အဲ စစ်လည်း ဆက်ဖြစ်မနေရင်ပေါ့။
စစ်အုပ်စုက ဟိုင်ဂင်ကို ဖိုင်ကင်နေမှန်း သိရက်နဲ့ အဲဒီလက်ကို မပုတ်ဘဲ ထိစပ်မှန်သမျှနဲ့ ငြိလိုက် ထိတွေ့လိုက် ဖြစ်နေတာကလည်း လက်ရှိအခြေအနေအရ အမျှော်လင့်ကြီး မျှော်လင့်ခဲ့တဲ့ ပြည်မပြည်သူတွေကို တစုံတရာ ခံစားမိစေပါလိမ့်မယ်။ တော်လှန်ရေးကလည်း လမ်းခုလတ်မှာပဲ ရှိပါသေးဆိုတော့ လုံခြုံစိတ်ချ အေးမြဘေးကင်း ပေါကြွယ်ခြင်းတွေနဲ့ ခေမရဋ္ဌတိုင်းအဆင့် ပြည်အဆင့် နိုင်ငံအဆင့် ဘယ်သူမှ မရောက်သေးပါဘူး။ ထူထောင်ကြမလို့ဘဲ ရှိပါသေးတယ်။
တကယ်တော့ ဩဇာဆိုတာ သဘောထားပေါ်မှာ အခြေပြုရတာ မဟုတ်လား။ ကိုယ့်လုပ်ရင် မကြိုက်ခဲ့တာတွေကို သူများကို ပြန်လုပ်တတ်တာကို သဘာဝလို့ သဘောမထားဘဲ မမြဝင်းဆင်ဒရုန်းလို့သတ်မှတ်ကြပါတယ်။ Non တွေနဲ့ပတ်သက်ရင်တောင် နိုင်ငံရေးသဘောထားက လှုပ်လိုက်မြုပ်လိုက်ဖြစ်နေတာကို တွေ့ရပါတယ်။ မမနုကြည်ကဗျာလို ကိုကိုညီနောင်တပုဒ် ပေါ်ထွက် လာရမယ်ဆိုရင်တော့ နိုင်ငံရေးအရှိန်ကျသွားနိုင်လေရဲ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar