Breaking News

ရေရှည်အမြင်နဲ့ ကြည့်တဲ့ ပညာရေး မူဝါဒ ဖြစ်ဖို့လို


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၃ မြင်ကွင်း

(မိုးမခ) ဇွန် ၃၊ ၂၀၂၄

ရေရှည်အမြင်နဲ့ ကြည့်တဲ့ ပညာရေး မူဝါဒ ဖြစ်ဖို့လို 

အခြေခံပညာ ကျောင်းတွေရဲ့ စာသင်နှစ် တနှစ်စတင်တဲ့ အချိန် ဇွန်လပထမပတ်ရောက်ရှိလာပြီ ဖြစ်ပြီး နိုင်ငံ တနိုင်ငံလုံး အနေနဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေ ဘယ်လောက် ရာခိုင်နှုန်း ကျောင်းတက်ရောက်နိုင်သလဲ၊ ဘယ်လောက်က မတက်ရောက်နိုင်ကြသလဲ၊ ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ စာရင်းအင်း အချက်အလက် တိတိကျကျ ရဖို့ မလွယ်ကူပေမယ့် စစ်ကောင်စီရဲ့ အောက်က စာသင်ကျောင်းတွေမှာ လာရောက်အပ်နှံကြတဲ့ ကျောင်းသား ကျောင်းသူ ၆.၂ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ယမန်နှစ်ကထက် ကျောင်းအပ်သူ ၈ သောင်းဝန်းကျင် လျော့နည်းသွားတဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြနေကြတာလည်း ဖြစ်ပါတယ်။ ၆ သန်းကျော်မှာ ၈ သောင်းဝန်းကျင် လျော့ကျသွားတဲ့ ဆိုတဲ့ အချက်က ရာနှုန်းအားဖြင့်ဆိုရင် ဒဿမ အောက်လျော့တဲ့ ကိန်းဂဏန်းဖြစ်ပြီး သိပ်မသိသာလှတဲ့ ပမာဏလည်းဖြစ်ပါတယ်။ 

အခုစာသင်နှစ်မှာ ၈ သောင်းဝန်းကျင် လျော့ကျသွားတဲ့ အကြောင်းအချက်တွေအနက် ဖြစ်နိုင်ခြေရှိတဲ့ အချက်တချက်က အချို့သော တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေက မြို့နယ်အများအပြား စစ်ကောင်စီလက်အောက်မှာမရှိတော့တဲ့ အချက်ကြောင့်ဖြစ်နိုင်ပါတယ်။ ရှမ်းမြောက်ဒေသက မြို့နယ်တွေ၊ ရခိုင်ပြည်နယ်က မြို့နယ်တွေက စာသင်ကျောင်းတွေ စစ်ကောင်စီ လက် အောက်မှာ မရှိတော့တဲ့ အနေအထား အချို့သောမြို့တွေက  လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေပြီး ကျောင်းဖွင့်ဖို့ မဖြစ်နိုင်တဲ့ အနေအထား တွေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီ လက်အောက်က စာသင်ကျောင်းတွေ အနေအထားက အားလုံး ကောင်းမွန်စွာ ပညာ သင်ကြားနိုင်နေကြတယ်လို့တော့ မှတ်ယူလို့မရပါဘူး။ စစ်အာဏာမသိမ်းမီကတည်းက မြန်မာ နိုင်ငံ ပညာရေးရဲ့ အနေအထားက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ချက်တွေ အများအပြားရှိနေခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် မှာ စာသင်ကျောင်းတွေက ပညာရေးဝန်ထမ်းတွေနဲ့ အချို့သော ကျောင်းသား တွေကပါ CDM လုပ်ကြတာ၊ ကိုဗစ်ကူးစက်ကပ်ရောဂါ ရဲ့ အကျိုးဆက်တွေနဲ့ စာသင်ကျောင်းတွေ ကျီးနဲ့ ဖုတ်ဖုတ်ဖြစ်နေခဲ့တာ ၂၀၂၂ ကုန်လောက်ထိ အခြေအနေဖြစ်ပြီး ၂၀၂၃ နောက်ပိုင်းမှာတော့ အချို့သောမိဘတွေ အနေနဲ့ အခြားရွေးစရာ နည်းလမ်းမရှိဘဲ စစ်ကောင်စီ ကျောင်းတွေမှာ အပ်နှံကြရတဲ့ အခြေအနေမျိုးလည်း ရောက်ရှိလာတဲ့ အနေအထားဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဘယ်လောက်ကြာမြင့်နိုင်သလဲ ဆိုတဲ့အပေါ် ပြောင်းလဲလာတဲ့ မှန်းဆချက်တွေက ကလေးတွေကို လက်လှမ်းမီတဲ့ ပညာရေးထဲ သင်ယူစေဖို့ ဆိုတဲ့ စဥ်းစားမှုမျိုးတွေဆီ တွန်းပို့ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့လည်း လက်နက်ကိုင် တော်လှန်ရေးကို အာရုံစိုက် တွန်းနေချိန်မှာ ပညာသင်ကျောင်းတွေ တည်ထောင်ဖို့ ကိစ္စကို အာရုံစိုက်နိုင်တဲ့ အခြေအနေမျိုးမရှိတာ ပကတိအနေအထား ဖြစ်ပါတယ်။ ကြားကာလ ပညာရေးလို့ခေါ်ဆိုတဲ့ NUG က အသိအမှတ်ပြုတဲ့ အွန်လိုင်း ပညာသင်ကျောင်းတွေက မျှော်မှန်းသလောက် မအောင်မြင်ခဲ့ကြဘူးလို့ ရိုးရိုးသားသား ဝန်ခံရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီက အဲဒီလို အွန်လိုင်းစာသင်ကျောင်းတွေကို ခြိမ်းခြောက်တာ ဖမ်းဆီးမှုတာတွေလုပ်ခဲ့ပြီး အဆိုပါကျောင်းတွေမှာ သင်ကြားပေးတဲ့ဆရာတွေလည်း ဖမ်းဆီးခံခဲ့ကြရတာပါ။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ဆင်ရေး နောက်ပိုင်း နယ်မြေစိုးမိုးမှုအနေအထားတွေ ပြောင်းလဲသွားခဲ့တဲ့နောက် လွတ်မြောက်လာတဲ့ဒေသတွေက ပညာရေး အနေ အထားလည်း နိုင်ငံရေး စစ်ရေး အပြောင်းအလဲနဲ့ အတူပေါ်ထွက်လာခဲ့ပါတယ်။ တအာင်း တိုင်း ရင်းသားလက်နက်ကိုင် ဒေသတွေမှာတော့ စစ်ကောင်စီ အုပ်ချုပ်မှုအောက် စီဒီအမ် မလုပ်ခဲ့တဲ့ ဝန်ထမ်းတွေကို ဆက်လက် တာဝန်ပေးမှာမဟုတ်တဲ့ သဘောထားမျိုးတွေ့ရပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ငြိမ်သက်ပြီး အပစ်ရပ်သဘောတူထားတဲ့ ရှမ်းမြောက်ဒေသတွေမှာ အုပ်ချုပ်ရေးကို ဦးစားပေး လုပ်ဆောင်နေတာ သတင်းတွေအရ တွေ့ရပြီး ပညာရေးအပိုင်းတွေမှာတော့ ဘယ်လိုစီမံခန့်ခွဲနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရသေးပါဘူး။ 

TNLA လက်နက်ကိုင် အဖွဲ့က သိမ်းယူ အုပ်ချုပ်နေတဲ့ နမ့်ခမ်းမှာ၊ နမ့်ဆန်လိုမြို့တွေမှာ ပညာသင်ကြားရေးတွေ ဘယ်လို စီမံခန့်ခွဲနေကြသလဲ ဆိုတာ အသေးစိတ်တော့ မသိရှိကြရပါဘူး။ ရခိုင်မှာ ရှမ်းမြောက်မှာ စစ်ပွဲတွေ အရှိန်လျော့ လာခဲ့ရင် ပညာသင်ကြားရေးဘက်ကို စီစဥ်ကောင်း စီစဥ်နိုင်ကြလိမ့်မှာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းထဲမှာတော့ ရပ်ရွာနဲ့ ဒေသအုပ်ချုပ်ရေး ပအဖ ရှိတဲ့ ဒေသတွေမှာ ဘယ်လိုစီစဥ်ကြသလဲ၊ ပအဖ မရှိသေးတဲ့ ဒေသတွေမှာ ကိုယ်ထူကိုယ်ထ ကျောင်းတွေဖွင့်ဖို့ ရပ်ရွာတွေက စီစဥ်ဆောင်ရွက်တာမျိုးတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

အခုလို အချိန်ကာလမှာ စာသင်ဖို့ အခွင့်အလမ်းမရှိတဲ့ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေ အခြေအနေက စိတ်မကောင်းစရာ အနေအထားဖြစ်ပါတယ်။ အချို့သော စစ်ဘေးရှောင်ဒေသတွေမှာ ယာယီ စာသင်ကျောင်းတွေ ကို မိမိတို့ တတ်နိုင်သလောက် စီမံဖွင့်လှစ်နေကြတာမျိုးလည်း ကြားသိနေကြရပေမယ့် တောထဲ တောင်ထဲ နေရာမကြာခဏ ရွှေ့ပြောင်းတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တွေအဖို့တော့ ကလေးတွေအတွက် ပညာရေးက အလှမ်းဝေးနေဆဲ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

ကလေးသူငယ်တိုင်း ပညာသင်ယူခွင့်က အခြေခံကျတဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်ဆိုတဲ့ အချက်ပေါ်မှာ ရပ်တည်ပြီး ခက်ခဲတဲ့ အခြေအနေ အသက်ရှင်သန်ရေးအတွက် ရုန်းကန် နေရချိန်မှာ ရတဲ့ အခွင့်အလမ်း၊ အခွင့်အရေးအောက်မှာ ဘယ်ကလေးသူငယ်ကိုမှ ပညာသင်ယူခွင့်ကို ပိတ်ပင် တားဆီးခြင်း မပြုဖို့ အချက်ကိုလည်း အခြေခံအကျဆုံး မူအဖြစ် ကိုင်စွဲသင့်ပါတယ်။ 

ဒီလို သာမန် ပြည်သူတွေ အတွက် ကြားကာလ ပညာရေး အစီအစဥ်တွေက ပြီးခဲ့တဲ့ ၃ နှစ်တာအတွင်း နှစ်အလိုက် အနေအထား အမျိုးမျိုး၊ ရှုမြင်မှုအမျိုးမျိုး ပြောင်းလဲခဲ့ပြီး အခု ၂၀၂၄ ခုနှစ် ဇွန်လ ကျောင်းဖွင့်ချိန်မှာ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ၄င်းတို့ ရဲ့ စီမံခန့်ခွဲနိုင်တဲ့ နယ်မြေဒေသတွေအတွက် လက်တွေ့ကျတဲ့ ပညာရေး မူဝါဒ၊ လမ်းညွှန်ချက် တခုခု ပေါ်ထွက်သင့်ပြီ ဖြစ်ပါတယ်။ 

တော်လှန်ရေး အောင်ပွဲက မနက်ဖြန် ဖြစ်စေ၊ နောက်တနှစ် ဖြစ်စေ သို့မဟုတ် နောင် ၃ နှစ် ၅ နှစ်ဖြစ်စေ ကျောင်းနေအရွယ် ကလေးငယ်တွေ ပညာသင်ယူနိုင်ဖို့ သင်ယူခွင့်ရဖို့ တော်လှန်ရေးကို ယုံကြည်သူတိုင်း အားပေးကူညီကြရမယ့် အရာတခုလည်း ဖြစ်တယ်လို့ ယုံကြည်မိပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar