Breaking News

တရားမျှတမှု၊ လူ့အခွင့်အရေး လေးစားတန်ဖိုးထားမှုနဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်ခြင်း

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၈ မြင်ကွင်း

(မိုးမခ) ဇွန် ၉၊ ၂၀၂၄

တရားမျှတမှု၊ လူ့အခွင့်အရေး လေးစားတန်ဖိုးထားမှုနဲ့ စစ်ရေးရည်မှန်းချက် အောင်မြင်ခြင်း

စစ်ပွဲတွေ ဖြစ်ပွားလာသည်နှင့်အမျှ တရားမျှတမှုတွေက တစတစ လျော့နည်း ပျက်သုဥ်းလာနေတဲ့ ဖြစ်စဥ်တွေတွေ့နေရတာ မြန်မာနိုင်ငံတခုထည်း မဟုတ်ဘဲ နိုင်ငံတကာမှာလည်း အလားတူ ဖြစ်ရပ်တွေ စစ်မက်ဖြစ်ပွားနေတဲ့ ကမ္ဘာ့နေရာတချို့မှာ နေ့စဥ်လိုလို ဖြစ်ပျက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ခုနောက်ဆုံး အဖြစ်အပျက်ဖြစ်တဲ့ အစ္စရေးလ် စစ်တပ်က ၄င်းတို့ရဲ့ နိုင်ငံသား ဓားစာခံ ၄ ဦးကို ကယ်တင်ဖို့ရာ ပါလစ္စတိုင်း အရပ်သား ၂၀၀ နီးပါး ထိခိုက်သေဆုံးခဲ့တဲ့ စစ်ဆင်ရေးတရပ် ဆင်နွှဲခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပျက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က တိတိပပ ကောက်နုတ်ပြောဆိုတဲ့ သာဓက တခုသာဖြစ်ပြီး အလားတူ အဖြစ်အပျက်တွေလည်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်တဲ့ စစ်ဆင်ရေးတွေ အတွင်း ရှိခဲ့တာ ဖြစ်ပါတယ်။ ထောင်ဂဏန်းမျှ ရှိကောင်းရှိနိုင်တဲ့ ဟားမားစ် စစ်သွေးကြွအဖွဲ့ ကို ချေမှုန်းဖို့ရာအတွက် ပါလစ္စတိုင်း အရပ်သား သောင်းနဲ့ချီ အသက်ဆုံးရှုံးပြီး ဖြစ်တဲ့ စစ်ဆင်ရေးကို အစ္စရေးလ် ရဲ့ အစိုးရနဲ့ စစ်တပ်က ဆင်နွှဲနေတာ ဖြစ်ပြီး ကလေး သူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ စစ်ပွဲတွေ အတွင်းအများအပြား ကုန်လွန်ခဲ့တဲ့ ၈ လနီးပါးကာလအတွင်း အသက်ဆုံးရှုံးခဲ့ကြရပြီး ဖြစ်ပါတယ်။  

အစ္စရေးလ် နိုင်ငံမှာ နှစ်ကာလကြာရှည်စွာ ဝန်ကြီးချုပ်ရာထူးကို ရယူထားတဲ့ ဝန်ကြီးချုပ် ဖြစ်သူက အောက်တိုဘာ ၇ ရက်နေ့ ဟားမားစ် စစ်သွေးကြွတို့ရဲ့ စတင်တိုက်ခိုက် သတ်ဖြတ်မှုကို ၄င်းရဲ့ ဝန်ကြီးချုပ်ရာထူးမှာ ဆက်လက်တာဝန်ယူဖို့ အနေအထားဖြစ်အောင် အသုံးချနေတဲ့ သဘောလို့လည်း နိုင်ငံတကာ သတင်းမီဒီယာတွေ အကဲခတ်လေ့လာသူတွေက ကောက်ချက်ချကြတာ ဖြစ်ပါတယ်။ ဒီစစ်ပွဲက အစ္စရေးလ်နိုင်ငံကို လက်နက်အဓိက ထောက်ပံ့ကူညီနေတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဘိုင်ဒန်အစိုးရအတွက်ပါ ကျင့်ဝတ်ဆိုင်ရာ မေးခွန်းထုတ်ခံရပြီး တက္ကသိုလ်ကျောင်းအများအပြားမှာ ပါလစ္စတိုင်း အရပ်သားသေဆုံးမှုနဲ့ အမေရိကန်နိုင်ငံရဲ့ လက်နက်အကူအညီ၊ တက္ကသိုလ်တွေ အနေနဲ့ အစ္စရေးလ် အဆက်အစပ်၊ ငွေကြေးဆိုင်ရာ အကျိုးခံစားမှုတွေကို မေးခွန်းထုတ် ဆန္ဒပြကြတဲ့ ဖြစ်စဥ်တွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ပြီး ဘိုင်ဒန် အစိုးရအဖို့ အစ္စရေးလ် ကို ပေးနေတဲ့ အကူအညီတွေအပေါ် နိုင်ငံတကာ စစ်ရေးစည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီဖို့ ဖိအားပေးတဲ့ အကြောင်းပြသလာရတဲ့ အထိ အရုပ်ဆိုးစေခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်လာပါတယ်။ 

အစ္စရေးလ်ရဲ့ ၄င်းနိုင်ငံသားတယောက်ရဲ့ အသက်က ပြန်ပေးဆွဲမှု၊ ဖမ်းဆီးမှုနဲ့ တိုက်ခိုက်မှု လုပ်ဆောင်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်စေ အဆိုပါလူမျိုးစုထဲက အရပ်သားတွေဖြစ်စေ ၁၀၀ နဲ့ လဲလှယ်ရမယ်ဆိုလည်း လူ ၁၀၀ ကို တိုက်ခိုက်ချေမှုန်းပြီး ကယ်တင်မယ်၊ သို့မဟုတ် ချေမှုန်းမယ်ဆိုတဲ့ ရပ်တည်ချက် သဘောတရားတွေက တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့ နိုင်ငံတနိုင်ငံ အစိုးရတရပ်အဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေရာမှာ အစ္စရေးလ်၊ ပါလစ္စတိုင်း ကိစ္စနဲ့ မြန်မာ့အရေး ဘယ်လို ဆက်စပ်သလဲလို့ မေးစရာလည်း ရှိကောင်းရှိနိုင်ပါတယ်။ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ ကမ္ဘာပေါ်က နေရာတနေရာရာမှာ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေ၊ မတရားမှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ ရပ်တည်ချက် သဘောထား မှတ်ချက်တွေ ရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ဘယ်လို အဖွဲ့အစည်း အစိုးရ၊ လက်နက်ကိုင် အဖွဲ့က ကျူးလွန်သည်ဖြစ်စေ ဆန့်ကျင် ရှုတ်ချဖို့ လိုအပ်ပြီး ဒီလိုအဖြစ်အပျက်တွေ ရပ်တန့်ဖို့ တာဝန်ခံမှုရှိဖို့ မိမိတို့ တတ်နိုင်တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်တွေ ထုတ်ဖော်ပြောဆိုဖို့လိုအပ်တာလည်း ဖြစ်ပါတယ်။ 

အလားတူ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရင် ဖြစ်စေ၊ ဖြစ်ပွားနိုင်ခြေ၊ ဖြစ်ပွားဖို့ ဦးတည်စေတဲ့ ၊ ထောက်ခံအားပေးတဲ့ အခြေအနေတွေကို ကြားသိခံစားရရင်ပဲ မဆိုင်းမတွ ထုတ်ဖော် ပြောဆိုကြရမှာ ဖြစ်ပါတယ်။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နိုင်ငံရေး ရပ်တည်ချက်၊ အခြေခံမူဝါဒ ကိုင်စွဲထားခြင်း မရှိတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ သက်သက်သာ ဖြစ်တယ်လို့ ဆိုတာမျိုးထက် နိုင်ငံရေး ရှိတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ဖို့ အရေးကြီးပါတယ်။ 

တော်လှန်ရေးကာလ ဖြစ်တာကြောင့် လက်နက်ကိုင်အဖွဲ့က နိုင်ငံကာကွယ်ရေးအတွက် သီးသန့် ဖွဲ့စည်းထားတဲ့ အဖွဲ့မျိုး အခြေအနေမျိုး မရှိဘဲ အခုလိုကာလတွေမှာ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ တိုက်ပွဲတွေ၊ အရပ်သားတွေ အပေါ်မှာ ပြုမူသဘောထားပုံ အခြားသော မဟာမိတ် လက်နက်ကိုင်အဖွဲ့၊ ရန်ဘက်လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ သဘောထား၊ ကျင့်ကြံမှုတွေမှာ နိုင်ငံရေး ရပ်တည်ချက်၊ တရားမျှတမှု နဲ့ လူ့အခွင့်အရေး တန်ဖိုးထားမှုတွေအပေါ် အခြေခံတဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။ 

စစ်ရာဇဝတ်မှုတွေ မကျူးလွန်မိစေဖို့၊ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကူညီပါဝင်ခြင်း မပြုမိစေဖို့ အားပေးထောက်ခံခြင်း မပြုမိစေဖို့က တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တိုင်းအဖို့ မူဝါဒအရရော လက်တွေ့ကျင့်သုံးမှုအရ နှစ်ပိုင်းစလုံးမှာ ကင်းရှင်းဖို့ လိုအပ်တာ ဖြစ်ပါတယ်။ 

သမိုင်းမှာ မလှမပ နိဂုံးချုပ်ရတော့မယ့် စစ်အာဏာရှင်ရဲ့ လက်နက်ကိုင်အဖွဲ့တွေက အထက်က ဆိုခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေကို ကျူးလွန်ကြတာ မဆန်းပေမယ့်လည်း ၄င်းတို့ရဲ့ လုပ်ရပ်ကို မနှစ်သက်လို့ ဆန့်ကျင်လို့ လက်နက်ကိုင် တော်လှန်တဲ့ အဖွဲ့တွေ အနေနဲ့ အရေအတွက်အားဖြင့် နည်းပါးသည့်တိုင် ၄င်းတို့ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ သဘောသဘာဝ တူတာမျိုး ပြစ်မှုတွေ မဖြစ်ပွားအောင် နိုင်ငံရေး ရပ်တည်ချက်၊ နိုင်ငံရေး ရည်ရွယ်ချက် ကိုင်စွဲထားခြင်းဖြင့်သာ ထိန်းကျောင်းနိုင်မှာ ဖြစ်ပါတယ်။ 

အဲဒီလိုမှ မဟုတ်ခဲ့ရင် အုပ်ချုပ်သူ ပြောင်းလဲခြင်းသက်သက်မျှ အနေအထားမျိုး လက်နက်ကိုင်အဖွဲ့သာ ပြောင်းလဲသွားပြီး နိုင်ငံရေးစနစ် ပြောင်းလဲသွားခြင်း မရှိဘဲ လူထုအဖို့ နောက်တယောက်သော အာဏာရှင် လက်အောက် ကျရောက်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာလည်း နည်းပါးသည့်တိုင် တည်ရှိနေတဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar