ဝင်းတင့်ထွန်း - ရဲဘော်ချစ်အောင်သို့ နောက်ဆုံးနှုတ်ဆက်ခြင်း
ရဲဘော်ချစ်အောင်သို့ နောက်ဆုံးနှုတ်ဆက်ခြင်း
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၄
( ၁ )
ကင်ဆာ ဆိုတဲ့ ရောဂါဆိုးကြီးရဲ့အန္တရာယ်ကို ခါးသည်းဖွယ် ကြားနာ သိမြင်နေခဲ့ရတာကတော့ ကြိမ်ဖန်များစွာရှိခဲ့ပါပြီ။
ဆရာဗန်းမော်တင်အောင်တုန်းကလဲ ကင်ဆာနဲ့ပဲဖြစ်သလို၊ ကျနော်တို့တွေ လေးစားတဲ့ ကျနော်တို့တွေအလေးထားတဲ့ ကျနော်တို့တွေရဲ့ရှေ့က ရှေ့ကပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ ရဲဘော်ကြီးဦးဖေသောင်းတို့ရဲဘော်ကြီးဦးစိုးသိန်းတို့တွေဟာလဲ ဒီကင်ဆာရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့ရတယ်မဟုတ်လား။
နောက်ဆုံးမှာရဲဘော်ကိုချစ်အောင်ထံကိုလဲ ဒီကင်ဆာရောဂါဆိုးကြီးဟာ မဖိတ်ခေါ်ရပါပဲနဲ့လာရောက်ခိုဝင် ငြိတွယ် စွဲကပ်နေပြန်ပြီလို့သိလိုက်ရတဲ့အခါ ကျနော်တို့တွေအားလုံး စိတ်မကောင်းဖြစ်မိရပါတယ်။ ဒါပေမဲ့ ဒီလောက်တောင် မြန်မြန်ဆန်ဆန်ကြီးတော့ ပြင်းပြင်းထန်ထန်ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်ကြုံတွေ့လာရလိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မှတ်ထားမိကြလိမ့်မယ် မထင်ပါ။ အထူးသဖြင့် ကိုချစ်အောင်လို လူကောင်ကြီးက ခပ်ကြီးကြီး၊ အရပ်အမောင်းကလဲ ကောင်း ကောင်း၊ ခံနိုင်ရည်အား ကိုယ်ခံအားကလဲ တော်တော်ကို ပြည့်ပြည့်ဝဝကြီးရှိနေတဲ့ပုံအတိုင်းသားပေါ်လွင်နေတဲ့သူတယောက်အတွက် ကင်ဆာဆိုတဲ့ ဒီရောဂါဆိုး အန္တရာယ်ဆိုးကြီးရဲ့တိုက်ကွက် တိုက်ချက်ထိုးနှက်ချက်တွေဟာ တော်တော်နဲ့တိုးပေါက်နိုင်လိမ့်မယ်မဟုတ်၊ လွယ်လွယ်နဲ့သက် ရောက်အစွမ်းပြနိုင်လိမ့်မယ်မဟုတ်လို့ပဲယူဆထားမိပါတယ်။ အတိုချုပ်ပြောရရင်တော့ ဒီလောက်ကြီးမြန်မြန်ဆန်ဆန် အန္တရာယ်သင့်နိုင်လိမ့်မယ်လို့တော့ ဘယ်သူကမှ မျှော်လင့်ထားကြလိမ့်မယ်မထင်ပါ။ ကိုချစ်အောင်ကိုယ်တိုင်ပင်လျှင် အစောပိုင်းကတော့ ဒီလောက်ကြီး မြန်မြန် ဆန်ဆန်နဲ့လူ့ဘဝကနေ ထွက်ခွါသွားရလိမ့်မယ်လို့ယူဆထားပုံ မရပါ။ ဒါကြောင့်ပဲ ယူနန်ပြည်နယ်ရဲ့မြို့တော် ခွန်းမင်ဆေးရုံကြီးပေါ်ကနေ ပထမအကြိမ်၊ ဒုတိယအကြိမ်တွေအဖြစ် ဆေးဝါးကုသမှုတွေပြုလုပ်ခဲ့ပြီး ရွှေလီကို ပြန်ရောက်လာချိန်မှာ ‘ဘယ့်နှယ်လဲ ’ လို့လူမမာသွားမေးခဲ့တဲ့ ကျနော့်ကို သူက “ အခြေအနေက အများကြီးတိုးတက်လာတယ်။ ကုသမှုက ထိရောက် အောင်မြင်တယ်လို့ပဲ ပြောရမှာပဲဗျ..”လို့ ...သူ့ရဲ့ထုံးစံအတိုင်း လေသံအေးအေးလေးနဲ့ပြန်လည်ရှင်းပြခဲ့ရုံမကမျက်နှာပေါ်မှာလဲ အပြုံးအေးအေးလေးတချက် လက်ကနဲ လင်းနေခဲ့တာ သတိထားမိခဲ့ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလထဲကပဲ ကျနော်နဲ့ကျနော့်သားကြီးဟာ သူ့ရဲ့ကျောက်ဆိုင်လေးဖွင့်ထားရာနေရာကို တခုတ်တရသွားခဲ့ကြပါသေးတယ်။ ကင်ဆာရောဂါ ရှိနေတယ်လို့ဆိုတဲ့ သူ့ကို ကျနော့်သားကြီးက ရွှေလီကို ရောက်တုန်းရောက်ခိုက်သွားကြည့်ချင်တယ် ဆိုလို့လိုက်ပို့ရင်း ရောက်ဖြစ်ပြန်တာပါ။ ကျနော့်သားနဲ့သမီးဟာ ကိုချစ်အောင်ကို တော်တော်ကိုချစ်ခင်လေးစားကြပါတယ်။ သူတို့ငယ်ငယ်ကတည်းက ကိုချစ်အောင်ဟာ သူတို့အပေါ် စေတနာထားတယ်၊ အမြဲလိုလို ကူညီထောက်ပံ့ပေး ကမ်းမှုတွေ ရှိခဲ့တယ်ဆိုတာကို သူတို့ဘာသာ သူတို့လက်တွေ့တွေနဲ့တွေ့ကြုံသိရှိနေခဲ့ကြပြီး၊သူတို နှလုံးသားတွေထဲမှာ လေးလေးနက်နက် မှတ်သားထားတာ ရှိနေခဲ့ပါတယ်။ ဒီနှစ် ဖေဖေါ်ဝါရီလထဲမှာ တရုတ်နှစ်သစ်ကူး ကျောင်းရက်ရှည်ပိတ်ချိန်မှာ ကွေ့ကြိုးပြည်နယ်ထဲမှာ အထက်တန်း ကျောင်းတက်နေတဲ့သမီးငယ်က ရွှေလီကို ပြန်မလာနိုင်ပေမဲ့ ကျန်းရှီးပြည်နယ်ထဲက အနုပညာတက္ကသိုလ်တခုမှာ ပန်းချီနဲ့ဒီဇိုင်းအဓိကဘာသာရပ်နဲ့ကျောင်းတက်နေတဲ့သားကြီးကတော့ အိမ်ကို ပြန်လာဖြစ်ခဲ့ရာကနေ “ ဘဘဦးချစ်အောင် ကို သား သွားပြီးတွေ့ချင်တယ်..” လို့ဆိုလို့ လိုက်ပို့ခဲ့ရတာဖြစ်ပါတယ်။ သားက သူ့ဘဘဦးချစ်အောင်အတွက် ပန်းချီကားတချပ် ပါလာခဲ့ပါတယ်။ နှစ်ပေဝန်းကျင်လောက်ရှိမယ့် ကြွေပန်းချီကားလေးတချပ်ပါ။ သားတို့တက္ကသိုလ်ဟာ တရုတ်ပြည်မှာ ကြွေနဲ့ပတ်သက်တဲ့ နာမည်အကြီးဆုံးမြို့မှာရှိတာကြောင့် ကြွေပန်းချီကိုလဲ ဘာသာရပ်တခုအဖြစ် ကောင်းကောင်းသင်ကြားပေးရာ၊ သားကိုယ်တိုင်လဲ ရေဆေး၊ ဆီဆေးတွေသာမက ကြွေပန်းချီကိုပါ တော်တော်များများဆွဲရပါတယ်။ သူတို့တက္ကသိုလ်က အတန်းတူကျောင်းနေဖက် ကျောင်းသားတွေလဲ ကြွေပန်းချီတွေ အသီးသီးဆွဲကြရရင်း၊ တယောက်ရဲ့ပန်းချီကားနဲ့တယောက်ရဲ့ပန်းချီကားကို အပြန်အလှန် အမှတ်တရ လဲလှယ် သိမ်းဆည်းကြတာတွေလဲ ရှိပါတယ်။ ဒီတခါ ကျောင်းပိတ် အိမ်အပြန်မှာ သားက ပန်းချီကားတချို့ကို သယ်ယူလာခဲ့တာရှိပေမဲ့ ကြွေပန်းချီကားကတော့ (၃) ချပ်ထဲပဲ ပါပါတယ်။ အကြီးဆုံးကားက သားကိုယ်တိုင်ရဲ့လက်ရာ ဖြစ်ပြီး၊ ကျန်ကြွေ ပန်းချီ (၂) ချပ်ကတော့ သားနဲ့အတန်းတူ တခန်းတည်းနေ သူငယ်ချင်းနှစ်ယောက်ရဲ့လက်ရာပန်းချီကားတွေ ဖြစ်ပါတယ်။
သားရဲ့လက်ရာကြွေပန်းချီကား (၂) ချပ်ကို သူတို့တွေက အမှတ်တရရယူသွားပြီး၊ သူတို့နှစ်ယောက်ရဲ့လက်ရာပန်းချီကားလေးတွေကို အပြန်အလှန်အလဲအလှယ် အမှတ်တရအဖြစ် သားကို ပြန် လည်ပေးထားကြတာလို့ဆိုပါတယ်။ တခြားပန်းချီကားတွေကို သယ်ယူလာရတာ အခက်အခဲ သိပ်မကြီးလှပေမဲ့၊ ကြွေပန်းချီကားတွေကို သယ်ယူလာရတာမှာတော့ မထိမိမခိုက်မိအောင် တော် တော်ကို ဂရုစိုက်ရပါတယ်။ ဒီကြားထဲကပဲ အိမ်ကို ပြန်ရောက်တဲ့အခါ၊ အိမ်အတွက်ယူလာခဲ့တဲ့ သားကိုယ်တိုင်ရဲ့လက်ရာ ကြွေပန်းချီကားကြီးဟာ တခုခုနဲ့တိုက်မိ ထိမိခဲ့ပြီး၊ အက်ရာအစင်းကြီး ထင်နေတာ တွေ့လိုက်ရပြီး၊ သားဟာ တော်တော်ကို စိတ်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် ကိုချစ်အောင်ဆီကို လာကြတဲ့အခါ ကိုချစ်အောင်အတွက် ယူလာခဲ့တဲ့ကြွေပန်းချီကားဟာ သားကိုယ်တိုင်ရဲ့လက်ရာပန်းချီကားမဟုတ်တော့ပဲ၊ သားသူငယ်ချင်းတယောက်ရဲ့ပန်းချီကားလေးတချပ်ပဲ ဖြစ်နေခဲ့ပါတယ်။ သားက “ ဘဘ ဒါက ဘဘအတွက် ပန်းချီကားလက်ဆောင်၊ ဒါက သားကိုယ်တိုင်ဆွဲတဲ့ ပန်းချီကားတော့မဟုတ်ဘူး။ သားနဲ့ကျောင်းနေဖက် သူငယ်ချင်းရဲ့ပန်းချီလက်ရာပဲ။ သားရဲ့လက်ရာ ပန်းချီကားကို သူက အမှတ်တရအဖြစ်ယူသွားပြီး၊ သူ့လက်ရာ ဒီဟာကို သားကို အမှတ်တရပြန်ပေးထားတာ.” လို့ပြောပြရင်း၊ ကိုချစ်အောင်ရဲ့လက်ထဲကို လက်ဆောင်အဖြစ် သားကိုယ်တိုင် ပေးပါတယ်။ ကိုချစ်အောင်က ကျနော့်သားကို ရွှန်းရွှန်းမြမြပြန်ကြည့်ရင်း၊ အပြုံးလဲ့လဲ့နဲ့အတူ ကြွေ ပန်းချီကားလေးကို လက်ခံယူပါတယ်။ နာရီဝက်လောက်ကြာအောင် စကားစမြည်ပြောဆိုဖြစ်ခဲ့ကြပြီးတဲ့နောက် အိမ်ကို ပြန်ဖို့အထမှာတော့ ကိုချစ်အောင်က သားကို ရွှန်းရွှန်းစားစား ထပ်ကြည့်ရင်း၊ “ သားရဲ့လက်ဆောင် ပန်းချီကားကို ဘဘကြိုက်ပါတယ်။ ဒါပေမဲ့ ဘဘက သားကိုယ်တိုင်ရဲ့လက်ရာပန်းချီကားကို ပိုကြိုက်တယ်။ ပိုပြီ လိုချင်တယ်..”လို့အပြုံးဖွဖွလေးနဲ့ပြောလိုက်ပါလေတယ်။ သားကလဲ “ ဟုတ်ကဲ့ဘဘ၊ သားမှာ သားဆွဲထားပြီးသား ကြွေပန်းချီကားတွေကျောင်းမှာ တော်တော်များများရှိပါတယ်။ နောက်တခေါက်လာဖြစ်တဲ့အခါကျရင် ဘဘအတွက် သား ထပ်ပြီး ပေးပါ့မယ်” လို့ပြန်ဖြေလိုက်ပြီး သားအဖနှစ်ယောက် ကိုချစ်အောင်ထံက ပြန်လာခဲ့ကြပါတယ်။ သားအတွက်တော့ အဲဒီတခေါက်ဟာ သူ ချစ်ခင်လေးစား တန်ဖိုးထားတဲ့ သူ့ဘဘကိုချစ်အောင်နဲ့နောက်ဆုံးတွေ့လိုက်ရခြင်းနဲ့နောက်ဆုံးစကား ပြောဆိုလိုက်ရခြင်းလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။
ကျနော်နဲ့ဇနီးသည်ကတော့ ၂၀၁၆ မေလကုန်ခါနီးမှာ ကိုချစ်အောင်ထံ ထပ်ပြီး ရောက်ခဲ့ကြပြန်ပါတယ်။ အိမ်ကိုတော့မဟုတ်၊ သူ့ရဲ့ကျောက်ဆိုင်လေးဆီကိုပဲသွားခဲ့ကြတာပါ။ သူ့ဆိုင်မှာ ကျောက် စိမ်းလက်ကောက်လေးတွေများ ရှိနေမလားဆိုပြီး ကျောက်စိမ်းလက်ကောက်လိုချင်လို့သွားရှာရင်း၊ ကြည့်ရင်း ရောက်ဖြစ်ခဲ့ကြတာပါ။ အကြောင်းကတော့ ဇွန်လ (၆) ရက်နေ့မှာ ကွေ့ကြိုးမှာ အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲကြီးဖြေဆိုမယ့်သမီးငယ်ထံ သူ့အမေက ဇွန်လဆန်းဆန်းချင်းရောက်အောင်သွားဖို့ရှိရာမှာ၊ ဇနီးသည်ရဲ့အစ်မက လူကြုံတုန်း ကျောက်စိမ်းလက်ကောက်လေးတွေလဲ လေးငါးခြောက်ကွင်းလောက်တော့ တပါတည်းယူလာခဲ့ ဆွဲလာခဲ့ဖို့မှာထားတဲ့အတွက်၊ အဲဒီကိစ္စအတွက် ရောက်ခဲ့ကြတာပါ။ ဇနီးသည်ရဲ့ ကွေ့ကြိုးမှာနေတဲ့တဦးတည်းသောအစ်မက သူ့မိတ်ဆွေတွေက ကျောက် စိမ်းလက်ကောက်လိုချင်တယ်၊ သူ့ကို မှာထားတယ်၊ အဲဒါ လေးငါးကွင်းတော့ သူ ရောင်းပေးမယ်။ သယ်လာရင် အနည်းဆုံး လမ်းစရိတ်တော့ကာမိအောင် သူ ရောင်းပေးနိုင်တယ်ဆိုလို့စာမေးပွဲဖြေမယ့်သမီးကို သွားကြိုရင်း၊ တချက်ခုတ် နှစ်ချက်ပြတ်သဘော လမ်းစရိတ်ကာမိအောင် ကျောက်စိမ်းလက်ကောက်ယူသွားရေးအတွက် ကိုချစ်အောင်ဆိုင်ကိုလဲ ရောက်သွားဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။
“ ကိုချစ်အောင်ရေ.. ဒီသုံးလေးရက်အတွင်းမှာ မိန်းမက ကွေ့ကြိုးကို သွားဖြစ်မယ်။ သမီးကို သမီးစာမေးပွဲကြီးမဖြေခင် သမီးအမေရောက်အောင်လာမယ်။ စာမေးပွဲအတွင်း သမီးကို သမီးစားချင်တာ အမေက ချက်ကျွေးမယ်။ စာမေးပွဲပြီးတော့ ရွှေလီကို ပြန်ကြတော့လဲ သမီးတယောက်တည်းမဖြစ်တော့ပဲ အတူတူပြန်နိုင်အောင်လာကြိုမယ်လို့ဟိုးတနှစ်ကတည်းက ပြောထားတဲ့ကတိစကားအတိုင်း၊ ဒီသုံးလေးရက်အတွင်း သွားရမှာဖြစ်တယ်။ အဲဒီမှာ သူ့အစ်မကလဲ လက်ကောက်လေးငါးခြောက်ကွင်းလောက်ဆွဲခဲ့ပါ၊ သူရောင်းပေးမယ်၊လမ်းစရိတ်ကာမိတာပေါ့ ..လို့ဆိုလို့၊ သင့်တော်မယ့် လက်ကောက်လေးတွေ လိုက်ရှာနေတာ၊ ထောင်ပိုင်းလောက်ဆိုအတော်ပဲ။ အဲဒါ ခင်ဗျားတို့ဆိုင်မှာများ ရှိမလားဆိုပြီး လာတာပဲ..” လို့ရှင်းပြလိုက်တော့ ကိုချစ်အောင်က ...“ ဆိုင်မှာ ရှိတာတွေကတော့ အဲဒီကောင်တာထဲမှာ အကုန်ပဲဗျာ၊ လက်ကောက်က သိပ်မများဘူး။ ဒီမှာက ဂဲ နဲ့ဖြတ်သားက များတယ်။ ခင်ဗျားတို့ဂွင်ကိုက်ရင် ကြိုက်တာရှိ ယူသွားဗျာ..”လို့ပြောရင်း လှိုက်လှိုက် လှဲလှဲပျူပျူငှာငှာ တုံ့ပြန်ဖော်ပြပါတယ်။
“ အခု သမီးချိုမာထွန်းက အထက်တန်းနောက်ဆုံးနှစ် ကောင်းစန်းစာမေးပွဲကြီးဖြေတော့မှာနော်၊ သားကလဲ တက္ကသိုလ်နောက်ဆုံးနှစ်တက်ရတော့မှာ ချိုမာထွန်းကြီးကလဲ အခု ကောင်းစန်းစာ မေးပွဲကြီးပြီးရင် ဒီနှစ်ထဲမှာပဲ တက္ကသိုလ် စတက်ရတော့မှာနဲ့ဆိုရင်.. ခင်ဗျားတို့လင်မယားလဲ တော် တော်ကို ရုန်းရ လှုပ်ရှားရမှာပဲ..” လို့ပြောရင်း စာနာမှုအပြည့်နဲ့ကျနော်တို့ဇနီးမောင်နှံကို ကြည့်ပါတယ်။ ကျနော့်ဇနီးကလဲ ကိုချစ်အောင်ကိုပြန်ကြည့်ရင်း “ ကိုချစ်အောင်လဲ ကျန်းမာရေး တော် တော်ကို ပြန်ကောင်းလာတယ်နော်..လူတောင် ပြန်ဝလာတယ်။ အသားအရေလဲတဖြည်းဖြည်းပုံမှန် ပြန်ဖြစ်လာတယ်နော်..” လို့ဆိုလိုက်တော့ ကိုချစ်အောင်က သူ့ရဲ့ထုံးစံအတိုင်း အပြုံးဖွဖွလေးနဲ့တုံ့ပြန်ရုံမက “ ဟုတ်တယ်.. တော်တော်ကို ပြန်ကောင်းလာတယ်။ နောက်တခေါက်လောက် ခွန်းမင်ကို ပြန်တက် ပြန်ပြပြီးပြီဆိုရင်တော့ လုံးဝအိုကေလောက်ပါပြီ..” လို့ အေးအေးဆေးဆေးအသွင်သဏ္ဍာန်နဲ့ပြန်လည်ပြောဆိုနေခဲ့ပါတယ်။
အဲဒီနေ့က သူ့ဆိုင်မှာ ကျနော်တို့လိုချင်တဲ့လက်ကောက်မျိုးမရှိတဲ့အတွက် ဘာလက်ကောက်မှ ယူခဲ့ရခြင်းမရှိပေမဲ့၊ သူနဲ့စကားစမြည် ပြောဆိုခဲ့ရတဲ့အပေါ်၊ သူ့ကျန်းမာရေးအခြေအနေက တော် တော်လေး အကောင်းဖက်ပြနေတဲ့အပေါ်ကျနော်တို့ဇနီးမောင်နှံနှစ်ယောက်စလုံး ဝမ်းမြောက်ဝမ်း သာဖြစ်ခဲ့ရပါတယ်။ အပြန်လမ်းမှာ ကျနော်က ဇနီးသည်ကို “ ကိုချစ်အောင်တော့ ဒီတောင်ကနေ ကျော်နိုင်တော့မယ် ထင်တယ်ကွ။ ဝမ်းသာစရာပဲဟေ့..” လို့တောင် ပြောမိပါသေးတယ်။
ဒါပေမဲ့.. ဒါပေမဲ့...
( ၂ )
ဇွန်လ (၆) ရက်နေ့မှာ တပြည်လုံးစတင်မယ့် တရုတ်ပြည်အထက်တန်းနောက်ဆုံးနှစ်စာမေးပွဲကြီးမတိုင်ခင် ဇွန်လ(၂) ရက်နေ့ကတည်းက အိမ်ကနေ ထွက်သွားတဲ့ဇနီးသည်ဟာ ထင်ထားတဲ့ရက်ထက် အများကြီးနောက်ကျပြီးမှ အိမ်ကို ပြန်လာနိုင်ပါတယ်။ စာမေးပွဲ ဖြေပြီးပြီဖြစ်တဲ့သမီးနဲ့အတူ သားအမိ နှစ်ယောက်စလုံး ကွေ့ကြိုးမှာပဲ သောင်တင်နေခဲ့ကြတဲ့အတွက်ပါ။ ကွေ့ကြိုးအပါ အဝင် တရုတ်ပြည်အနောက်တောင်ဒေသတွေဖြစ်တဲ့ ဆီချွမ်း၊ ဟူနန်၊ ကွမ်ရှီး စတဲ့ ဒေသတွေအားလုံးနီးပါး မိုးတွေသည်း၊ ရေတွေ ကြီး၊ ကားလမ်း ရထားလမ်းတွေတော်တော်များများ ပျက်စီးထိ ခိုက်ကုန်တဲ့အတွက် လမ်းတွေမပေါက်တဲ့အတွက် အိမ်ကိုမြန်မြန်ပြန်လာချင်ပါလျက် မလာနိုင်ဖြစ်ခဲ့ရပြီး ဇူလိုင် (၉)ရက်နေ့ကျမှပဲ တစ်လကျော်မှပဲ အိမ်ကို ပြန်ရောက်ပါတယ်။ အဲဒီလိုကာလအတွင်း ကျနော်ဟာ ရွှေလီမှာပဲ ရှိနေခဲ့ရပေမဲ့ ကိုချစ်အောင်ထံ တခေါက်တကျင်းမှ မရောက်နိုင်ပဲ ကိုယ့်အလုပ်ကိစ္စတွေနဲ့ကိုယ် လုံးချာလိုက်နေခဲ့ပါတယ်။ အဓိကက ဇနီးသည်မရှိတာလဲ ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုင်ကယ်လဲ မစီးတတ်၊ စက်ဘီးတောင် မစီးတတ်တဲ့ကျနော့်ကို ဆိုင်ကယ်စီးတတ်တဲ့ ကျနော့်ရဲ့ဇနီးသည်က ဆိုင်ကယ်ပေါ်တင်ပြီး လိုက်မောင်းပို့မှ ကိုချစ်အောင်ထံကို လွယ်လွယ်ကူကူရောက်မှာဖြစ်တာကြောင့်ဖြစ်ပါတယ်။
ဒီ့အရင်တုန်းကတော့ ကိုချစ်အောင်ရဲ့ကျောက်ဆိုင်ဖွင့်ထားရာနေရာဟာ ကျနော်နေထိုင်ရာနဲ့သိပ်မဝေးလှတဲ့နေရာမှာပဲရှိတာကြောင့် ထွက်ခလုတ် ဝင်ခလုတ် မကြာခဏဆိုသလိုရောက်တတ်လေ့ရှိပေမဲ့၊ ဒီနှစ်ထဲမှာ သူက ဆိုင်နေရာကို ရွှေ့သွားပြီဖြစ်တာကြောင့် ကျနော့်တယောက်တည်း အလွယ် တကူမရောက်ဖြစ်တော့တာဖြစ်ပါတယ်။ သူကလဲ ကျောက်အရောင်းအဝယ်ဈေးကွက်က အနည်း ငယ်ထိုင်းမှိုင်းစပြုလာချိန်မှာ ဆိုင်လခဈေး ပိုပြီးသက်သာတဲ့နေရာဆီပဲ ရွေးချယ်ရွှေ့ပြောင်းလိုက်ရတဲ့အခြေအနေဖြစ်ပါတယ်။ သူနဲ့အတူ ကျောက်ဆိုင်ဖွင့်၊ ကျောက်စီးပွားရေးအတူတူ ရှယ်ယာလုပ်ကြတဲ့ ဗမာဇနီးမောင်နှံက သူ့အပေါ် တကယ့်ကို ဆွေမျိုးရင်းချာလို သံယောဇဉ်လဲကြီး၊ ယုံ ကြည်ကိုးစားမှုလဲရှိတာကြောင့် အစစအရာရာ သူ့လက် သူ့ခြေ လုပ်ခွင့်ရပေမဲ့ သူက တတ်နိုင်သမျှ အကုန် အကျသက်သာအောင် အဲဒီလူငယ်ဇနီးမောင်နှံမိသားစုဝင်တွေနဲ့အတူ ဈေးနှုန်းသက် သာရာနေရာဆီကို ရွှေ့ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နေရာက သိပ်မနီးလှတာကြောင့်ကျနော့်ဇနီးသည် တစ်လကျော်ကျော်ကြာအောင် ခရီးသွားနေစဉ်အတွင်း ကိုချစ်အောင်ထံ နောက် ထပ်တခေါက်မှ ထပ်မံမရောက်ဖြစ်သလို ဇနီးနဲ့သမီး အိမ်ကို ပြန်ရောက်လာတော့လဲ အိမ်မှာကို အိမ်မှုကိစ္စတွေရော၊ အဝေးကနေရောက်လာကြတဲ့ ဧည့်သည်သောင်သည်ကိစ္စတွေနဲ့ပါ ဆက်နေတဲ့အတွက် ဇူလိုင်လကုန်တဲ့အထိ မရောက်ဖြစ်ခဲ့ပါ။ ဒီကြားထဲမှာ ကိုချစ်အောင်က ရဲဘော်တယောက်ဆီကနေတဆင့် ကျနော့်ထံ တရုတ်ငွေ ယွမ်ငါးရာတိတိ လူကြုံနဲ့လှမ်းပြီး တခုတ်တရပေးလိုက်ပါသေးတယ်။ “ ကျနော့်သားနဲ့သမီးအတွက် သူတတ်နိုင်သလောက် ထောက်ပံ့ကူညီတာ ” တဲ့။ ကျနော့်မှာ သူပေးလိုက်တဲ့ပိုက်ဆံကြောင့် ဝမ်းသာဝမ်းနည်း ခံစားရပါတယ်။ ကျနော့်သားနဲ့သမီးအပေါ် ထားတဲ့ သူ့ရဲ့သံယောဇဉ်အတိမ်အနက်ကြောင့် ဝမ်းသာစိတ်ခံစားရသလို၊ ‘ ငါ့နှယ် ..ကင်ဆာကုနေရတဲ့ကိုချစ်အောင်ကို ငါက မကူညီနိုင်ပဲ၊ သူက ကူညီတာကိုပဲ အခုထိ ငါက လက်ခံရယူနေရတုန်းပါလား..’ ဆိုတဲ့စိတ်နဲ့ကြေကြေကွဲကွဲ ခံစားလိုက်ရပါတယ်။ တဆက်တည်းမှာပဲ ဘာပဲ ဖြစ်ဖြစ် ကိုချစ်အောင်တော့ ကျန်းမာရေးရော စီးပွားရေးပါ တစုံတရာအခြေအနေကောင်းနေလို့အခုလိုလှမ်းပြီးပေးလိုက်နိုင်တာဖြစ်မှာပဲ..လို့လဲ အကောင်းမြင်ဒေါင့်ကနေ တွေးတောမိရင်း၊ စိတ်ထဲမှာ ခပ်အေးအေးဖြစ်သွားမိပြန်ပါတယ်။
ဩဂုတ်လဆန်းထဲလဲရောက်လာရော၊ ကျနော့်ရဲ့ ‘ ရုပ်ပုံလွှာ ကဗျာစု’ ကဗျာစာအုပ်လေးတွေ ကျနော့်လက်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက် လာချိန်မှာ၊ ကဗျာစာအုပ်လက်ဆောင်ပေးရမယ့်သူတွေထဲ ကိုချစ်အောင်ရဲ့မျက်နှာကြီးဟာ ထိပ်ဆုံးကနေ ပေါ်လာခဲ့ပါတယ်။ ကျနော့်စာအုပ်တွေ ထွက်သမျှ ဘာစာအုပ်ပဲ ထွက်ထွက်၊ မပျက်မကွက်ပေးခဲ့တဲ့သူတွေထဲမှာ ကိုချစ်အောင်ဟာ ရှေ့ ဆုံးတန်းက ရှိခဲ့လေသူမဟုတ်လား။ ကျနော်တို့လိုသာ စာတွေကို စိုက်လိုက်မတ်တပ် များများစားစားရေးသားသူတယောက် မဟုတ်ပေမဲ့၊ ကိုချစ်အောင်ကိုယ်တိုင်လဲ ‘ ရဲဘော်ချစ်အောင် ’ဆိုတဲ့ နာမည်နဲ့ ဆောင်းပါးတွေ စာတွေ ရေးရုံသာမက ကဗျာတွေပါ ရံဖန်ရံခါ ရေးသားဖွဲ့သီလေ့ရှိသူမဟုတ်လား။ စာပေအနုပညာကို မြတ်မြတ်နိုးနိုးတန်ဖိုးထားတတ် ချစ်တတ်လေသူတယောက် မဟုတ်လား။ ဒါကြောင့် ကျနော့်ရဲ့ ‘ မှန်းဆ တမ်းတ ဖွဲ့ခဲ့မိသမျှ ပုံရိပ်တွေ ’ ဆိုတဲ့ ရုပ်ပုံလွှာကဗျာစုစာအုပ်လေးထဲမှာ အမှာစာရေးသားပေးသူဖြစ်တဲ့ အစ်မကြီးမမလှ( ဒေါ်လှကျော်ဇော )အတွက် ကဗျာစာအုပ်လေးတွေကို ဦးဦးဖျားဖျား လှမ်းပို့ပြီးတာနဲ့ ကိုချစ်အောင်ဆီကို ကိုယ်တိုင်သွားပေးဖို့ သူဘယ်မှာ ရှိနေသလဲ၊ အိမ်မှာလား ဆိုင်မှာလား..ဆိုတာသိရအောင်ဖုန်းဆက်ကြည့်လိုက်မိလေ
မှ ကျနော့်မှာ မယုံကြည်နိုင်လောက်အောင် အံ့သြ တုံရီသွားခဲ့ရတာကတော့ “ ကဗျာဆရာကြီး၊ ကျနော်.. ကျနော်..အခု ခွန်းမင်ဆေးရုံကြီးပေါ်မှာ ဆေး.. ဆေး.. သွင်းနေတယ်ဗျာ..” ဆိုတဲ့ ဖျော့တော့ မှိန်ပျလွန်းလှတဲ့ ကိုချစ်အောင်ရဲ့ပြန်ဖြေသံကို စိတ်မကောင်းစွာ ကြားလိုက်ရခြင်းပါပဲ။ ဖုန်းကို သူကိုယ်တိုင်ကိုင်ပြီး ဖြေနေတာဖြစ်ပေမဲ့၊ သူ့အသံက မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို တိုးတိတ် တုန်ခါ နွမ်းယဲ့နေတာ သိသာလွန်းနေခဲ့ပါတယ်။“ ဟာဗျာ.. ဆောရီးဗျာ.. ဆောရီး၊ ကျနော်က ခင်ဗျား ရွှေလီမှာပဲ ရှိနေတယ်ထင်လို့၊ နောက်မှပဲ ဆက်တော့မယ်။ ကိစ္စက အထူးအထွေ ဘာမှမဟုတ်ပါဘူး။ အခုတလောမှာ ကျနော့်ရဲ့ ‘ ရုပ်ပုံလွှာ ကဗျာစု ’ စာအုပ်အသစ်လေးတအုပ် ထွက်လာလို့.. လက်ထဲလဲ ရောက်လာလို့.. ထုံးစံအတိုင်း ခင်ဗျားကို ပေးမလို့.. လှမ်းဆက်ကြည့်တာပါ။ ဆေးသွင်းနေတာကြီးနဲ့ဆိုတော့.. နားလိုက်အုံးဗျာ။ စကားပြောနေရင် မောနေမှာစိုးလို့.. ကျနော် ဖုန်းချလိုက်တော့မယ်..” လို့စကားကို ခပ်သွက်သွက်ပြောပြီး၊ တယ်လီဖုန်းကို အမြန်ဆုံး ချပစ်လိုက်ရပါတော့တယ်။ တိုးတိမ်လွန်းလှတဲ့ သူ့ရဲ့အသံယဲ့ယဲ့လေးကတော့ ကျနော့်နားထဲမှာ အဆက်မပြတ်အောင်ကို ပဲ့တင်ခတ်နေတဲ့အတွက် အိမ်ကို ပြန်ရောက်ရောက်ချင်း၊ ခွန်းမင်မှာပဲ ရှိနေတဲ့ အစ်မကြီးမမလှထံ စကိုက်နဲ့ဆက်သွယ်ကြည့်ရင်း ကိုချစ်အောင်ရဲ့အခြေအနေကို ပိုသိရအောင် မေးမြန်းကြည့်မိတော့...
“ ပြောရရင်.. ကိုချစ်အောင်ရဲ့ကျန်းမာရေးအခြေအနေက သိပ်မကောင်းတော့ဘူး။ ကျမလဲ မကြာ ခဏသွားကြည့်ပါတယ်။ သူ့ရောဂါက နောက် ဆုံးအဆင့် ဖြစ်နေပြီ.. ဘယ်လိုမှ မရတော့ဘူး။ သက်ဆိုင်ရာဆရာဝန်ကြီးတွေကလဲ ကျမတို့ကို သေသေချာချာ ရှင်းလင်းပြောပြထားပြီးပြီ။ ဒါကြောင့် ဒီမှာရှိနေတဲ့ သူ့ဇနီး ‘ကော်ထွမ်’ ကိုယ်တိုင်လဲ အခြေအနေကို သိနေပြီးပြီ။ အဲဒီတော့ ..သူတို့ရွာမှာ အိမ်မှာပဲ ကောင်းကောင်းမွန်မွန်ရောက်အောင် ပြန်ခေါ်သွားနိုင်ဖို့၊ ဒီကြားထဲ လမ်းခုလတ်မှာပဲ တခုခုဖြစ်မသွားပဲ ခံနိုင်အောင်၊ အသက်ရှင်နိုင်အောင်ကိုပဲ အဓိကထားပြီးလုပ်နေရတဲ့အဆင့် ရောက်နေပြီ။ ဒါတောင် ပိုက်ဆံတွေက ထပ်ပြီးအကုန်ခံပြီး လုပ်နေရတာနော်.. တော်တော်ကို စိတ်မကောင်းစရာပါ ကိုဝင်းတင့်ထွန်းရယ်..” ဆိုတဲ့ မမလှရဲ့ရှင်းပြသံကို ဝမ်းနည်းစဖွယ် ကြားလိုက်ရရင်း၊ ရင်ထဲမှာအဆက် မပြတ်ကို ထူပူ လှုပ်ရှားလာခဲ့ပါတယ်။ တဆက်တည်းမှာပဲ နက်နက်ရှိုင်းရှိုင်းကြေကွဲမိရင်း၊ နင့်နင့်သည်းသည်း စိတ်ထိခိုက် ခံစားလိုက်ရပါတယ်။
( ၃ )
ကိုချစ်အောင် ခွန်းမင်ကနေ သူ့အိမ်ဆီ ပြန်ရောက်လာပြီ ကြားကြားချင်း ကျနော်တို့မိသားစုတက္ကစီနဲ့အမြန်ဆုံး သွားခဲ့ကြပါတယ်။ မိသားစုဆိုပေမဲ့ ကျန်းရှီးမှာ ရှိနေရှာတဲ့ သားကြီးတော့ ပါလာနိုင်ခြင်းမရှိပဲ၊ အခုမှ အိမ်ကို ပြန်ရောက်လာနိုင်တဲ့သမီးလေးနဲ့ကျနော်တို့ဇနီးမောင်နှံပဲ သွားခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နေထိုင်ရာ သူ့အိမ်လေးရှိရာ နေရာဟာ ရွှေလီကနေကားနဲ့သွားရင် မိနစ်အစိတ်-နာရီဝက်လောက်သွားရတဲ့ ‘ ကျဲလက် ’ ဆိုတဲ့ ရှမ်းရွာထဲမှာ ဖြစ်ပါတယ်။ ရွာက ရွာကြီးတရွာပါ။
ရွှေလီမြို့နဲ့တဆက်တစပ်တည်း ဖြစ်နေပြီဖြစ်ပေမဲ့၊ ရှမ်းရွာပီပီ ရှမ်းဓလေ့ ရှမ်းယဉ်ကျေးမှု ရှမ်းအငွေ့အသက်တွေနဲ့ထုံမွှမ်းနေဆဲ လွှမ်းခြုံပီသနေဆဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀)နီးပါးလောက်ကဆိုရင် သည့်ထက်တောင် ရှမ်းဓလေ့ ရှမ်းရိုးရာရှမ်းအငွေ့အသက်တွေနဲ့ထုံယစ် မွှေးမြနေခဲ့ပြီး၊ လယ် ကွင်းတွေ စိုက်ခင်းတွေ ကြံခင်းတွေ ဝါးရိပ်တွေနဲ့ တကယ့်ကို ကျေးလက်ရနံ့တွေ သိသိသာသာထုံသင်းနေတဲ့ ရှမ်းရွာလေးတရွာ ဖြစ်ခဲ့ပါတယ်။ ကိုချစ်အောင်ကို အကြောင်းပြုပြီး ‘ ကျဲလက်’ ဆိုတဲ့ ဒီရှမ်းရွာလေးထဲကို ကျနော်တို့တတွေ အကြိမ်ကြိမ် ရောက်ခဲ့ကြ နားခဲ့ကြ စားခဲ့ကြ သောက်ခဲ့ကြဖူးသလို၊ တခြားသောနိုင်ငံတွေမှာ နေနေကြတဲ့ ဧည့်သည်တော်ကြီးတွေလို့ပဲဆိုရမယ့် ပအိုဝ်းအဖွဲ့က ဦးခွန်ဥက္ကာတို့၊ NLD (L.A) က ဦးတင်အောင်တို့၊ လူ့ဘောင်သစ်ကကိုအောင်မိုးဇော်တို့၊ ABSDF က ရဲဘော်သံခဲတို့လိုလူတွေအပါ အဝေးရောက်ပုဂ္ဂိုလ်ဧည့်သည်တော်တွေ တော်တော်များများလဲ ဒီ ရှမ်းရွာလေးဆီကို ရောက်ခဲ့ကြ ပေါက်ခဲ့ကြ နားခဲ့ကြဖူးပါတယ်။ ကိုချစ်အောင် ရဲ့ဖူးစာဖက်ဖြစ်တဲ့ ‘ ကော်ထွမ် ’ ဟာ ဗမာစကားကို ဟုတ္တိပတ္တိ သိပ်မတတ်လှပေမဲ့၊ ကျနော်တို့အပါအဝင် လာသမျှဧည့်သည်သောင်သည် မိတ်ဆွေသင်္ဂဟတွေအားလုံးအပေါ် ဖေါ်ဖေါ်ရွေရွေ ဧည့်ဝတ်ကျေပြွန်ခဲ့သလို၊ ကိုချစ်အောင် ရဲ့ယောက္ခမကြီးတွေဖြစ်တဲ့၊ ကော်ထွမ်ရဲ့အဖေအမေဖြစ်တဲ့ ရှမ်းအဖိုးကြီးနဲ့အဘွားကြီးဟာလဲ ရှမ်းသံလေးဝဲနေတဲ့တရုတ်စကား (ဒါမှမဟုတ်) ဒီဖက်နယ်သုံး မြောက်ပိုင်းရှမ်းစကားနဲ့ ( ကျနော်တို့နားလည်သည်ဖြစ်စေ- နားမလည်သည်ဖြစ်စေ ) ပျူ ပျူငှာငှာပြောဆိုရင်း လှိုက်လှိုက်လှဲလှဲဆက်ဆံခဲ့ကြတာ ရောက်ဖူးသူတိုင်း အားလုံးအသိပါပဲ။ ဒါကြောင့် အိမ်ထောင်ဖက်ကောင်းမိသားစုကောင်းနဲ့အခြေခံကျကျနေနိုင်ထိုင်နိုင် ရှင်သန်နိုင်နေခဲ့တဲ့ ကိုချစ်အောင်ကို ကျနော်တို့တတွေက မုဒိတာပွားခဲ့ကြသလို၊ “ ကိုချစ်အောင်ကမှ တကယ့်ကို မော်စီတုန်းအတွေးအခေါ်နဲ့လက်တွေ့ကိုက်ညီတာဗျ။ ‘ ကျေးလက်ကို အခြေခံ၊ မြို့ကိုဝိုင်း ’ ဆိုတာ မော် ရဲ့သေနင်္ဂဗျူဟာမဟုတ်လား။ အဲဒီမှာ ကိုချစ်အောင်က နည်းနည်းလေး နားကြားမှားသွားတာပဲ ရှိတယ်။ ‘ ကျေးလက် အခြေခံ’ ဆိုတာကို ‘ ကျဲလက် အခြေခံ ’ လို့ ကြားမိသွားပြီး ကျဲလက်က ကျဲလက်ရွာသူကို ယူလိုက်ပြီး အခြေခံလိုက်တာ တကယ့်ကို အခြေခံ မှန်သွားတယ်နော်..” လို့ ချစ်စနိုး စကြ နောက်ကြ ပြောင်ခဲ့ကြတာတွေလဲရှိခဲ့ပါတယ်။ ထုံးစံအတိုင်း သူကတော့ ဖွဖွလေးပြုံးနေရင်း ခပ်အေးအေးနဲ့ငြိမ်နေတတ်ပါတယ်။ သူ့ရဲ့ငယ်နာမည်ဟာ ‘ ခင်မောင်အေး’ ဆိုတာမှန်း အစောကြီးကတည်းက သိနေပြီးသားဖြစ်တဲ့ ကျနော်ကတော့ သူ့ကိုကြည့်ရင်း လူနဲ့နာမည်ဟာ တော်တော်ကိုလိုက်ဖက်အချိုးညီလှပါလားလို့ မကြာခဏအတွေးဝင်မိ ကောက်ချက်ဆွဲမိလေ့ ရှိပါတယ်။ ငယ်နာမည် ‘ ခင်မောင်အေး’ ကနေ ဒီဖက်မှာ ‘ ကိုချစ်အောင်’ ဖြစ်လာတော့လဲ လူနဲ့နာမည်ဟာ တော်တော်ကို အချိုးညီလှ လိုက်ဖက်လှတယ်လို့ပဲ ပြောရမှာပါပဲ။ သူဟာ လူပေါင်းစုံနဲ့ လူအများစုကြီးနဲ့ တော်တော်ကို သဟဇာတဖြစ်အောင် ချစ်အောင် ခင်အောင်နေထိုင်တတ်သူ ဝင်ဆန့်လေသူမဟုတ်လား။ ကိုချစ်အောင်ဟာ ဒီ ကျဲလက်ဆိုတဲ့ ရှမ်းရွာကြီးမှာ အခြေချနေထိုင်ရာမှာ တရွာလုံးရဲ့မေတ္တာကိုလဲ ကောင်းစွာရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဗမာတယောက်ဖြစ်ပေမဲ့ ဒေသခံရှမ်းတွေအကြားမှာ ရှမ်းစကားကို ကြိုးကြိုးစားစားသုံးစွဲပြောဆိုရင်း တသားတည်းကျအောင် နေ ထိုင်နိုင်သူဖြစ်ခဲ့ပါတယ်။
တကယ်က သူ့ရဲ့မွေးရာဇာတိဟာ ပဲခူးတိုင်း ပြည်ခရိုင်ထဲက ‘ သဲကုန်း’ ဆိုတဲ့မြို့ကလေးဖြစ်ပါတယ်။ သူ့အဖေက ကုန်သွယ်လယ်ယာက သာမန်အစိုးရဝန်ထမ်းတယောက်ဖြစ်ခဲ့ပြီး၊ မွေးချင်းညီအစ်ကိုမောင်နှမ (၆) ယောက်ထဲမှာ ကိုချစ်အောင်ဖြစ်လာမယ့် ကိုခင်မောင်အေးဟာ တတိယမြောက်သား ဖြစ်ပါတယ်။ အံ့ဩစရာကောင်းတာက ကိုချစ်အောင်ရဲ့မိခင်ဟာ ဗမာပြည်နိုင်ငံရေးလောကမှာ လူသိများသူတဦးဖြစ်တဲ့ ဆိုရှယ်လစ်ကြီး‘ ဗိုလ်မှူးချုပ်အောင်ရွှေ’ ရဲ့နှမအရင်းခေါက်ခေါက်ဖြစ်နေခြင်းပါပဲ။ပြောရရင် ဗိုလ်မှူးချုပ်အောင်ရွှေ ဆိုတာ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်မောင်မောင် တို့နဲ့အတူတူ စစ်တပ်အတွင်းက စစ်ဗိုလ်ထိပ်သီး၊ ဆို ရှယ်လစ်ထိပ်သီးကြီးတယောက်ဖြစ်ပါတယ်။ ဗမာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ‘ မြန်မာပြည်ဆိုရှယ်လစ်ပါတီ’ ထဲက စစ်တပ်အစုထဲမှာ- နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဗိုလ်နေဝင်းပြီးရင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ရွှေတို့တတွေဟာ တကယ့်ကို လူသိများခဲ့တဲ့ စစ်တပ်ထိပ်သီး ဆိုရှယ်လစ်ကြီးတွေပါ။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ စစ်ပြီး ခေတ်နိုင်ငံရေးလှုပ်ရှားမှုတွေအတွင်းမှာရော၊ ဗမာပြည်လွတ်လပ်ရေးကြေညာနိုင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ ‘ ဖဆပလ ဆယ်နှစ်ဆယ်မိုးခေတ်’ နဲ့ဗမာပြည်ပြည်တွင်းစစ်သမိုင်းတလျောက်မှာပါ၊ တစောင်းစေးနဲ့မျက်ချေးပမာထိပ်တိုက်ဖြစ်ခဲ့ကြ အပြန်အလှန်ဆော်ခဲ့ကြတိုက်ခဲ့ကြတာကတော့ မြန်မာပြည်ဆိုရှယ်လစ်ပါတီဆိုတဲ့ ‘ဆိုရှယ်လစ်’ တွေနဲ့ဗမာပြည်ကွန်မြူနစ်ပါတီဆိုတဲ့ ‘ကွန်မြူနစ်’ တွေပဲ ဖြစ်ပါတယ်။ ‘ ဖဆပလ- ကွန်မြူနစ်ပဋိပက္ခ’ ဆိုတာ အနှစ်ချုပ်ပြီးပြောရရင် ‘ ဆိုရှယ်လစ်ကွန်မြူနစ်ပဋိပက္ခ’ ပဲ ဖြစ်ပါတယ်။ အာဏာကို လက်ကိုင်ရထားတဲ့ ဆို ရှယ်လစ်တွေကနေ (အထူးသဖြင့် .. လက်ယာဖဆ ဆိုရှယ်လစ်တွေကနေ) ကွန်မြူနစ်တွေကို အလစ်အငိုက်ချေမှုန်းဖို့ကောက်ကောက်ကျစ်ကျစ်လုပ်ဆောင်ရာကနေ ဗမာပြည်ပြည်တွင်းစစ်ကြီးလဲ စတင်တောက်လောင်ပေါ်ပေါက်လာခဲ့ရတာဟာ ကနေ့အချိန်အထိ အတောမသတ်နိုင်အောင် လောင်မြိုက်လောင်ကျွမ်းနေရဆဲ မဟုတ်လား။ အဲဒီလိုသမိုင်းနောက်ခံတွေအပြည့်နဲ့ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုနယ်ပယ်အတွင်းမှာ-ဆိုရှယ်လစ်ထိပ်သီးကြီးတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်(ဟောင်း) အောင်ရွှေ ရဲ့တူအရင်းခေါက်ခေါက်တဦးဖြစ်တဲ့ ကိုခင်မောင်အေးဟာ ဆိုရှယ်လစ်တွေနဲ့ ပြဒါးတလမ်း သံတလမ်းဖြစ်တဲ့ကွန်မြူနစ်တယောက်အဖြစ် သူ့ကိုယ်သူခံယူတည်ဆောက်လာခဲ့တာဟာ တော်တော်တန်တန်နိုင်ငံရေးအမြင် နိုင်ငံရေးရေချိန် နိုင်ငံရေးရပ်တည်ချက်လောက်နဲ့မဟုတ်မှန်း သာဓကထူပြနေသလို ရှိခဲ့ပါတယ်။ ကျနော်ကတော့ သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်အပေါ် လေးလေးစားစားတန်ဖိုးထားမိသလို သူ့ကို ‘ဥခွံဟောင်းအတွင်းက ဖောက်ထွက်လာခဲ့တဲ့ တကယ့်တော်လှန်ရေးသမားတယောက်’ လို့လဲ ကျနော့်ဘာသာနားလည်
သတ်မှတ်ထားမိပါတယ်။ ကိုချစ်အောင်ဟာ သူဟာ ဗိုလ်မှူးချုပ်ဟောင်းအောင်ရွှေ ရဲ့တူအရင်းဖြစ်တယ်ဆိုတာ ထုတ်ဖေါ်ပြောလေ့မရှိသလို၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ ‘ ဆိုရှယ်လစ်’ တွေရဲ့အခန်းကဏ္ဍဟာ ဘယ်လောက်ဆိုးဝါးခဲ့သလဲဆိုတာအပေါ်မှာလဲ ကောင်းကောင်းကြီးကို ရှင်းရှင်းလင်းလင်း သိမြင်သဘောပေါက်ထားပြီးသားဖြစ်နေတာ၊ အတွေးအခေါ်အားဖြင့်လဲ ပြတ် ပြတ်သားသားစည်းခြားနိုင်သူဖြစ်နေတာ အံ့သြစရာ တွေ့မြင်သိရှိနေခဲ့ရပါတယ်။
သူ့ကို လူချင်းမတွေ့ဖူးခင်ကတည်းက နာမည်ကို အရင်သိနေခဲ့ရတာကတော့ ကိုဘကြည် ( ကိုထွန်းထွန်း) ဆီကနေဖြစ်ပါတယ်။ ကိုထွန်းထွန်းဟာ ကျနော်တို့လေးစား တန်ဖိုးထားတဲ့ စာရေး ဆရာကြီး‘ တောင်တွင်းကိုကိုကြီး’ ရဲ့သားပါ။ ကိုထွန်းထွန်းဟာ တောမခိုခင်က ရန်ကုန်လှည်းတန်းအနီးက လမ်းဘေးပလက်ဖေါင်းဘေးမှာ စာအုပ်အဟောင်းလေးတွေ ချရောင်းနေစဉ်ကတည်းက ကျနော်နဲ့ရင်းနှီးကျွမ်းဝင်နေသူတဦးဖြစ်ပါတယ်။ သူဟာ ဦးသန့်အရေးအခင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရပြီးတဲ့နောက်၊ ထောင်က ထွက်လာပြီးတဲ့နောက် လမ်းဘေးစာအုပ်အဟောင်းရောင်းသူအဖြစ် လှည်းတန်းလမ်းဆုံပလက်ဖေါင်းပေါ်မှာ ညနေစောင်းတိုင်း ဈေးထွက်လေ့ရှိပြီး ကျနော်နဲ့လဲ အမြဲလိုလို လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ပါတယ်။ ၁၉၈၀ ပြည့်ဩဂုတ်လထဲမှာ ကျနော့်ရဲ့ပထမဆုံးလုံး ချင်းကဗျာစာအုပ်လေး‘ နိုးနေသော လင်္ကာသည်’ ထွက်လာတော့လဲ ကိုထွန်းထွန်းဟာ သူ့ရဲ့လမ်းဘေးပလက်ဖေါင်းစာအုပ်ဆိုင်လေးပေါ် တင်ပြီး တခုတ်တရ ရောင်းပေးခဲ့တာရှိသလို၊ နေ့စဉ်လိုလို လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ကြရင်း ကဗျာအကြောင်းစာအကြောင်းတွေသာမက နိုင်ငံရေးအကြောင်း ပုဂ္ဂိုလ်ရေးအကြောင်းတွေပါရောက်တတ်ရာရာ ပြောမိဆိုမိ စကားစပ်မိခဲ့ကြပါတယ်။ အဲဒီမှာ ကိုခင်မောင်အေးရဲ့အကြောင်းကိုလဲ တစွန်းတစ စကားထဲမှာပါလာခဲ့ရင်း အမှတ်မထင်စတင်သိရှိလိုက်ရတာလို့ဆိုရပါမယ်။ ကိုထွန်းထွန်းက ကိုခင်မောင်အေးအကြောင်း ပြောပြတဲ့အခါ “ ကျနော်တို့ဗမာလူမျိုးတွေတချို့ ပြောလေ့ရှိတဲ့စကားတခု ရှိတယ်မဟုတ်လား။ ဆွေတော်ပေမဲ့ မျိုးမစပ် ..ဆိုတဲ့ စကားလေဗျာ။ ကိုခင်မောင်အေးနဲ့ကျနော်လဲ အဲသလိုပဲ ပြောရမှာပဲဗျ။ ညီအကို ဝမ်းကွဲတော်တယ်လို့ပြောရင်လဲ ရတယ်။
ဘာမှမတော်ဘူးလို့ သတ်မှတ်ရင်လဲ ရတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော့်အဖေ ဦးကိုကိုကြီးက ကျနော့်အမေနဲ့အိမ်ထောင်မကျခင်မှာ ဗိုလ်မှူးချုပ်အောင်ရွှေ ရဲ့အစ်မအကြီးဆုံးနဲ့ ပထမဆုံးအိမ်ထောင်ကျတယ်။ အဲဒီအိမ်ထောင်က ဆုံးပါးသွားမှ ခင်ဗျားတို့ရွှေဘိုဖက်က ဇာတိဖြစ်တဲ့ ကျနော်တို့အမေနဲ့ထပ်တွေ့ပြီး ဒုတိယအကြိမ်အိမ်ထောင်ပြုဖြစ်ပြီး ကျနော်တို့ကို မွေးလာတာဗျ။ အဖေက အဲသလို တပင်လဲမှ တပင်ထူတာမို့အဲဒီပထမအိမ်ထောင်ဖက်က ဗိုလ်မှူးချုပ်အောင်ရွှေတို့ဖက်က အဖေ့ကို အရင်ကလို ဆွေမျိုးရင်းချာအဖြစ်နဲ့ပဲ သဘောထားရှိနေခဲ့တော့၊ ကိုခင်မောင်အေးနဲ့ကျနော်တို့က သိပ်မစိမ်းလှပဲ ညီအစ်ကိုလို ဆက်ပြီး ခင်မင်နေခဲ့ကြတာပေါ့ဗျာ..” လို့ပြောပြဖူးတာကိုလဲ ရေးတေးတေး သတိရနေခဲ့မိပါတယ်။ အဲဒီ ကိုခင်မောင်အေး (ခေါ်) ကိုချစ်အောင်နဲ့ တကယ်လူချင်း ဆုံဖြစ်ခဲ့ကြတာကတော့- ၁၉၉၁ ခုနှစ်ထဲကျမှ ဖြစ်ပါတယ်။ အတိအကျ ပြောရရင်- ၁၉၉၁ ဩဂုတ်လ (၈)ရက်နေ့မှာ ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၃) နှစ် မြောက်ပွဲကျမှ ဖြစ်ပါတယ်။ ကေအိုင်အေဌာနချုပ်အနီးက ABSDF (မြောက်ပိုင်း) ဌာနချုပ်စခန်း ‘ပါဂျောင်’ မှာ ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံ (၃)နှစ်မြောက်ပွဲမှာ တခရီးတည်းသွားတွေအဖြစ် အတူဆုံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီတုန်းက ပါဂျောင်မှာကျင်းပတဲ့ အဲဒီရှစ်လေးလုံး(၃)နှစ်မြောက်ပွဲမှာ အစ်ကိုကြီး ကိုဖိုးသံ၊ ဦးစိုးချစ်၊ ကိုအောင်ငွေတို့နဲ့အတူ ကိုချစ်အောင်လဲ ကိုယ်စားလှယ်တဦးအဖြစ် ပါလာခဲ့ရင်း၊ ဧည့်သည်တော်များအတွက် သီးသန့်စီခွဲပြီး နေရာချထားပေးရာ သီးသန့်တဲကြီးတလုံးထဲမှာ အတူတူ နေခဲ့ရ အိပ်ခဲ့ရ စကားစမြည်ပြောဆိုဖြစ်ခဲ့ရပါတယ်။ ဩဂုတ်လကြီးဆိုတော့ ပါဂျောင်မှာ မိုးတွေသည်းတဲ့ကာလကြီးဖြစ်ရုံမက အအေးဓါတ်ကလဲ စိမ့်နေအောင်အေးတာမို့ ကျနော်တို့တွေအတူတူ နေရရာ တဲကြီးထဲမှာ နေ့ရော ညပါမီးဖိုကြီးဖိုပေးထားပါတယ်။ အဲဒီမီးဖိုကြီးဘေးမှာ ကိုချစ်အောင်အပါအဝင် ကျနော်တို့တတွေ မီးလှုံရင်း၊ ရေနွေ းကြမ်းကို တခွက်ပြီးတခွက်သောက်ရင်း၊ ခေါင်းစဉ်မဲ့ အကြောင်းအရာပေါင်းများစွာအပေါ် ပြောဆိုဖြစ်ခဲ့ကြရင်း အချိန်တိုတခုအတွင်းမှာအပြန် အလှန်ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ ပါဂျောင်ကနေ အပြန်ကျတော့ ကျနော်ဟာ ထိန်ချုန်းကနေ သူတို့နဲ့အတူတူပဲလှည့်ပြီး ပြန်ဖြစ်ခဲ့ရာ၊ အဲဒီတုန်းက ထိန်ချုန်းမှာပဲ အခြေစိုက်နေထိုင်နေသူတဦးဖြစ်တဲ့ ကိုချစ်အောင်က ထိန်ချုန်းမှာ ကျနော့်ကို မှတ်မှတ်ရရ လက်ဆောင်တခု ပေးခဲ့ဖူးပါတယ်။ အဲဒီတုန်းကာလက မီးခြစ်တွေထဲမှာ အကောင်းဆုံးလို့ဆိုရမဲ့ ‘ ဇစ်ပို’ မီးခြစ်လေးပါ။ အဲဒီတုန်းက ဆေးပေါ့လိပ်တလိပ်နဲ့တလိပ် မီးမပြတ်လောက်အောင်ကို ဆေးလိပ်ကို တရှိုက်မက်မက်သောက်နေတုန်းဖြစ်တဲ့ ကျနော့်ကို သူက သတိထားမိပြီး အမှတ်တရပေးလိုက်တဲ့ လက် ဆောင်လေးပါ။ ကျနော်ရွှေလီကို ပြန်ရောက်ပြီးတဲ့နောက်အထိ သူပေးလိုက်တဲ့ ဇစ်ပိုမီးခြစ်လေးဟာ နှစ်နဲ့ချီပြီး ကျနော်နဲ့မကွဲမကွာ ရှိနေခဲ့သလို မီးခြစ်ကလေးကိုထုတ်ပြီးအသုံးပြုလိုက်မိတိုင်းလိုလို သူ့ရဲ့အပြုံးဖွဖွ ခပ်အေးအေးမျက်နှာပုံပန်းကိုလဲ ဖျတ်ခနဲ ဖျတ်ခနဲ သတိရနေမိတတ်ပါတယ်။ သူနဲ့ကျနော်ဟာ စတော်တော်ကို ရေစက်ကြီးတယ်လို့ပဲ ပြောရမလားမသိ၊ နောက်တော့ သူကိုယ် တိုင် ရွှေလီကို ပြောင်းရွှေ့အခြေစိုက်လာခဲ့ရုံမက နီးနီးကပ်ကပ်လဲ ပေါင်းသင်းဆက်ဆံခွင့်တွေ ရခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ထဲမှာ ကျနော်စတင်အိမ်ထောင်ပြုတော့ အကျဉ်းရုံးပြုလုပ်တဲ့သီးသန့်မင်္ဂလာဧည့်ခံပွဲလေးမှာ ကိုချစ်အောင် ရောက်လာခဲ့ရုံမက၊ ကားဝင်းကြီးတခုအတွင်းက ကားတွေကြားမှာ ကျနော်တို့အသစ်စက်စက်ဇနီးမောင်နှံနှစ်ယောက်နဲ့အတူ သူလဲ အမှတ်တရဓါတ်ပုံတပုံ ဝင်ရိုက်ခဲ့တာတောင် ရှိပါတယ်။ သူဟာ ကျနော့်ထက် တနှစ်ကျော်ကျော်ငယ်သလို၊ ကျနော်အိမ်ထောင်ကျပြီးတဲ့နောက် တနှစ်ကျော်ကျော်လောက်မှပဲ သူလဲ အိမ် ထောင်ရက်သားကျသူ ဖြစ်ခဲ့ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အသက်ကြီးမှ အိမ်ထောင် ကျရာမှာလဲ သူနဲ့ကျနော်ဟာ ဘဝတူတွေသဖွယ် ဖြစ်ခဲ့ပါတယ်။
တက္ကဆီကားပေါ်မှာ သူ့အကြောင်းကို ရောက်တတ်ရာရာ စဉ်းစားနေမိခဲ့ရာမှ သူ့အိမ်ရှိရာ ရွာမုခ်ဦးကို ရောက်မှပဲ အတွေးစတွေက လက်စသတ်သွားရပါတော့တယ်။ အရင်ကတည်းက ရင်းနှီးနေပြီးသားဖြစ်တဲ့သူ့အိမ်ထဲကို ကျနော်တို့မိသားစုသုံးဦးလုံးတန်းဝင်လာခဲ့ကြပြီးတဲ့နောက် သူလဲလျောင်း နေရာ အခန်းကလေးထဲအထိ ရောက်လာခဲ့ချိန်မှာတော့ သူ့ဘေးမှာ လူတွေအုံနေတဲ့ကြားထဲကနေ ခေါင်းအုံးမြင့်မြင့်ပေါ်မှာ ခေါင်းတင်ထားရင်း မျက်စေ့အစုံကို မှိတ်ထားကာ ပက်လက်အနေအထားအတိုင်းဖြစ်နေတဲ့ကြားထဲကနေ ကျနော်တို့ခြေသံကို ကြားလိုက်ကြား လိုက်ချင်းလိုလိုမှာပဲ သူက မျက်စေ့ကို ဖျတ်ခနဲဖွင့်ကြည့်ပါတယ်။ ကျနော်က “ ကိုချစ်အောင်.. ကျနော်ပါ ကဗျာဆရာလေ.. မာဇွဲ ရော သမီးချိုမာထွန်းရော.. အတူတူပါလာတယ်..” လို့ပြောလိုက်မိသလို၊ သမီးကလဲ “ ဘဘ.. သမီး ချိုမာထွန်းပါ။ သမီးက အခုမှ စာမေးပွဲဖြေပြီးလို့ အိမ်ကို ပြန်လာနိုင်တာ.. ဘဘကို လာကြည့်တာ..” လို့ပြောလိုက်တဲ့အခါ၊ သူက အားတင်းပြီး ပြန်ကြည့်ရင်းက “ ကျနော့် ဒီဖက်မျက်လုံးက ကောင်း ကောင်းမမြင်တော့ဘူး၊ တော်တော်ကိုဝါးနေပြီဗျ..” လို့ သူ့ရဲ့ဘယ်ဖက်မျက် လုံးကို လက်ဝါးလေးနဲ့ကာပြရင်း၊ ဖြည်းဖြည်းချင်း တလုံးချင်း ပြန်ပြောလာပါတယ်။ ထုံးစံအတိုင်း သူ့ရဲ့လေသံက ခပ်အေးအေးပဲ ဖြစ်ပေမဲ့၊ ပုံမှန်ကာလကနဲ့နှိုင်းယှဉ်ရင် တော်တော်လေးကို သိသိသာသာဖျော့တော့ အားနည်းနေပါပြီ။ သူ့ရဲ့မျက်နှာကလဲ လွန်ခဲ့တဲ့ (၃)လလောက်ကမှ မျက်နှာနဲ့အခုမျက်နှာဟာ တော်တော်ကြီးကို ကွာခြားလွန်းနေပြီး သိသိသာသာ ရုတ်လျော့ကျဆင်းနေပါပြီ။ သူက သူ့ဝမ်းဗိုက်ကို အပေါက်ဖောက်ထားရပြီး အဲဒီအပေါက်ကနေ ပိုက်တန်းလန်းတပ်ထားရကာ အသည်းကနေ သည်းခြေရည်တွေကို ထုတ်နေရတဲ့ သူ့ရဲ့အခြေအနေကို သူ့အင်းကျီလေးကို လှန်ပြရင်း ခပ်ဖြည်းဖြည်းပြောပြပါတယ်။ ကျနော်ရော ကျနော့်ဇနီးနဲ့သမီးပါ သေသေချာချာကြည့်လိုက်ကြမိတော့ ဝမ်းဗိုက်ကဖောက်ပြီးတပ်ထားရတဲ့ အဲဒီ ပိုက်ရှည်ရှည်ရဲ့အဆုံးမှာ ပလတ်စတစ်အကြည်ထူထူအိတ်လေးတလုံးက သူ့ဘေးမှာ တဆက်တည်းရှိနေတာ တွေ့လိုက်ရပါတယ်။ အဲဒီပလတ်စတစ်အိတ်လေးထဲမှာ အသည်းနဲ့သည်းခြေကနေ ထွက်ကျလာနေတဲ့ ညိုညစ်ညစ်သွေးစသွေးနရည်တွေနဲ့ဖြစ်နေတာကိုလဲ စိတ်မကောင်းဖွယ်တွေ့လိုက်ရပါတယ်။ ကျနော်က သူမသိအောင် သက်ပြင်းကို ခိုးရှိုက်မိသလို၊ ကျနော့်ဇနီးနဲ့ သမီးတို့ရဲ့မျက်နှာတွေပေါ်မှာလဲ စိတ်ထိခိုက်စွာ ခံစားလိုက်ကြရပုံတွေဟာ မဖုံးနိုင်မဖိနိုင် မြင်လိုက်ရပါတယ်။ သူ့မျက်နှာကိုငေးမောကြည့်မိရင်း ကျနော့်ရင်ထဲမှာ ဆို့ဆို့နင့်နင့်ခံစားလိုက်ရပါတယ်။ သူ့ဘေးနားမှာ ရှိနေကြတဲ့သူတွေအားလုံးရဲ့မျက်နှာတွေပေါ်မှာလဲ စိတ်မကောင်းဟန် ဝမ်းနည်းကြေကွဲနေဟန်တွေဟာ ဘယ်လောက်ပဲ ဖုံးဖိထားထား သဏ္ဍာန်မျိုးစုံနဲ့ ပေါ်လွင်နေခဲ့ပါတယ်။ သူ့အပေါ် သံယောဇဉ်ရှိခဲ့ကြသူ ချစ်ခင်ခဲ့ကြသူတွေ မဟုတ်လား။ သူနဲ့အတူတူ ကျောက်ဆိုင်ကျောက်ပွဲရုံအတူတူလုပ်ခဲ့ကြတဲ့ အောင်ဆန်းလင်းရဲ့ဇနီးသည်ကောင်မလေးက ကိုချစ်အောင်ရဲ့လက်တဖက်ကို အဆက်မပြတ်ဖွဖွညင်ညင် နှိပ်နယ်ပေးနေခဲ့သလို၊ ပွဲရုံကကောင်လေးတယောက်ကလဲ ကိုချစ်အောင်ရဲ့ခြေထောက်တွေကို အဆက်မပြတ်နှိပ်နယ်ပေးနေရင်း တော်တော်ကို စိတ်ထိခိုက်နေတာ အတိုင်းသား တွေ့နေရပါတယ်။ ကျနော်က သူ့လက်ကို အသာအယာကိုင်လိုက်ပြီး သူ့မျက်နှာကို အကြာကြီးကြည့်နေမိချိန်မှာ သူ့ထံက သက်ပြင်းဖွဖွချသံကိုလဲ ကျနော့်နားက ကြားဖြစ်အောင် ကြားနေမိပါတယ်။
အဲဒီနေ့က သူ့ထံက ကျနော်တို့မိသားစု အိမ်ပြန်လာကြချိန်မှာ လမ်းမှာ ကျနော်က “ ကိုချစ်အောင်ကြီးတော့ ဒီတောင်ကနေ ကျော်နိုင်မှာမဟုတ်တော့ဘူး.. တော်တော်ကို စိတ်မကောင်းစရာပဲ ” လို့ပြောလိုက်မိချိန်မှာ ကျနော့်ဇနီးရော သမီးပါသူတို့မျက်လုံးအိမ်တွေထဲမှာလဲ မျက်ရည်ငွေ့တွေ ဝေ့၀ဲနေတာ မြင်လိုက်ရပါတယ်။
( ၄ )
စက်တင်ဘာလဆန်းထဲမှာ သမီးရဲ့တက္ကသိုလ်တက်ရေးကိစ္စတွေကြောင့် ကျနော်တို့ဇနီးမောင်နှံ တော်တော်ကို အလုပ်များခဲ့ကြပါတယ်။ သမီးက သူတက်ရောက်ခွင့်ရတဲ့ ‘ ဟိုင်နန်’ ကျောင်းကို အောင်အောင်မြင်မြင်ထွက်ခွာသွားတော့မှပဲ စိတ်မောလူမော အနည်းငယ်သက်သာသွားသယောင် ယောင်ရှိခဲ့ပါတယ်။ သမီးရဲ့ဒီ တက္ကသိုလ်တက်ရေးကိစ္စ၊ သွားရေးလာရေးကိစ္စတွေကြောင့် ကိုချစ်အောင်ထံ နေ့စဉ်လိုလိုတော့ မားရောက်နိုင်ခဲ့ပေမဲ့၊ ကိုချစ်အောင်မဆုံးပါးမီ ကြားထဲမှာကို ကိုချစ်အောင်ထံ စုစု ပေါင်း (၄)ခေါက်တိတိတော့ သွားဖြစ်ခဲ့ပါတယ်။ သမီးက စက်တင်ဘာ (၈)ရက်နေ့မှာ မန်စီက နေ-ခွန်းမင်၊ ခွန်းမင်ကနေ ဟိုင်နန်ကို လေယာဉ်နဲ့ထွက်ခွါသွားပြီးတဲ့နောက်၊ နောက်တရက်စက်တင်ဘာ (၉) ရက်နေ့မှာပဲ ကိုချစ်အောင်ထံ စတုတ္ထအကြိမ်မြောက်အဖြစ် တက်သုတ် ရိုက်ပြီး ထပ်မံသွားဖြစ်တဲ့အချိန်မှာတော့ ကိုချစ်အောင်ရဲ့အခြေအနေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပါပြီ။ ရက်ရွေးနေတဲ့အဆင့်တောင် မဟုတ်တော့ပဲ အချိန်နာရီ ရွေးတဲ့အဆင့်အထိတောင် ဖြစ်နေပါပြီ။ “ မောလိုက်တာ..” ဆိုတဲ့စကားကို ရှမ်းလို ဗမာလိုသာမက တရုတ်ဘာသာနဲ့ပါ ပြောဆိုနေရင်း ဝေဒနာကို အံတင်းခံစားနေတာ တွေ့လိုက်ရပါတယ်။
သူ့အိမ်ကနေ ကျနော်တို့ဇနီးမောင်နှံနှစ်ယောက် စိတ်မကောင်းခြင်းကြီးစွာနဲ့ ပြန်လာခဲ့ရချိန်မှာ ဝင်တော့မယ့်ဆည်းဆာရီဟာ မှိုင်းညို့နေခဲ့ပါပြီ။
နောက်တနေ့စက်တင်ဘာ (၁၀)ရက်နေ့မနက်အစောကြီးမှာပဲ ရဲဘော်ကြီးကိုချစ်အောင်တယောက် ကွယ်လွန်သွားရှာပါတယ်။ “ အခုလေး မနက်စောစော ငါးနာရီလောက်မှာပဲ ဆုံးသွားပြီ..” ဆိုတဲ့ ရဲဘော်ကိုအောင်ငွေရဲ့တဦးချင်းစီထံ လှမ်းအကြောင်းကြားသံကို နားထောင်လိုက်ရရင်း ထပ်မံကြေကြေကွဲကွဲ ခံစားလိုက်ရပါတယ်။ မျှော်လင့်ထားခြင်းမရှိတဲ့သတင်းမျိုးမဟုတ်ပဲ အနှေးနဲ့အမြန် ကြားရတော့မယ့်သတင်းဆိုတာ သိထားပြီးသားဖြစ်ပေမဲ့ သူ တကယ်ဆုံးသွားရှာပြီဆိုတာကိုကြားလိုက်ရတော့လဲ ရင်ထဲမှာ ရင်ခုန်သံတွေ မြန်နေခဲ့မိပါတယ်။
မနက်ပိုင်းမှာပဲ ကျနော်နဲ့ကျနော့်ဇနီးအပါအဝင်၊ တခြားသော တခြားသော ရဲဘော်မိတ်ဆွေများအပါအဝင် ကိုချစ်အောင်ကို ချစ်ခင်လေးနက်ခဲ့ကြသူတစုဟာ ကိုချစ်အောင်ရဲ့နေအိမ်ရှိရာ ကျဲလက် ရှမ်းရွာလေးဆီ ခပ်သုတ်သုတ်အရောက်သွားခဲ့ကြပါတယ်။ စေတနာအပြည့်နဲ့လိုက်လံကူညီ ပို့ဆောင်ပေးနေတဲ့ မိတ်ဆွေတယောက်ရဲ့ကားလေးနဲ့အတူ ကားကြုံလိုက်ပြီး သွားခဲ့ရတာဖြစ်ပါတယ်။
မနေ့ကပဲ ရောက်ခဲ့ပြီးသားဖြစ်တဲ့ ကိုချစ်အောင်တို့မိသားစုရဲ့အိမ်လေးထဲကို ဝင်လိုက်ဝင်လိုက်ချင်း၊ မနေ့ကပဲ ခုံတွေအပြည့်နဲ့ရှိနေခဲ့သေးတဲ့ ဧည့်ခမ်းလေးထဲမှာ ခေါင်းတလားကြီးတလုံးက မှိုင်းညို့ဆိုင်းရီစွာ စိတ်မကောင်းဖွယ် တည်ရှိနေပါပြီ။ ခေါင်းတလားကြီးရဲ့ခြေရင်းမှာ ကိုချစ်အောင်ရဲ့ဓာတ်ပုံကြီးက လာသမျှသော ရဲဘော်တွေ မိတ်ဆွေတွေကို လှမ်းပြီးကြည့်နေသယောင်လဲ တွေ့လိုက်ရတော့ ရင်ထဲမှာ လှိုက်တက်လာပါတယ်။ လွန်ခဲ့တဲ့ (၂)နှစ်ခွဲကျော်လောက်ကပဲ သူနဲ့ကျနော်ဟာ ဆရာမကြီးရဲဘော်ငွေအတွက် အခေါင်းတလားတခုကို နှစ်ယောက်သားလှည့်ပတ်ရှာဖွေဝယ် ယူခဲ့ရပြီး၊ နှစ်ယောက်သားထော်လာဂျီတစီးနဲ့အခေါင်းကြီးတင်ကာ ရွှေလီဖက်ဆီသယ်ချလာခဲ့ရပုံကို စိတ်ထဲမှာ ဖျတ်ခနဲ ဖျတ်ခနဲ ပြန်မြင်နေလိုက်မိသေးပြီး ရင်ထဲမှာ ဝေဒနာတမျိုး ခံစားလိုက်ရသလို၊ အခုတော့ သူကိုယ်တိုင်လဲ အခေါင်းတလားကြီးတခုထဲရောက်ရှိနေရတဲ့အဖြစ်ဟာ ဘယ်လိုမှ မထင်မှတ်နိုင်လောက်အောင် မြန်ဆန်လွန်းနေပါကလား..လို့ သင်္ခါရရဲ့သဘောကို ကြေကွဲစွာ အတွေးယဲ့ယဲ့ ဝင်လိုက်မိပြန်ပါတယ်။ သူ့ဇနီးသည် ကော်ထွမ်က အခေါင်းပေါ် အုပ်လွှားထားတဲ့ ဇာပဝါကို အသာလှပ်ပြီးပြတဲ့အတွက် ကိုချစ်အောင်ရဲ့နောက်ဆုံးသောမျက်နှာကို ကျနော် လေးလေးနက်နက်ကြည့်မိပါတယ်။ ကိုချစ်အောင်ရဲ့မျက်နှာဟာ ရှမ်းခေါင်းပေါင်းကြီး ပေါင်းလျက်သားအနေအထားနဲ့တကယ့်ရှမ်းကြီးတယောက်ပမာ ပကတိ တည်ကြည်ငြိမ်သက်နေတာ နောက်ဆုံးတွေ့လိုက်ရပါတယ်။
ကိုချစ်အောင်ရဲ့ဈာပနမှာ ကျဲလက်ရွာက ရှမ်းတွေသာမက တခြားဒေသက ရှမ်းတွေရော၊ ကျောက်အရောင်းအဝယ်လောကက ကုန်သည် ပွဲစား-စတဲ့ တရုတ်မိတ်ဆွေ-ဗမာမိတ်ဆွေတွေအပြင်၊ ကိုချစ်အောင်အပေါ် ချစ်ခင်လေးနက်ခဲ့ကြတဲ့ယုံကြည်ချက်တူ ရဲဘော်ရဲဘက်တွေပါ ဟိုက သည်က တဖွဲဖွဲရောက်လာခဲ့ကြတဲ့အတွက် အင်မတန်စည်ကားလှတဲ့ ဈာပနကြီးတခုလဲ ဖြစ်နေခဲ့ပါတယ်။
ကိုချစ်အောင်အပေါ် အလေးထားမှုကို ဖေါ်ပြတဲ့အနေနဲ့ ကျနော်တို့တတွေဟာ ကိုချစ်အောင်ရဲ့ရုပ်အလောင်းကို မြေကျတဲ့အထိ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ ကျဲလက်သင်္ချိုင်းမြေပေါ်မှာ သူ့မိသားစုက အုတ်ဂူသွင်းဖို့အထိ တလေးတနက်စီစဉ်လုပ်ဆောင်ရာမှာ ရှမ်းထုံးစံအရ လိုက်ပါပို့ဆောင်သူတွေ အိမ်ပြန်လို့ရတဲ့အချိန်အထိ ကျနော်တို့တတွေလဲ ငြိမ်သက်တိတ်ဆိတ်စွာ စောင့် ဆိုင်းနေခဲ့ကြပြီးမှ ရှမ်းဓလေ့ရိုးရာနဲ့အညီ လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။
ရှမ်းဓလေ့အရ ဈာပန မြေကျပြီးတဲ့နောက် ဆက်တိုက် နေ့ညတရားနာပွဲ ပြုလုပ်တဲ့အခါတွေမှာရော၊ ရက်လည်တဲ့နေ့မှာ ကျင်းပတဲ့ တရားနာပွဲတွေအထိပါ ကျနော်တို့တတွေလဲ တတ်နိုင်သမျှစုစုစည်းစည်း လိုက်ပါလုပ် ဆောင်ခဲ့ကြပြီး ကိုချစ်အောင်အပေါ် အလေးထားမှုကို ပြသခဲ့ကြပါတယ်။ ကျန်ရစ်လေသူ ကိုချစ်အောင်ရဲ့ဇနီးသည်ကော်ထွမ်နဲ့တဦးတည်းသောသားကြီး အိုက်ပေါင်းရှင်း (ခေါ်) ဗမာနာမည်.. ကောင်းဆက်ဟိန်းကိုလဲ ကျနော်တို့အားလုံးက နွေးနွေးထွေးထွေး အား ပေးသမှု ပြုခဲ့ကြပါတယ်။
အဲဒီ (၇)ရက်မြောက် ရက်လည်တဲ့နေ့က နေအိမ်မှာ တရားနာအပြီးမှာ ကော်ထွမ်ရဲ့အစ်ကိုကြီးက ဦးဆောင်ပြီး၊ ကော်ထွမ်အပါ ကျနော်တို့ရဲဘော်ရဲဘက်တွေအားလုံးကို ကိုချစ်အောင်ရဲ့ရုပ်ကလာပ်မြှုပ်နှံထားရာ လောလောလတ်လတ်ပြီးစီးခါစ ကိုချစ်အောင်ရဲ့ဂူကြီးဆီကို ကားနဲ့ခေါ်သွားတဲ့အတွက် ကျနော်တို့ရဲဘော်ရဲဘက်တသိုက် ထပ်မံလိုက်ပါသွားခဲ့ကြရပြန်ပါတယ်။ ရှမ်းထုံးစံအရ ဈာပန ချစဉ်က သင်္ချိုင်းမြေဆီအထိ အမျိုးသမီးတွေကို တဦးတယောက်မှ လိုက်ပါပို့ဆောင်ခွင့်မရပေမဲ့၊ ရက်လည်ပြီဖြစ်တဲ့အခါမှာတော့ လိုက်ပါကြည့်ရှု့ခွင့် ရပြီဖြစ်တာကြောင့် ကိုချစ်အောင်ရဲ့ဇနီးသည်သာမက အရင်းဆုံးသော မိသားစုဝင်အမျိုးသမီးတွေရော၊ ကျနော်တို့ဖက်က ရဲဘော်ရဲ ဘက်အမျိုးသားတွေသာမက အမျိုးသမီးတွေကိုပါ ကိုချစ်အောင်ရဲ့ဂူဆီကို ခေါ်ဆောင် ပြသခဲ့တာ ဖြစ်ပါတယ်။ ကိုချစ်အောင်ရဲ့ဂူဟာ တော်တော်လေးကိုကြီးမားလှသလို လမ်းမဖက်ကနေ ကြည့်ရင် အတိုင်းသား မြင်နေရလောက်တဲ့နေရာမှာ ရှိနေတာကို တွေ့ရပါတယ်။
ဂူရှေ့မှာ ရှမ်းထုံးစံအရ ကော်ထွမ်တို့မိသားစုက ကိုချစ်အောင်အတွက် ဖရောင်းတိုင်နဲ့အမွှေးတိုင်တွေ ထွန်းညှိပေးတာ၊ ထမင်းဟင်းနဲ့ စားအသောက်တွေအပါအဝင် သစ်သီးဝလံတွေ ကပ်တာ တင်တာတွေပါ ပြုလုပ်ပေးခဲ့ရင်း သူတို့တွေက ရှမ်းဘာသာ ရှမ်းစကားနဲ့ပဲ တတွတ်တွတ်ပြောဆိုတာကို လေးလေးနက်နက် ပြုလုပ်ခဲ့ကြပါတယ်။ ကိုချစ်အောင်အတွက် ဆုတောင်း အမျှေ၀ မေတ္တာပို့သတဲ့သဘောလို့ပဲ ယူဆမိပါတယ်။ ကိုချစ်အောင်အပေါ် သူတို့မိသားစုဝင်တွေရဲ့သံယောဇဉ်အတိုင်းအဆနဲ့အလေးအနက်ထားမှုဟာ တော်တော်ကို သိသာမြင်သာလှပါတယ်။ အဲဒီနောက်မှာတော့ သူတို့တတွေက ကိုချစ်အောင်ဟာ ဗမာအမျိုးသားတယောက်လဲဖြစ်တဲ့အတွက် ကိုချစ်အောင်အတွက် ဗမာစကားနဲ့လဲ ဝိုင်းဝန်းပြောဆိုသံတွေ ကျနော်တို့တွေထံမှ ထွက်ပေါ်လာစေချင်ပုံ ရပါတယ်။ ဒါမှ ဗမာတယောက်ဖြစ်တဲ့ ကိုချစ်အောင်ဟာ ဗမာစကားသံတွေကိုလဲ ကြားရပြီး၊ ကိုချစ်အောင်ရဲ့ဝိညဉ်ဟာ စိတ်အလိုလဲ ပိုမိုပြည့်ဝကာ ကြည်နူးပီတိ ရရှိခံစားနိုင်လိမ့်မယ်လို့လဲ ယူံကြည်ယူဆဟန် တူပါတယ်။ သူတို့က သူတို့တွေရဲ့ရှမ်းဘာသာနဲ့ပြောဆို ရွတ်ဖတ်သံတွေ ပြုလုပ်အပြီးမှာပဲ “ ကိုချစ်အောင်အတွက် ဗမာလို ပြောပေးကြပါ။ ဗမာစကားနဲ့ပြောပေးကြပါ..” လို့ တိုက်တွန်းတောင်းဆိုလာခဲ့ပါတယ်။
ဂူအထိ လိုက်ပါလာခဲ့ကြသူတွေထံက ကျနော်တို့ထဲက တဦးတယောက်ထံကမှ ဗမာစကားသံ ရုတ်တရက် ထွက်လာတာ မကြားရပါ။ ကော်ထွမ်တို့ရှမ်းမိသားစုဝင်တွေထဲက “ ဗမာစကားလေး ပြောပေးကြပါ။ ပြောပေးပါ..” ဆိုတဲ့နောက်ထပ်ပြောဆို တောင်းဆိုသံတွေ ဒုတိယအကြိမ်မြောက် ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ ကျနော်တို့ရဲဘော်ရဲဘက်တွေရဲ့မျက်နှာတွေဆီ လက်လှမ်းမီသလောက် ကျနော်လှမ်းကြည့်လိုက်မိတော့ အားလုံးဟာ ငြိမ်သက်မြဲ ငြိမ်သက်နေပါတယ်။ ဆို့နင့်မှုကြေကွဲမှုတွေကြားထဲကနေ ရုတ်တရက် ဘာစကားကို ပြောရမလဲဆိုတာကို စဉ်းစားမရလို့ပဲလား၊ ဘာကြောင့်လဲဆိုတာတော့ ကာယကံရှင်တွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ငြိမ်သက်ခြင်းကြီးစွာနဲ့ဆက်လက်ငြိမ်သက်နေကြချိန်မှာပဲ ကျနော်ကတော့ ဆုံးဖြတ်ချက်တခုကိုချလိုက်မိပါတယ်။ ကိုချစ်အောင်ကို နောက်ဆုံးအဖြစ် နောက်ဆုံးနှုတ်ဆက်ခြင်းကို အားလုံးကြားအောင် ကြွေးကြော်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ မိသားစုဝင်ရှမ်းတွေ တောင်းဆိုနေတာကို ဖြည့် ဆည်းလိုက်ဖို့ဖြစ်သလို ကျနော်ကိုယ်တိုင် ရင်ထဲမှာ ရှိနေတဲ့ဆန္ဒအတိုင်း လွတ်လွတ်ကျွတ်ကျွတ် ဖေါ်ထုတ် ဖွင့်အံပြလိုက်မိတာကတော့...
“ ကိုချစ်အောင်ရေ .. နောက်ဆုံးနှုတ်ဆက်ပါတယ်..”
“ ရဲဘော်ချစ်အောင် ရေ .. ငြိမ်သက်စွာ အနားယူပါတော့. ”
ကျနော့်ရဲ့အသံဟာ သိသိသာသာ တုံယင်နေပါလိမ့်မယ်။
ကျနော့်ရဲ့ကြွေးကြော်လိုက်တဲ့အသံဟာ နှုတ်ဖျားကသာမက ရင်ထဲကပါ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျနော့်ရဲ့အသံဟာ မနှစ်လိုသူတွေအတွက် မောင်းကွဲကြီးကို ထုလိုက်တဲ့အသံမျိုး ဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမဲ့၊ တမလွန်ဆိုတာရှိကောင်း ရှိနေပြီး၊ အဲဒီ တမလွန်ဆိုတာမှာ ကိုချစ်အောင်များ ရှိကောင်းရှိနေမယ်ဆိုရင်တော့- ကျနော့်ရဲ့အဲဒီ ဟစ်ကြွေး
သံကို ကိုချစ်အောင်တယောက် ပီပီသသ ကြားမိရင်း ကျေကျေနပ်နပ်ကြီး ပြုံးသွားလိမ့်မယ် ထင်ပါတယ်။
ဒါဟာ ကျနော့်ရဲ့ ရဲဘော်ချစ်အောင်အတွက် နောက်ဆုံးနှုတ်ဆက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ တကယ်ကို ကျယ်ကျယ်လောင်လောင်အသံထွက်ခဲ့ပြီး ကိုချစ်အောင်ကို နောက်ဆုံးနှုတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။
ဝင်းတင့်ထွန်း
၁၇- ၁၀- ၂၀၁၆
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar