မောင်လင်းရိပ် - သွားစိုက်ခုံပေါ်က နိုင်ငံတနိုင်ငံအကြောင်း
မောင်လင်းရိပ်
(မိုးမခ) ဇွန် ၅၊ ၂၀၂၄
သွားတစ်ချောင်းအတွက် သွားတစ်ချောင်း မဟုတ်ဘူး
သွားတစ်ချောင်းဆို သွားတစ်ချောင်း ပေးလိုက်ရတော့မယ်တဲ့
ငါ့ပါးစပ်ထဲက ပြောမပြတတ်လောက်အောင်ဆိုးတဲ့ သွားကိုက်နာက ပြောတယ်
ငါ့ရဲ့ သွားဆရာဝန်က Tooth 14 လို့ ရေးသလား၊ Tooth 26 လို့ မှတ်သလား၊ [6 လို့ သင်္ကေတပြုလား
အပေါ်သွား/ ဝဲ နံပါတ် ၆ ကို ကျောက်စက်နဲ့ အရင်တိုက်တော့တာပဲ ညှော်နံ့ရတယ်
ကျောင်းမှာ ပထမနှစ် လက်တွေ့ချိန် တွင်ခုံဆောက်သွေးတဲ့ ကျောက်စက်က အနံ့တွေ သတိရ
လောလောဆယ်တော့ ငါ့ပါးစပ်ထဲ တိုက်ပွဲက သွားကိုက်နာဟာ နင်နေငါသွားပဲ
ပုံမတော်ရင်တော့ သွားတစ်ချောင်းဆို သွားတစ်ချောင်းပဲ ငါ့ရဲ့
[6 သွားဟာ ငါ့ပါးစပ်ကို နင်နေငါသွားပဲ ဆိုပြီး နှုတ်ဆက်သွားမှာ ဇရာကို ငါအခွန်ဆက်ရဖို့
မြစ်ဝကျွန်းပေါ်က ငါ့ချစ်မိတ်ဆွေကတော့ သူ့ ဘယ်ဘက်မျက်လုံးဟာ ၆၀% အမြင်ဆုံးသွားပြီတဲ့
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး မဟုတ်ဘူး
မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး သူအခွန်ဆက်လိုက်ရတော့မယ်တဲ့
ခုတော့ မှန်ဘီလူးသုံးပြီး ညာမျက်လုံးနဲ့ သူ စာဖတ်တယ် တိုင်းခြားဝတ္ထုတွေ မြန်မာပြန်တယ်
ငါတို့ရဲ့ ဒီအရွယ်မျိုးမှာမှ ရွာတစ်ရွာဆို ရွာတစ်ရွာ၊ မြို့တစ်မြို့ဆို မြို့တစ်မြို့
မီးကို ပေးလိုက်ရတာလား ဗုံးကို ပေးလိုက်ရတာလား လာကြုံနေရ
တိုင်းပြည်တစ်ပြည်ဆို တိုင်းပြည်တစ်ပြည်ပဲ မပေးလိုက်နဲ့
လူ့အဖွဲ့အစည်းမှာက ဇရာဆိုတာ ရှိနိုင်ပေမဲ့ အဖန်ဖန်နုပျိုခြင်းဟာလည်း
လူထုနဲ့ လူငယ်ထုအပေါ် မူတည်သတဲ့
တိုင်းပြည်တစ်ပြည်ဆိုတာကတော့ သွားစိုက်ခုံပေါ်တက်ပြီး ကြည်ကြည်သာသာ ပါးစပ်ဖြဲပေးနေရတဲ့
သွားကိုက်နာနဲ့ သူအိုသူနာ ဘယ်ကလာ ဖြစ်သင့်မှာလဲ
၂၀၂၄၊ ဇွန် ၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar