Breaking News

စစ်ဘေးရဲ့ မဆုံးနိုင်သောဒုက္ခတွေ

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၁၅ မြင်ကွင်း

(မိုးမခ) ဇွန် ၁၆၊ ၂၀၂၄

စစ်ဘေးရဲ့ မဆုံးနိုင်သောဒုက္ခတွေ 

နေ့စဥ် သတင်းတွေမှာတွေ့နေကျ အကြောင်းအရာတွေကတော့ စစ်ဘေးရှောင် ဒုက္ခသည်တွေ အစားအသောက်နဲ့ ဆေးဝါး ပြတ်လပ်နေတယ် ဆိုတဲ့ အကြောင်းအရာ၊ စစ်ဘေးရှောင်ဒုက္ခသည်တွေ ထပ်မံတိုးလာနေတဲ့သတင်း၊ လမ်းတွေ ပိတ်ဆို့ထားတာကြောင့် သို့မဟုတ် နီးတဲ့လမ်း၊ သာတဲ့လမ်းက သွားခွင့်မရှိလို့ ကွေ့ပတ်ပြီး ဆိုးတဲ့လမ်း၊ သွားရခက်ခဲတဲ့လမ်းက ဖြတ်သန်းသယ်ဆောင်ကြရလို့  ဆန်ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းတွေ မတန်တဆ ဖြစ်နေတဲ့ သတင်း၊ မြို့တွေ၊ ရွာတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ ပိတ်ဆို့ထားလို့ ရိက္ခာမရှိသလောက် ပြတ်လပ်ကုန်ပြီး အငတ်ဘေးနဲ့ ကြုံကြရမယ့် အနေအထား စတဲ့ သတင်းတွေက နေ့စဥ်သတင်းတွေရဲ့ အကြောင်းအရာတွေ ဖြစ်နေကြတာ တွေ့ရပါတယ်။ 

ဒီနေ့ သတင်းထဲမှာ ရခိုင်ပြည်နယ် သံတွဲမြို့က စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော် ဆေးဝါးပြတ်လပနေတဲ့သတင်း ဖြစ်ပါတယ်။ မကြာသေးတဲ့သီတင်းပတ်တွေအတွင်း သံတွဲမြို့အနီးတဝိုက်က ကျေး ရွာတွေ၊ ငပလီကမ်းခြေအနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့ပြီး အသက်ဆုံးရှုံးမှုတွေ နေအိမ် ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ ဒေသခံတွေ တိုက်ပွဲနဲ့ လွတ်ကင်းရာဆီကို တိမ်းရှောင်ကြရပြီးနောက်မှာ တိုက်ပွဲအခြေအနေက တရက်၊ တပတ်မက ကြာရှည်လာတဲ့နောက်မှာ ဆေးဝါးလိုအပ်ချက်တွေ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ ပေါ်ထွက်လာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

အခုလို သံတွဲကစစ်ဘေးရှောင်တွေ ဆေးဝါးပြတ်လပ်တဲ့သတင်းက နေ့စဥ်တွေ့နေကျသတင်းခေါင်း စဥ်တွေထဲကတခုလိုဖြစ်နေတာဖြစ်လို့ ထူးထူးခြားခြား သတင်းတပုဒ် မဟုတ်သလို သတင် ဖတ်ရှုသူပရိသတ်တွေအနေနဲ့ ခံစားကြရမယ် ထင်ပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ အခက် အခဲရှိတယ်ဆိုတဲ့ သတင်းက နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်လို့ အများက နားလည်ယူဆလာကြပြီး သတင်းဖတ်ရှုချိန်မှာ နှလုံးသားက စာနာခြင်းနဲ့ စိတ်မကောင်းဖြစ်ခြင်းတွေ ခံစားရမှာ အမှန်ဖြစ်ပေမယ့် မိမိတို့အနေနဲ့လည်း ဘာမျှ မတတ်နိုင်တဲ့အနေအထားမျိုးလို့ ဦးနှောက်က သတင်းပို့လာပြီးနောက် သတင်း အကြောင်းအရာ တခုကို ဆက်ဖတ်ကြတဲ့ အနေအထားရောက်ရှိလာနေတာ ဖြစ်ပါတယ်။ 

သတင်းဖတ်သူက ပြည်မဘက်က၊ ကချင်ပြည်နယ်က၊ ရှမ်းပြည်နယ်က၊ ကရင်ပြည်နယ် စသဖြင့် ရခိုင်ပြည်နယ်ပြင်ပက ဖြစ်နေခဲ့ရင် အဆက်အသွယ်၊ ကူညီပို့ဆောင်ဖို့ အတားအဆီး၊ အကူအညီ အရင်းအမြစ် အကန့်အသတ်တွေ ရှိနေမှာ အမှန်ဖြစ်ပြီး အထက်က နယ်မြေ၊ ပြည်နယ်တွေ မှာ ဖြစ်တဲ့ မိမိတို့နေထိုင်ရာ ဒေသနဲ့ အနီးဆုံးက ဖြစ်ရပ်တွေ အကူအညီလိုအပ်ချက်တွေကို ကူညီနိုင်ဖို့ ပထမဆုံး စဥ်းစားကြရတဲ့ အခြေအနေမျိုး ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ 

အခုလို တနိုင်ငံလုံး စစ်မက်ဖြစ်ပွားခြင်းရှိမနေခဲ့ရင်၊ အဲဒီလိုအချိန်ကာလမျိုး၊ စစ်အာဏာသိမ်းမှုလည်း မရှိဘဲ၊ လူထုအချင်းချင်းအကြား လွတ်လွတ်လပ်လပ်ကူညီဖေးမမှုလုပ်နိုင်တဲ့အနေအထားမျိုးမှာဆိုခဲ့ရင် သံတွဲမြို့က စစ်ဘေးရှောင်တွေ ဆေးဝါးပြတ်လပ်နေတဲ့အဖြစ်အပျက်က နိုင်ငံရဲ့ အခြားသောဒေသတွေက အကူအညီပေးဖို့လုပ်ဆောင်နိုင်ကြမယ့်အနေအထားဖြစ်ပေမယ့် လက်ရှိ အခြေအနေကတော့ ဥပက္ခာမပြုချင်ပေမယ့် ပြုထားကြရတဲ့ အနေအထားမျိုး ရောက်နေတယ်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ စစ်ဘေးကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူ ၃ သန်းကျော်အထိရောက်ရှိလာနေတဲ့အခြေအနေအောက်မှာ နိုင်ငံတကာအကူအညီတွေလည်း အကန့်အသတ်နဲ့ သာရှိနေသလို၊ ပြည်တွင်းက လူထုအချင်ချင်း ကူညီနိုင်မှုဟာလည်း အကန့်အသတ်ကြီးစွာ ရှိနေတာဖြစ်ပါတယ်။ 

နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေးရှောင်သူတွေကို အကူအညီပေးဖို့မှာလည်း လွတ်လပ်စွာကူညီပေးအပ်ခွင့်ကိုလည်း စစ်ကောင်စီဘက်က ကန့်သတ်ထားသလို၊ တဖက်မှာလည်း နိုင်ငံတကာ ရန်ပုံငွေတွေ ၊ မြန်မာ့ဒုက္ခသည် အရေးတွက် လိုအပ်တဲ့ ရန်ပုံငွေတွေက လုံလောက်စွာရရှိနေတဲ့အခြေအနေ ဟုတ်မနေပါဘူး။ 

မြန်မာနိုင်ငံမှာဖြစ်ပွားလာနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် တိမ်းရှောင်ရတဲ့စစ်ဘေးရှောင်တွေကို ကုလသမဂ္ဂဒုက္ခသည်များ ကူညီရေးအေဂျင်စီတွေက အကူအညီပေးအပ်ဖို့ ချင်းပြည်နယ်နဲ့ ကရင်နီဒေသတွေမှာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ကြိုးပမ်းမှုတွေရှိခဲ့ပေမယ့် အာဏာ သိမ်း စစ်တပ်ရဲ့ ကန့်သတ်မှုတွေရှိနေတဲ့အောက်မှာ ပေးရတာဖြစ်လို့ အနည်းငယ်သာ ပေးအပ်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ ကုလသမဂ္ဂ အနေနဲ့ အကူအညီပေးအပ်တဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်မှုတွေ သိပ်မတွေ့ရတော့ပါဘူး။ 

အာဆီယံ အနေနဲ့လည်း မူ ၅ ချက်ပါ တချက်ဖြစ်တဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ ကန့်သတ်မှုမလုပ်ဖို့ ဆိုတာ ချမှတ်ခဲ့ပေမယ့် ၃ နှစ်ကျော်ကြာတဲ့အထိ ထင် ရှားတဲ့အောင်မြင်မှုတွေမရခဲ့တာ တွေ့ရပါတယ်။ 

နိုင်ငံတကာအနေနဲ့လည်း မြန်မာ့အရေးထက် ယူကရိန်း၊ ပါလစ္စတိုင်း-အစ္စရေးလ် အရေးကိစ္စက ရှေ့တန်းရောက်လာခဲ့တာကြောင့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ရသူတွေ လိုအပ်တဲ့ အကူအညီ၊ လူသားချင်းစာနာမှု အကူအညီတွေ မျှော်လင့်သလောက် မရရှိတဲ့ အနေအထားလို့ ဆိုရင် မှားမယ်မထင်ပါ။ 

မြန်မာနိုင်ငံက လူထုအနေနဲ့ စစ်ပွဲတွေရဲ့ သက်ရောက်မှု၊ အကျိုးဆက်ဖြစ်တဲ့ အသက်ဆုံးရှုံးရတဲ့အဖြစ်၊ နေအိမ်ဆုံးရှုံးရတဲ့အဖြစ်နဲ့ အငတ်ဘေး၊ ထိခိုက်ဒဏ်ရာရရင်သော်လည်းကောင်း မကျန်းမမာဖြစ်ရင်သော်လည်းကောင်း ဆေးကုသမှု မရရှိတာတွေ အစရှိတဲ့  ဒုက္ခသုက္ခတွေကို ခါးစည်းခံရတာ များလွန်းလို့ ခံနိုင်ရည် တနည်းအားဖြင့် အရေထူလာကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

မိသားစုဝင် ဆုံးရှုံးတာ သို့မဟုတ် စစ်ပွဲထဲ ဆွဲသွင်းခံရတာ၊ အိမ်မီးလောင်တာ၊ ငတ်ပြတ်တာတွေဟာ ကိုယ်တဦးတည်း မဟုတ်ဘဲ အနီးအနားမှာ အဖော်အပေါင်းများစွာနဲ့ ခံစားနေကြရတာလည်း ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်ပြီး မကျန်းမမာဖြစ်သူတွေလည်း ကျေးရွာကို အသက်လုပြီး တိမ်းရှောင်ချိန်မှာ တပါတည်း မခေါ်ဆောင် နိုင်ခဲ့ကြဘဲ နေအိမ်နဲ့ အတူမီးလောင် အသက်ဆုံးရှုံးခဲ့ရတဲ့ ရင်နင့်စရာ အဖြစ်မျိုးတွေ များစွာရှိနေခဲ့တာ ဖြစ်ပါတယ်။ ရင်နင့်စရာ ဖြစ်ရပ်တွေ၊ နာကြည်းစရာ ဖြစ်ရပ်တွေ တခုမက တနေရာမက၊ ဒေသတခုမက ဖြစ်ပျက်နေကြရတာ ဖြစ်ပါတယ်။ ဆယ်ဂဏန်းနဲ့ချီတဲ့ အရပ်သားတွေ၊ အရွယ်မရောက်သေးသူတွေ၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ ခုခံတိုက်ခိုက်မှု နဲ့ စစ်ပွဲတွေကို အကြောင်းပြုပြီး သတ်ဖြတ်ခံရတာ၊ လေကြောင်းက ဗုံးကြဲတိုက် ခိုက်မှုမှာ အသက်ဆုံးရှုံးရတာ ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရောက်လာနေပြီဖြစ်ပါတယ်။ မှားယွင်း သတ်ဖြတ်တာ၊ လက်နက်ကိုင် အဖွဲ့ဝင်ရဲ့ မိသားစုဝင်ဖြစ်လို့ သတ်ဖြတ်ခံရတာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေပါ လုပ်ကြံသတ်ဖြတ်မှုတွေအတွင်း ထိခိုက်သေဆုံးကြရတာ သို့မဟုတ် တမင်ရည်ရွယ်ပြီး မိသားစုတစုလုံးကို နှုတ်ပိတ် သတ်ဖြတ်ကြတာတွေလည်း ကျေးရွာအများအပြားနဲ့ မြို့တွေမှာအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြတာ ဖြစ်ပါတယ်။ 

လူထုအနေနဲ့အသက်ရှင်သန်ဖို့အခွင့်အလမ်း တဖြည်းဖြည်းနည်းပါးလာနေတာကို မိမိ ပတ်ဝန်း ကျင်မှာ မိမိမျက်စိရှေ့မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို ကြည့်ရင်း နားလည်သဘောပေါက်လာကြတာ ဖြစ်ပါတယ်။ 

လက်နက်နဲ့ အသက်ဆုံးရှုံးမလား၊ မီးလောင်တဲ့အထဲ အတူရှို့ခံရပြီး အသက်ဆုံးရှုံးမလား၊ ဖမ်းဆီး နှိပ်စက်ခံရရင်း အသက်သေဆုံးမလား သို့တည်းမဟုတ် စားဖို့ ရိက္ခာပြတ်လပ်ရာက အသက်ဆုံးရှုံးသွားမလား ဆိုတဲ့ ဖြစ်နိုင်ခြေ အမျိုးမျိုးက တဦးချင်းစီကို နီးကပ်လာနေတဲ့ အနေအထားလည်း ရောက်ရှိလာနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လူထုအဖို့ မိမိတို့ရဲ့ ကံကြမ္မာကို မိမိတို့ ရွေးချယ်နိုင်ခွင့်က တဖြည်းဖြည်း နည်းပါးလာနေပြီး ကံကြမ္မာဆိုးနဲ့ မကြုံရဖို့ ရှောင်ရင်းတိမ်းရင်း မလွတ်မြောက်နိုင်သူတွေလည်း တစတစ များပြားလာနေတာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar