ရဲဘော်တေး - စစ်အုပ်စုက ဘုံရန်သူစစ်စစ် ဖြစ်ပြီလား
ရဲဘော်တေး - စစ်အုပ်စုက ဘုံရန်သူစစ်စစ် ဖြစ်ပြီလား
(မိုးမခ) ဇွန် ၄ ၊ ၂၀၂၄
မအလတပ်က တောင်ကြီးမြို့မှာ ကားတွေကို ချောဆွဲပြီး ကရင်နီဒေသကို လက်နက်ခဲယမ်း ပို့ဆောင်ဖို့အတွက် စီစဥ်နေတယ်လို့ ကားအသိမ်းခံရသူတွေက ပြောပါတယ်။
အရင်က စစ်ကားတွေနဲ့ ပစ္စည်းပို့ဆောင်ခဲ့ရာမှာ မကြာခဏ ချုံခိုတိုက်ခိုက်ခံနေရတာကြောင့် အခုလို အိမ်စီးကားတွေ ပြောင်းလဲအသုံးပြုလာတာဖြစ်ပါတယ်။ ချောဆွဲခံရတဲ့ကားတွေဟာ အစီး ၆၀ ခန့် ရှိပြီး စစ်လက်နက်တွေ ပို့တာ၊ စစ်သားပို့တာမှာ ကြားဖြတ်အတိုက်ခိုက်မခံရအောင် စစ်ဘေးရှောင်တွေကိုလည်း တပါတည်း လွိုင်ကော်ကို ပြန်ခေါ်သွားဖို့ စီမံနေတာပါ။ တောင်ကြီးရောက် လွိုင်ကော်စစ်ဘေးရှောင်စာရင်းကလည်း စစ်ရှောင်သက်သက် စမတ်ကဒ်လုပ်ပေးရင်း ပြုစုထားပြီးသာပါ။
အရပ်သားတွေ အကာအကွယ်ယူ စစ်ထိုးတာကတော့ တပ်မတော်သာ အမိ တပ်မတော်သာ အဖဆိုတဲ့ ကာကွယ်ရေးဌာနရဲ့ အလုပ် လိုလိုတောင် ဖြစ်နေပါပြီ။ သူတို့ကိုယ်ကို ပြည်သူလို့ပဲ ထင်နေသလား၊ ဒါမှမဟုတ် ကာကွယ်ရေးဆိုတာ ပြည်သူက သူတို့ကို ကာကွယ်ပေးရေးလို့များ အမှတ်မှားနေသလားပါဘဲ။
မုဆိုးနားနီးမုဆိုး သူခိုးနားနီး သူခိုး၊ ဓားပြနားနီး ဓားပြ ဆိုသလို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ၊ ထမ်းယမ်းတိုင်ရွာကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းဖြူတွေဟာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ထမ်းယမ်းတိုင်ရွာသားတွေကို ရိုက်နှက် နှိပ်စက်တဲ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းဥစ္စာတွေကိုလည်း အတင်းအဓမ္မယူကြပါတယ်။ ရွာထဲမှာ တပ်စွဲထားပြီး တောင်ယာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ပါတယ်။ ဒါဟာ လူထုကိုကြောက်အောင်ရယ် လုပ် ကိုင်စားလို့မရဘဲ ဒုက္ခနွံနစ် စစ်ကို လက်မခံရဲအောင်ရယ် လုပ်တာပါ။ ဒီနည်းဟာ ဘာမှ သုံးစားမရတော့ဘူးဆိုတာ အညာဒေသ ရခိုင်ဒေသက အဘိုး အဘွားတွေရဲ့ အသံနားထောင်ကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့်လို့ သူတို့နား တခြားနည်းလည်း မရှိဘူးဆိုတော့ ဒါပဲလုပ်တာပါ။ စစ်သားတွေဟာ ပြည်သူတွေရဲ့ ရွှေငွေနဲ့ အဖိုးတန်ပစ္စည်းတွေကို တရားဝင်ယူခွင့်ရနေတော့ သူတို့ခိုင်းတာ လုပ်နေသေးတာကို အမြတ်လို့ သဘောထားကြပါတယ်။
ဆီဆိုင်တိုက်ပွဲ စတင်တဲ့ ဇန်နဝါရီလ ၂၁ ကနေ မေလ ၁၈ ရက်နေ့အထိ ပအိုဝ်းဒေသတွေအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်း၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေကြောင့် အရပ်သား သေဆုံး သူ ၇၅ ဦးထိရှိပြီး ၉၉ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦပေါင်း ၇၀၀ နီးပါးခန့် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီးပါပြီ။ စစ်ရှောင်ပေါင်းကတော့ အများကြီးပေါ့လေ။ ပအိုဝ်းဖြူတွေ ပအိုဝ်းချင်းသတ်သတ် ခေါ်သတ် ကြယ်တွင်းထဲ ချလိုက်တာတွေကလည်း မနည်းတော့ပါဘူး။
ဦးအောင်ခမ်းထီ ခေါင်းဆောင်တဲ့ ပအိုဝ်းဖြူတွေဟာ စစ်ကောင်စီ အလွန် ရှမ်းနိုင်ငံရေးအားပြိုင်မှု၊ နယ်မြေဒေသအပိုင်စားရလိုမှု၊ ကိုယ်ကျိုးစီးပွါးခြေတွင်မက တကိုယ်လုံးကျွံဝင်ထားမှုတွေနဲ့ ကိုယ့်လူမျိုးကို ချခင်း ရင်းနှီးမြှုပ်နှံရင်း ကရင်နီနဲ့ပါ စနစ်တကျ ရန်တိုက်ပေးခံရတဲ့ လူမျိုးရေးဘာသာရေးထောင်ချောက်ထဲ ကျမှန်းမသိ ကျလာနေပါတယ်။
ခုဆို ရှမ်းပြည်မှာ တအာင်းနဲ့ ရှမ်းလဲ ငြိလာ၊ ရှမ်း ရှမ်းချင်းလည်း အုံးလာ၊ တအာင်းက ကိုးကန့်နဲ့ပါ ညီနောင်ချင်းလည်း ထိလာသလို KIAလို မဟာမိတ်နဲ့လည်း ချိပ်လာ၊ တပြိုင်နက်တည်းမှာ ရှမ်းနီနဲ့ကချင်၊ ရိုဟင်ဂျာနဲ့ ရခိုင် တဖြည်းဖြည်းနဲ့ ဘုံရန်သူ မထင်ရှား ဝါးတားတားဖြစ်အောင် လုပ်တာကို သိသိကြီးနဲ့ ခံနေရတာပါ။ လက်နက်ကိုင်တိုင်းဟာ စစ်အုပ်စုကို တိုက်ဖို့ဆိုပြီး လက်နက်ကိုင်ခဲ့ကြပေမယ့် တယောက်ခြေ တယောက်ကြည့်ရင်း စစ်အုပ်စုကို ဘုံရန်သူအဖြစ် အားလုံး တညီတည်းလက်ခံကြတာမျိုး မရှိသလောက်လို့ ပြောရင်ရမယ် ထင်ပါတယ်။
အခုဆို အားလုံးညီတိုက်ရင် စပ်တပ် ပျောက်သွားနိုင်တာ သေချာပေမယ့် ခုထိတော့ မတိုက် မပါကြသေးသလို အရင်ကလည်း တခါမှ ညီညာစုပေါင်းတိုက်ခိုက်ခဲ့တာ မရှိပါဘူး။ ဒီနွေဦးတော်လှန် ရေးမှာပဲ အများဆုံး ပေါင်းစုတိုက်ကြတာပါ။ အရင်က ဒီလောက် စုစည်းတိုက်တဲ့ဟာတောင် မရှိခဲ့ပါဘူး။ ဒါလည်း အင်အားကြီးအဖွဲ့ကြီးတွေ မပါကြသေးပါဘူး။ သူတို့ရှေ့မှာပဲ ဒီလောက် ကြီးမားတဲ့ စစ်အာဏာရှင်ကို တူမီးလက်လုပ် ပုဆိုးစုတ်နဲ့ တိုက်ပွဲဝင်နေတာ မြင်ကြပါတယ်။ CDMတွေလုပ်ပြီး ပြည်တွင်းပြည်ပထောက်ပို့လုပ်နေတာလဲ တွေ့ကြပါတယ်။ တော်လှန်သူတွေက တော် လှန်ရေးကို မယုံကြတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဝမ်းနည်းစရာပါပဲ။
ကျနော်တို့ဟာ တကယ်တော့ အမေရိကန်တွေ ကုလတွေမျှော်မောနေရမှာမဟုတ်ပါဘူး။ အခု လက်နက်ကိုင်ထားသူကြီးတွေအကုန်ပါရင် ပွဲပြီးတာကြာပါပြီ။ စစ်အုပ်စုကိုယ်တိုင် တိုင်းရင်းသားခေါင်းဆောင်တွေကို ဒူးထောက် တောင်းပန်တာလည်း ခံရဖူးလောက်ပါပြီ။
လက်နက်ကိုင်တာကြာလာရင် ကိုယ်ကျိုးစီးပွားနွယ်လာတတ်တာ ဆိုတော့ ကိုယ်ကျိုးစီးပွားနဲ့ စစ်နွံ ဆက်မနစ် စစ်ကျွန် ဆက်မဖြစ်အောင် ဝိုင်းဝန်းပြီး အမြန်ပွဲဖြတ်လို့ ကိုယ့်အချင်းချင်း စားပွဲဝိုင်းထိုင်ကြဖို့ပါဗျာ။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar