Breaking News

နေသွင်ညိဏ်း - ကျနော်တို့ယုံနေတဲ့ ပုံပြင်တွေအကြောင်း


ကျနော်တို့ယုံနေတဲ့ ပုံပြင်တွေအကြောင်း
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၉၊ ၂၀၂၄

ဒီနှစ်ပိုင်းအတွင်း အာရုံအကျဆုံး စာရေးဆရာက ယူဗယ် ဟာရာရီပါပဲ။ သူ့စာအုပ်တွေ၊ သူ့အင် တာဗျူး၊ ဒီဘိတ်တွေကနေ အမြင်လည်းသစ်၊ ဘဝင်လည်း ကျသွားတာ တော်တော်များတယ်။ တလောက Ian Bremmer နဲ့ အင်တာဗျူးကို ကြည့်မိတယ်။ မေးသူကလည်း ဆရာတဆူဆိုတော့ အင်မတန် ကြည့်လို့ကောင်းတယ်။ 

‘’ ယူဗယ်က လူတွေ စစ်တိုက်တာနဲ့ တိရစ္ဆာန်တွေ ရန်ဖြစ်တာ သဘာဝချင်းတူတူပဲလို့ တချို့ပြောကြတာ တကယ်က မဟုတ်ဘူးဆိုတာကို နှစ်အတန်ကြာ သုတေသနလုပ်ရင်းသိရတာက တကယ်မဟုတ်ဘူးပဲ။’ လို့ စလိုက်တယ်။ 
တိရစ္ဆာန်တွေက အစာအတွက် နယ်မြေအတွက် စစ်တိုက်ပြီး လူတွေက ပုံပြင်တွေအတွက် စစ် တိုက်တာ ‘’’ လို့ သူ့ အယူအဆကို တင်ပြတယ်။ 
တကယ်က ယူဗယ်က ကျနော် တို့ သိပြီးသားကို နရေးတစ် ပြောင်းပြောတာ။ လူတွေ အယူဝါဒကြောင့် -ism ကြောင့် စစ်တိုက်မှန်း ကျနော်တို့ သိပြီးသားပါ။ 

ဆိုလိုတာက ကျနော်တို့ သိတာတွေကို သူက ပုံပြင်တွေပါလို့ ပြောင်းပြောလိုက်တာ။ မြန်မာစကားမှာ တကယ်မဟုတ်တဲ့ ဇာတ်လမ်း၊ ယုံတမ်းစကားတွေကိုလည်း ပုံပြင်လို့ သုံးကြတယ်။ 
အင်္ဂလိပ်လိုတော့ story ပေါ့။ စကားစပ်လို့ story ဆိုတာ ဂျာနယ်လစ်ဇင်မှာလည်း သုံးပါတယ်။ တကယ်က ဂျာနယ်လစ်ဇင်ဆိုတာ အချက်အလက်တွေအပေါ် အခြေခံရတာမျိုးပါ။ story ဆိုလို့ ထိုးဇာတ်တွေကိုချည်း ဆိုလိုတာ မဟုတ်ဘူးဆိုတာ ဆဝါမိဖို့ပါ။ 
ဒီလိုပါ။ ယူဗယ်က ခေတ်သစ်နိုင်ငံရေးသမိုင်းမှာ ပုံပြင်ကြီး ၃ ပုဒ်ရှိတယ်လို့ ဟောတယ်။ 

၁- ဖက်ဆစ်ပုံပြင်
၂- ကွန်မြူနစ်ပုံပြင်
၃- လစ်ဘရယ် ပုံပြင်

ဖက်ဆစ်ပုံပြင်က နိုင်ငံချင်းချင်းကြားက ပဋိပက္ခ၊ ကွန်မြူနစ်ပုံပြင်က လူတန်းစား ပဋိပက္ခ ပုံစံ တွေးခေါ်တယ်။ ပြုမှုတယ်။ နှစ်ခုစလုံး သမိုင်းမှာ စစ်ပွဲပေါင်များစွာကို ဖန်တီးခဲ့ပြီး အင်အားလျော့သွားခဲ့ပြီ။ အခု ကမ္ဘာကြီးဟာ လစ်ဘရယ် ပုံပြင်နဲ့ ခရီးဆက်နေတယ်။ ပဋိပက္ခထက် ပူးပေါင်းဆောင်ရွက်ရေးကို ပိုအာရုံစိုက်တဲ့ ပုံပြင်ဆိုပါတော့။ ပုံပြင်တွေမှာ သက်တမ်းရှိတယ်။
ဒါဖြင့်ရင် အခု အစ္စရေး ပါလက်စတိုင်း၊ ရုရှား ယူကရိန်း စစ်ကျတော့ ဘာဖြစ်တာလဲဆိုတာကို သူက ဆက်ပြောတယ်။ ပုံပြင်ကြောင့်ပါပဲတဲ့။ 
တကယ်တော့ ဂျေရူ့စလမ် ဆိုတာ ရိုးရိုးနေရာတခုပါပဲတဲ့။ သံလွင်ပင်နည်းနည်းပါးပါး စိုက်လို့ရတယ်။ ယုန်တွေ၊ ငုံးတွေ၊ သစ်ပင်တွေ၊ ကျောက်တုံးတွေ၊ လူတွေ ရှိတယ်။ ဒါတွေက ကမ္ဘာ ဘယ်နေရာမဆိုရှိတာပါပဲတဲ့။ တန်ဖိုးရှိတယ် ပြောရအောင် ရေနံ မထွက်၊ ရွှေမထွက် ဆိုတော့ ဘယ်လိုလုပ်ပြောနိုင်မလဲ။ 
ယူဗယ်က ဂျူးလူမျိုး၊ ဘာသာမဲ့၊ အောက်စဖို့က PhD ရပြီး၊ အစ္စရေး တက္ကသိုလ်က ပါမောက္ခပါ။ သားသတ်လွတ်သမား၊ တနေ့ ၂ နာရီလောက် ပုံမှန်တရားထိုင်သူပေမယ့် ဘာသာရေးနဲ့ မဆိုင်ဘူးလို့ သူက ပြောတတ်တယ်။ 

အခုတခါ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ဖြစ်တော့ စိုင်းမွန် စီးဘတ်ရဲ့ ‘ ဂျေရုစလမ်’ - အထုပ္ပတ္တိ ဆိုတဲ့ စာအုပ်ကို လူတွေ စိတ်ဝင်စားလာကြပြန်တယ်။ ဒီစာအုပ်ထဲ ဂျေရုစလမ်နဲ့ ပတ်သက်လို့ ခရစ္စယာန်၊ အစ္စလာမ်၊ ဂျူး တို့ ဘာကြောင့်တန်ဖိုးထားကြလဲ ဆိုတဲ့ အကြောင်းတွေ ရေးထားတယ်။ အလွန် ဆွတ်ပျံ့ဖွယ်ကောင်းပါတယ်။ 
ဒါတွေကို ယူဗယ်က ပုံပြင်- တနည်း ဇာတ်လမ်းတွေပါ လို့ သူ့ရဲ့ ခြင်းကြီးထဲ အကုန်ထည့်ပစ်လိုက်တာ ဘာသာရေး ကိုင်းရှိုင်းသူတွေအတွက် နည်းနည်း ရက်စက်ရာ ကျနေမလားပဲ။ သူပြောတာ လက်မခံချင် ငြင်းလို့ရပါတယ်။ အခုထိတော့ သူထုတ်သမျှ စာအုပ်တွေ အကုန် သန်းချီရောင်းရ၊ ဘာသာပေါင်း ၄၀-၅၀ နဲ့ ဘာသာပြန်ပြီးပြီ၊ မြန်မာပြည်မှာလည်း ဆရာ ၂ ဦး၊ ၃ ဦး ဘာသာပြန်ကြတယ်၊ စိတ်ဝင်စားကြတယ်လို့ သိရပါတယ်။ 

ယူဗယ်က သူ့ရဲ့ ပုံပြင် ဇာတ်လမ်း အယူအဆက စစ်ပွဲတွေ၊ ဘာသာရေးတွေ၊ အမျိုးသားရေး၊ စျေးကွက်နဲ့ ငွေကြေး အားလုံးအပေါ် လွှမ်းခြုံပစ်လိုက်တယ်။ ပြောရရင် လူတွေနဲ့ ဆိုင်သမျှအားလုံးဟာ ပုံပြင်တွေအပေါ် အခြေခံထားတာပါပဲတဲ့။ စာရှည်မှာ စိုးလို့ နမူနာပေးတာကိုရပ်ပြီး ဆက်ကြစို့။ 
ဆိုတော့ ပုံပြင်တွေက ဘာဖြစ်လဲ။ ပုံပြင်တွေက အရေးကြီးပါတယ်။ တကယ်တော့ လူသားဟာ ပုံပြင်တွေကြောင့်ပဲ တခြားတိရိစ္ဆာန်တွေထက်သာပြီး ကမ္ဘာကြီးကို လွှမ်းမိုးထားတာလို့ သူက ထောက်ပြတယ်။  ဘာသာရေးတို့ အမျိုးသားရေးတို့ဆိုတာက လူအများကြီးကို ပူးပေါင်းဆောင် ရွက်စေတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ လူ့ယဉ်ကျေးမှုကို အဆင့်ဆင့်တိုးတက်စေခဲ့တယ်လို့ သူက တင်ပြတယ်။ 
ဒါပေမယ့် လူတွေ ပြောတဲ့ ဘာသာရေး၊ အမျိုးသားရေး ပုံပြင်တွေထဲမှာ အဓိပ္ပါယ်မရှိတာတွေ၊ မမျှတာတွေလည်း အများကြီး ရှိနေတာပါပဲ။ 

ကျနော်စိတ်ဝင်စားမိတဲ့ ၂ ချက်ကို ပြောပါမယ်။
 
အမျိုးသားရေးဆိုတာ ဒီမိုကရေစီရဲ့ တင်ကြိုလိုအပ်ချက်လို့ သူက တင်ပြတယ်။ nationalism ကို အမျိုးသားရေးလို့ ဘာသာပြန်ကြတာက ခေါက်ရိုးကျိုးနေလို့ ရေးရတာပါ။ ဆိုလိုတာကတော့ national identity ခိုင်မာမရှိရင် functioning democracy မရှိနိုင်၊ တနည်း ဒီမိုကရေစီ သွေးကြောပိတ် ဝေဒနာ ခံစားရနိုင်တယ်လို့ တင်ပြတာပါ။ မြန်မာပြည်ရဲ့ national identity က ဘာပါလဲလို့ ကျနော် စဉ်းစားကြည့်ပါတယ်။ 

နောက်တချက်က ဒီမိုကရေစီအယူအဆပါ။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲနဲ့ထပ်တူမပြုသင့်ဘူးလို့ပညာရှင်တွေ ပြောခဲ့ကြပါပြီ။ ယူဗယ်က  ထပ်ပြောတယ်။  ‘’ ဒီမိုကရေစီဆိုတာ conversation ဖြစ်စဉ်တခုပါ။ ရွေးကောက်ပွဲ မတိုင်ခင် conversation လုပ်၊ ရွေးကောက်ပွဲပြီးရင်လည်း လုပ်၊ ဆက်သာလုပ်ပါ။ conversation မလုပ်နိုင်တဲ့နေ့ ဒီမိုကရေစီ ပျက်စီးကိန်းဆိုက်တဲ့နေ့ပါပဲ’’။ သူက ဒီလိုဆိုတယ်။ 
နေစမ်းပါဦး။ အမြဲတမ်း ဖြစ်နိုင်ပါ့မလားလို့ မေးစရာရှိတယ်။ သူက ဥပမာတခုပေးတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တိတိက ရဝမ်ဒါ လူမျိုးတုန်းကို ကြားဖူးကြပါတယ်။ ၁၉၉၄ ဧပြီနဲ့ ဇူလိုင်အတွင်း ရက်ပေါင်း ၁၀၀ မှာ တူစီ လူမျိုးစု တသန်းလောက် အသတ်ခံခဲ့ရတယ်။ ဟစ်တလာရဲ့ ဂျူး သုတ်သင်ရေးပြီးရင် အဆိုးဆုံး ဆိုရမလားပဲ။ ဒါပေမယ့် ဒီနေ့ ရဝမ်ဒါဟာ အများကြီး ပြောင်းလဲသွားခဲ့ပြီ။ ဘာကြောင့်လဲဆိုရင် ပုံပြင်တွေကို ပြောင်းလဲခဲ့ကြလို့ပါပဲ။ ပုံပြင်တွေမှာ မမျှတရင် မေးခွန်းထုတ်ကြရမယ်။ ပြောင်းလဲသင့်တာ ပြောင်းလဲကြရမယ်။ 

‘ နိုင်ငံရေးဆိုတာ သင်္ချာပုစ္ဆာမဟုတ်ဘူး။ သင်္ချာမှာသာ အဖြေမရှိတဲ့ ပုစ္ဆာရှိတယ်။ နိုင်ငံရေးမှာ အဖြေရှိတယ်။ တခုမကတောင်ရှိသေးတယ်။’ လို့ ဟောတယ်။ 
ကလေးဆန်တယ်ဆိုရင်လည်း အခုကျနော် ယူဗယ် ကလေးတွေအတွက် ရေးထားတဲ့ စာအုပ်ကို ဆက်ဖတ်နေပါတယ်။

နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar