Breaking News

ကောင်းဇေလူ - မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံးနိုင်ငံ ဖြစ်နေပြီလား

ကောင်းဇေလူ - မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှု အများဆုံးနိုင်ငံ ဖြစ်နေပြီလား

(မိုးမခ) ဇွန် ၁၆ ၊ ၂၀၂၄

တရုတ် ဇာတ်ညွှန်း၊ မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲအိပ်မက်မှာ အာဆီယံ မပါ၀င်စေလို

မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ကြားရတဲ့ သတင်းတွေကတော့ ဆိုးသထက်ဆိုးလာနေတယ်။ လူသားအချင်းချင်းအပေါ် စာနာမှုမရှိတဲ့ မင်းဆိုးမင်းညစ်ရဲ့ အာဏာသိမ်းအုပ်ချုပ်နေမှုကြောင့် ပြည်သူလူထု နှလုံးစိတ်၀မ်း မငြိမ်းချမ်းနိုင် ဖြစ်နေရတယ်။ ရွှေဈေး၊ ဒေါ် လာဈေး၊ လောင်စာဆီဈေးတွေ မကြုံဖူး၊ မကြားဖူးတဲ့အခြေအနေအထိ ဈေးတက်ရတာဟာ စစ်အာဏာ သိမ်းမှုဆိုတဲ့အရင်းခံအကြောင်းကြောင့် ဖြစ်တယ်။ ဒါကို အကြမ်းဖက်စစ်အာဏာရှင်က ပြည်သူ လူထုအပေါ်  ပြန်ပြီး အပြစ်တင်နေပုံကတော့ သြချလောက်ပါရဲ့။ 

ဇွန်လ ၇ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ လက်ရှိ နိုင်ငံစီးပွားရေးနဲ့ လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ စစ်တပ်ဆန့်ကျင်သူတွေက ဝေဖန်ကြတယ်။ စစ်ခေါင်းဆောင် ပြောဆိုပုံက နိုင်ငံ ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိတဲ့ နိုင်ငံသားတွေက အဓိကလုပ်နေတာဖြစ်တယ်။ လက်ရှိ တိုင်းနဲ့ ပြည်နယ်တွေမှာဖြစ်နေတဲ့ အကြမ်းဖက်လုပ် ရပ်တွေဟာ ဒေသခံအကြမ်းဖက်တွေက လုပ်နေတာလို့စွပ်စွဲထားတယ်။ ဒါထက်ဆိုးတာက ဒေသ ခံအကြမ်းဖက်သမားဟာ “သားရေပေါ်အိပ်၊ သားရေနားစား” သူတွေဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ကြောင်း စစ်တပ် ထိန်းချုပ်ထားတဲ့ MRTV သတင်းမှာ ဖော်ပြခဲ့တယ်။ ဒီအချက်ကို ကြည့်ရင်  မင်းအောင်လှိုင်ဟာ ထမင်းရှင်ရဲ့ လက်ကိုပြန်ကိုက်တဲ့ ခွေးလို့ပဲ မှတ်ချက်ပြုရတော့မယ်။ သူသာ အာဏာမရူးခဲ့ရင် စစ်သားတွေ၊ ရဲသားတွေ၊ အရပ်ဘက်၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေ၊  တိုင်းပြည့်အနာဂတ်ဖြစ်တဲ့ လူငယ်အညွန့်အဖူးတွေ အလဟဿ အသက်တွေ ဆုံးရှုံးကြရမှာ မဟုတ်ဘူး။ 

လက်ရှိ တိုင်းပြည်မှာ ပေါ် ပေါက်နေတဲ့ ကပ်ကြီးသုံးပါးစလုံးကို ဖန်တီးသူဟာ မင်းအောင်လှိုင်နဲ့ အပေါင်းပါ စစ်အုပ်စုဖြစ်ကြောင်း နိုင်ငံတကာက မှတ်တမ်းတင်ထားပြီးဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စု၀င်တွေဟာ စစ်ရာဇ၀တ်ကောင်များအဖြစ် နိုင်ငံတကာစစ်ခုံရုံးတွေမှာ တရားစွဲတင်ခံရမယ့်သူတွေ ဖြစ်တယ်။

မကြာသေးခင်က မြန်မာငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ဝန်ထမ်းတွေကို လစာတိုးပေးတဲ့ လုပ်ငန်းရှင် ဆယ်ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောကြောင်း RFA သတင်းအရ သိရတယ်။ မေလကုန်ပိုင်းမှာ ကုမ္ပဏီတချို့က ဝန်ထမ်းတွေ စားဝတ်နေရေး အဆင်ပြေဖို့ လစာတိုးမြှင့်ပေးခဲ့ကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့တယ်။ ဒါကို အခြေအနေ မတည်မငြိမ် ဖြစ်စေတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုတွေ လုပ်သတဲ့။ ပြည်သူအချင်းချင်း ကိုယ်ချင်းစာနာမှုထားပြီး အကူအညီပေးတာကို ဖမ်းတဲ့ ဆီးတဲ့အထိ လုပ်တာဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မူ၀ါဒ လုပ်ရပ်ကို ပိုပြီး မြင်သာစေတယ်။ တကယ်က ပြည်သူတွေ စား၀တ်နေရေး ကြပ်တည်းနေတာ၊ အလုပ်သမားတွေ လုပ်ခနဲ့ကုန်ဈေးနှုန်း မမျှမတဖြစ်နေတာတွေကိုဖြေရှင်းမပေးရုံမက အပြစ်တင် အရေးယူတာမျိုးအထိ စကစရဲ့ လုပ်ံကိုကြည့်ရင် စစ်ခေါင်းဆောင်ဆိုသူတွေဟာ ပြည်သူကို ရန်လိုနေသူတွေဖြစ်တယ်။ သူတို့လုပ်သမျှ တခုမှအပေါက်အလမ်းမတည့်ဘဲ အမှားပေါ် အမှားတွေ ဆင့်နေတာကို ရှက်ရမ်းရမ်းပြီး ပြည်သူတွေကို ရန်မူနေတာ ဖြစ်တယ်။

လုပ်ခလစာတိုးပေးလို့ဆိုပြီး လုပ်ငန်းရှင်တချို့ အရေးယူခံရတာ၊ လုပ်ငန်း ချိပ်ပိတ်ခံရတာတွေနဲ့ ပတ်သက်လို့  အလုပ်သမားအရေးလှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချကြောင်း  သိရတယ်။

အထွေထွေအကျပ်အတည်းကြောင့် ဝန်ထမ်းတွေအဆင်ပြေအောင် လုပ်ငန်းတချို့က လုပ်ခလစာ တိုးမြှင့်ပေးခဲ့တယ်။ အဲဒီလိုတိုးပေးတဲ့လုပ်ငန်းရှင် ၁၀ ဦးနီးပါးကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ (၅၀၅) နဲ့ တရားစွဲထားတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီသတင်းအရင်းအမြစ်က သတင်းမီဒီယာတချို့ကို အတည်ပြုဖြေကြားထားတယ်။

အဲဒီလို လုပ်ခတိုးပေးလို့ အရေးယူတာဟာ စစ်ကောင်စီရဲ့ ဥပဒေမဲ့ ထင်ရာစိုင်းတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတွေက ဆိုတယ်။ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) တာဝန်ရှိသူတဦးက “လုံးဝအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပါ။ အလုပ်ရှင်က သူ့ဝန်ထမ်း သူ့သဘော လုပ်ခတိုးပေးတာ ဘာဥပဒေနဲ့မှ ငြိစွန်းမှု မရှိဘူး။ အနည်းဆုံး အခကြေးငွေနှုန်းအောက် ပေးတာဆိုရင်တော့ ဥပဒေချိုးဖောက်တာ။ အခုက စစ်ကောင်စီက ငါတို့လုပ်ချင်ရာ လုပ်မယ်ဆိုတဲ့ အချိုးမျိုး လုပ်သွားတာလို့ မြင်တယ်” လို့ ပြောကြားခဲ့တယ်။

အခုလိုလုပ်ခတိုးပေးလို့ အရေးယူတာဟာ ဘဏ္ဍာငွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင် စီအနေနဲ့ သူတို့ရဲ့ Non CDM ဝန်ထမ်းတွေရဲ့ လစာတိုးမပေးနိုင်တဲ့အခြေအနေကို ဖော်ပြရာရောက်နေတယ်လို့လည်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ထောက်ပြကြောင်း DVB သတင်းအရ သိရတယ်။

ဇွန်လဆန်းပိုင်းကလည်း ဈေးနှုန်းမတည်ငြိမ်အောင် လုပ်တယ်လို့ဆိုပြီး ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား ၂၁ ဦး၊ နိုင်ငံခြားငွေရောင်းချသူ ၁၄ ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်။ နောက်ထပ် ၁၁ ဦးကို ဆက် လက်ဖမ်းဆီးမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သေးတယ်။ ဖမ်းဆီးထားသူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့  အရေးယူဖို့ စီစဥ်နေတယ်လို့ ဆိုတယ်။ ဒါကိုကြည့်ရင် နိုင်ငံရေး၊ စီးပွားရေးကို နားမလည်ဘဲ တိုင်းပြည်အုပ်ချုပ်ချင်နေတဲ့ အာဏာရူးတွေဆိုတာ ပေါ် လွင်လာတယ်။ စီးပွားရေးသဘောအရ free market economy ကျင့်သုံးနေတဲ့ခေတ်မှာ invincible hand သဘောသဘာ၀လောက်ကိုတောင် လေ့လာမထားဘဲ နိုင်ငံ့ခေါင်းဆောင်နေရာ တက်ထိုင်ချင်တာကတော့ ရူးနေလို့ ဆိုတာ သေချာတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကုန်ဈေးနှုန်းက  သုံးဆနီးပါး တက်လာခဲ့တယ်။ အလုပ်သမားတွေအတွက် တစ်ရက် အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်ဟာ မလောက်ငတော့ပါဘူး။ စစ်ကောင်စီက အောက်တိုဘာလက စလို့ အနိမ့်ဆုံး တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို မပြောင်းလဲဘဲ နောက်ထပ် အပိုထောက်ပံ့ငွေ တစ်ထောင်ကျပ် တိုးပေးရမယ်လို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ လက်ရှိ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုတွေကြောင့် အနိမ့်ဆုံး လုပ်ခကို တစ်ရက် ကျပ်တစ်သောင်းအထိ ရသင့်တယ်လို့ စက်မှုဇုန်က အထည်ချုပ်အလုပ်သမားတွေက တောင်းဆိုနေကြတယ်။ တနိုင်ငံလုံး စက်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာဟာ အမေရိကန် ဒေါ်လာ သုံးဒေါ် လာအထက်ရှိသင့်တာမို့ ကျပ်တစ်သောင်းအထိ တိုးပေးဖို့လိုအပ်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူဖြစ်တဲ့ ဒေါ်မျိုးမျိုးအေးက RFA ကို ပြောခဲ့ဖူးတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးဖို့တောင်းဆိုတဲ့အလုပ်သမားတချို့ အလုပ်ထုတ်ခံရတာအပြင် ဆန္ဒပြသူတွေလည်း ဖမ်းဆီး အရေး ယူ ခံရတာတွေ ရှိခဲ့တယ်။

မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစုအဖွဲ့ရဲ့ သမဂ္ဂခေါင်းဆောင်တစ်ဦးကတော့ အခုလို အလုပ် သမားအခွင့်အရေး ချိုးဖောက်မှုတွေပိုဆိုးလာတာဟာ အာဏာသိမ်းပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီက အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့ ၁၆ ဖွဲ့ကို တရားမဝင် အဖွဲ့အစည်းတွေအဖြစ် ကြေညာခဲ့တာကြောင့်လို့ ပြောပါတယ်။ အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်းမှာ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူ လေးရာနီးပါး အဖမ်းခံခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

ဒီအတောအတွင်း မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းရပ်တန့်လာပြီး ဆင်းရဲမွဲတေမှု ပိုပိုဆိုးရွားလာတယ်လို့ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြတယ်။ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမ ဖြစ်နေနေ မြန်မာနိုင်ငံမှာ အကြမ်း ဖက်မှုတွေ ပြင်းထန်လာတယ်။ လုပ်သားရှားပါးမှုနဲ့ ငွေကြေးတန်ဖိုးကျဆင်းမှုတွေကြောင့် စီးပွား ရေးလုပ်ဖို့လည်း ပိုမိုခက်ခဲလာတယ်လို့ ဆိုတယ်။ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ လာမယ့် ၂၀၂၅ နှစ်၊ မတ်လအထိ တနှစ်တာကာလ ပြည်တွင်းထုတ် လုပ်မှုတန်ဖိုးဟာ ၁ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက ခန့်မှန်းခဲ့တဲ့ ၂ ရာခိုင်နှုန်းအောက် လျော့နည်းနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ မလုံခြုံမှု၊ စစ်ပွဲ ပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းကြားမှာ လူလတ်တန်းစား အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဆင်းရဲမွဲတေမှု မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုရေး အစီအစဥ် (UNDP) က ဆိုပါတယ်။ ၂၀၂၄ ဧပြီလက ထုတ်ပြန်ခဲ့တဲ့ "ဆင်းရဲမွဲတေမှုနဲ့ အိမ်ထောင်စုတွေရဲ့ စီးပွားရေး၊ မြန်မာနိုင်ငံမှာ ကွယ်ပျောက်လာနေတဲ့ လူလတ်တန်းစားတခု"ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း လုပ်သား ၂၈ ရာခိုင်နှုန်းဟာ အလုပ်ထွက်ပြီး ကျေးလက်နဲ့ပြည်ပနိုင်ငံတွေကိုပြောင်းရွှေ့ခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လ ၁၂ ရက်နေ့ အစီရင် ခံစာမှာ ဖော်ပြထားတယ်။ အဲဒီလုပ်သားတွေရဲ့ တဝက်လောက်ဟာ ပြည်ပနိုင်ငံတွေကို ပြောင်းရွှေ့ခဲ့ပြီး ကျန်တဲ့လုပ်သား သုံးပုံတစ်ပုံကတော့ ပြည်တွင်းမှာပဲ ရွှေ့ပြောင်းခဲ့တာလို့ ကမ္ဘာ့ဘဏ်က ဆိုကြောင်း RFA သတင်းအရ သိရတယ်။ စစ်မှုထမ်းဥပဒေ မကြေညာခင် ၂၀၂၃ ခုနှစ်၊ ဧပြီလမှာ အလုပ်ထွက်ခဲ့တဲ့ လုပ်သား ၁၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ စစ်မှုထမ်းဥပဒေနောက်ပိုင်း ၂၀၂၄ ခုနှစ် ဧပြီလအတွင်း လုပ်သား ၂၈ ရာခိုင်နှုန်းအလုပ်ထွက်ခဲ့တာပါ။ ကမ္ဘာ့ဘဏ်ရဲ့ လတ်တလော စစ်တမ်းတွေအရ အသက် ၂၀ ကနေ ၄၀ အတွင်းရှိတဲ့ ပညာတတ်လူငယ် ၅၂ ရာခိုင်နှုန်းဟာ ဂျပန်၊ စင်္ကာပူ၊ တောင်ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်လိုကြတယ်လို့ ဖော်ပြထားတယ်။

မကြာသေးမီက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ (ဇွန်လ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ) အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ ၁၁၂ ကြိမ်မြောက် ညီလာခံ ကျင်းပခဲ့တယ်။

ILO ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်ပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့တွေနဲ့ အတူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) အဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့တယ်။ စစ်တပ်ကိုယ်စားပြုသူတွေ တက်ခွင့်မရခဲ့ဘူး။

လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းဖို့နဲ့ အဓမ္မလုပ်သားစေခိုင်းမှုဆိုင်ရာ အချက်တွေကို စစ်ကောင်စီက ချိုးဖောက်နေကြောင်း၊ စစ်မှုမထမ်းမနေရ ဥပဒေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ လူငယ်တွေကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းမှုတွေ ပိုပိုဆိုးလာတဲ့အတွက် အမြန်ဆုံးရပ်တန့်ပေးစေလိုကြောင်း၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ILO ယန္တယားထဲမှာ ဘယ်လိုအရေးယူလို့ရမလဲဆိုတာကို ဆွေးနွေးကြကြောင်း၊ နိုင်ငံတွေအားလုံးက အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ အကုန် လုံးကို အရေးယူချင်ကြောင်း၊အရေးယူတဲ့ပုံက ဆန်ရှင်နဲ့ အရေးယူချင်ကြောင်း။ ILO ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းရဲ့ အပိုဒ် ၃၃ အရ ဆုံးဖြတ်ပြီးသွားရင် အဲဒီနောက်ဆက်တွဲက ဆန်ရှင်နဲ့အရေးယူခြင်းပဲ ဖြစ်တယ်။ ဆန်ရှင်နဲ့ အလုံးစုံ ပိတ်ဆို့ရေးရယ်၊ ပြီးတော့ ကုလသမဂ္ဂ အနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက အကြမ်းဖက် စစ်ကောင်စီနဲ့ လူသားစာနာအကူအညီတွေ လုပ်နေတဲ့ကိစ္စတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်နေတဲ့ကိစ္စတွေအားလုံးရပ်တန့်ဖို့အတွက် ဆန်ရှင်တွေချမှတ် အရေး ယူချင်ကြောင်း၊ အဲဒီညီလာခံကို ကိုယ်တိုင်တက်ရောက်ပြီး တင်ပြတောင်းဆိုခဲ့သူ  CTUM ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ် ဖြိုးစန္ဒာစိုးက ‌ပြောပြခဲ့တယ်။  

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ အချက်တွေကို စစ်ကောင်စီက ချိုးဖောက်နေကြောင်း ILO အနေနဲ့ သက်သေအထောက်အထားတွေနဲ့တကွ အတည်ပြုထားပြီး ဖြစ်တယ်။ ဒါကို ထိထိရောက်ရောက် အရေးယူပေးဖို့ မြန်မာကိုယ်စားလှယ်တွေက တောင်းဆိုနေကြတာ ဖြစ်တယ်။ ILO ရဲ့ ပြဋ္ဌာန်းချက်တွေကို အဖွဲ့ဝင်အနေနဲ့ လိုက်နာပါမယ်လို့ လက်မှတ်ရေးထိုးထားခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်ကောင်စီလက်ထက်မှာတော့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုဆိုတဲ့ အချက်တွေကို ချိုးဖောက်နေတယ်။ ILO ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သူတို့လေ့လာစစ်ဆေးတွေ့ရှိချက်တွေကို  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှာ အတည်ပြုထားပြီး ဖြစ်တယ်။

အကြမ်းဖက် စစ်တပ်က ပြည်သူ ၄,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေ၊ လူပေါင်း ၂၆,၀၀၀ နီးပါးကို ဖမ်းဆီးထားတာတွေကိုလည်း အဲဒီ ILO ရဲ့  အတည်ပြုချက်မှာ ဖော်ပြထားတယ်။ တဆက်တစပ်တည်းဆိုသလို အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲဖို့ မဖြစ်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ကြောင်း RFA သတင်းအရ သိရတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်အခတ်ရပ်စဲခဲ့ကြတာနဲ့ ဆက်စပ်ပြီး ရက္ခိုင့်တပ်တော် (AA) အနေနဲ့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲနိုင်ခြေ ရှိသလား ဆိုတဲ့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို ဦးခိုင်သုခက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်တယ်။

“စစ်ကောင်စီနဲ့ ကျွန်တော်တို့က ဟိုင်ဂင်နောက်ဆက်တွဲ အစည်းအဝေးတွေမှာ နှစ်ဖွဲ့ချင်း တွေ့ဆုံတာ ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်ကတော့ ပြေပြေလည်လည်နဲ့ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေး‌ပြီး အဖြေရှာဖို့ လိုလားနေပါတယ်။ ဘာဖြစ်လာနိုင်လဲဆိုတာက လက်ရှိ စစ်ကောင်စီ လုပ်ရပ်ပေါ်မှာ အများကြီး မူတည်နေပါတယ်။ နောက်ဆုံး တွေ့ဆုံပွဲမှာ ကျွန်တော်တို့ ပြောခဲ့တာရှိတယ်၊ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ကျွန်တော်တို့ စစ်ကောင်စီကို ပြောထားတယ်။ ဒီနေ့အချိန်အထိ ဆက်ပြီးဖြစ်နေပါတယ်။ ရခိုင်တစ်ခုတည်းမှာတော့ မဟုတ်ပါဘူး AA နဲ့ ဆက်စပ်နေတဲ့ တခြားစစ်မြေပြင်တွေမှာလည်း ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်။”

တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ စစ်မျက်နှာတွေမှာ အကြမ်းဖက်စစ်တပ်ဟာ နာလန်မထူနိုင်လောက်အောင် အလဲအကွဲ ရှုံးပွဲတွေ ဆက်နေပါတယ်။ တိုက်ပွဲတိုင်း ရှုံးနေတဲ့ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်တွေဟာ တော်လှန်ရေးတပ်တွေကို မနိုင်တဲ့အတွက် ပြည်သူတွေ နေထိုင်တဲ့‌ ကျေးရွာတွေကို မီးရှို့ ဗုံးကြဲ လက်နက်ကြီးနဲ့ပစ် ရွာသူရွာသားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းလုပ် ဆိုတာတွေ ကျူး လွန်လာတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ကို ပြည်သူလူထုက အော့နှလုံးနာကြတယ်။ အသက်နဲ့ရင်းပြီး တော်လှန်ရေးဘက်ကို မျက်နှာမူလာကြတယ်။ တော်လှန်ရေး အောင်မြင်ရေးအတွက် နိုင်ရာ နိုင်ရာ တာ၀န်အသီးသီး ယူလာကြတယ်။ ဒါဟာ ဘယ်သူမပြု မိမိမှု ဆိုသလိုပါပဲ။ မင်းအောင်လှိုင်က ပြည်သူကို ရန်သူသဖွယ် ပြစ်တင်မောင်းမဲ နည်းအမျိုးမျိုးနဲ့နှိပ်စက်တဲ့အတွက် ပြည်သူက သူ့ကို စွန့်ခွာလိုက်ပြီ ဖြစ်တယ်။ ပြည်သူတွေ တော်လှန်ရေးဘက် ကူးပြောင်းလာအောင် မင်းအောင်လှိုင်က လုပ်ပေးခဲ့တာလို့ ဆိုရမယ်။

မကြာသေးမီက မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံး နေရာဖြစ်ကြောင်း စစ်မြေပြင်ဆိုင်ရာ သတင်းအချက်အလက်တွေ ထုတ်ပြန်တဲ့ ACLED သုတေသနအဖွဲ့က ပြောလိုက်တယ်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းပဋိပက္ခတွေကြောင့် အနည်းဆုံး အရပ်သား ရှစ်ထောင်အပါအဝင် လူ ငါးသောင်းသေဆုံးပြီး ၂ သန်း ၃ သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး ခုနစ်လကြာတဲ့အထိ မြန်မာနိုင်ငံမှာ သွေးထွက်သံယို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲလို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နိုင်ငံ့စီးပွားရေးကို ဆိုးရွားလာစေပြီး ဆင်းရဲမွဲတေမှုတွေလည်း တိုးလာနေတယ်လို့ ACLED ရဲ့ အစီရင်ခံစာထဲမှာ ပါရှိပါတယ်။ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၀ ခုနှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရကြောင်း၊ စစ်တပ်က ပဋိပက္ခဖြစ်ပွားရာဒေသတွေကို ဝင်ရောက်ခွင့် ဆက်လက်ကန့်သတ်ထားတာကြောင့် ကျေးလက်နေလူထုဟာ ငတ်မွတ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုထားတယ်။ ပိုပြီးဆိုးရွားတာက နိုင်ငံတဝန်းက အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ရေလမ်းတွေကို စစ်တပ်က ပိတ်ဆို့ထားပြီး အကူအညီ လိုအပ်နေတဲ့ ပြည်သူ ၁၇ သန်းကျော်ထံ အကူအညီပေးရေးလုပ်သားတွေ မရောက်အောင် ထားဆီးထားတယ်လို့လည်း ဖော်ပြထားတယ်။ ACLED ဟာ လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ပဋိပက္ခဆိုင်ရာအချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့အဖွဲ့ ဖြစ်တယ်။

ဒီလိုအခြေအနေ အခင်းအကျင်းမှာ မင်းအောင်လှိုင်က ရွေးကောက်ပွဲလုပ်ဖို့ အိပ်မက် မက်နေတုန်းပဲ။  နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေတုန်းပါပဲ။ NCA စာချုပ်ပါ အချက်တွေအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး မကြာခင်မှာ နိုင်ငံရေးပါတီတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်က ဇွန် ၈ ရက် အစည်းအဝေးမှာ ပြောဆိုခဲ့တာ ကြားရတယ်။ စစ်ကောင်စီခေါင်းဆောင်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တချို့နဲ့ ယာယီ အပစ်အခတ်ရပ်ထားတဲ့ အဖွဲ့တချို့က သဘောတူညီချက်တွေကို ချိုးဖောက်နေတယ်လို့ စွပ်စွဲတယ်။ ဒါပေမဲ့ ပြည်ထောင်စုအကျိုးအတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း၊ ခုခံကာကွယ်ရုံကလွဲပြီး လက်နက်ကိုင်အင်အားစုတွေရဲ့ တပ်စခန်းတွေကို တိုက်ခိုက်တာတွေ မလုပ်ကြောင်း မျက်နှာပြောင်တိုက်ပြီး ပြောလိုက်သေးတယ်။

မြေပြင်ပကတိ အခြေအနေတွေအရ စစ်ကောင်စီက အရပ်သားပစ်မှတ်တွေနဲ့ ယာယီအပစ်ရပ်ထားတဲ့ အဖွဲ့တွေရဲ့ တပ်စခန်းတွေကို ဉီးတည်ပစ်ခတ်တာတွေ နေ့စဥ်လုပ်နေတာ တွေ့ရတယ်။ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အချိန်ဆွဲတဲ့ နည်းဗျူဟာ ဖြစ်တယ်။ သူတို့နဲ့ လက်သင့်တဲ့အဖွဲ့တွေနဲ့ တွေ့ဆုံတဲ့ပွဲတွေကို ဟန်ပြလုပ်နေခြင်းသာ ဖြစ်တယ်။ ရလဒ် တစုံတရာ ထွက်လာမှာ မဟုတ်သလို ပြည်သူလူထု လိုလားတဲ့ စကားဝိုင်းတွေ ဖြစ်လာမှာလည်းမဟုတ်ဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ဆိုတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီ လုပ်မယ့် ဆွေးနွေးပွဲတွေဆိုတာက အပေါ်ယံပဲဖြစ်ပြီး ဘာမှ မျှော်လင့်လို့ရမှာမဟုတ်ဘူးလို့  ဆိုတယ်။

နိုင်ငံရေးပါတီတွေ၊ NCA အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်ရေး ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဘက်က ပြောဆိုနေတဲ့ ရည်ရွယ်ချက်က ၂၀၂၅ မှာ ရွေးကောက်ပွဲအတုတခု ဖန်တီးပြီး ထွက်ပေါက် ရှာလိုတဲ့သဘောပါပဲ။ ဒီဇာတ်ညွှန်းက တရုတ်ရဲ့ ဇာတ်ညွှန်းပါပဲ။ ဇာတ်ပို့တွေကတော့ အာဆီယံအဖွဲ့ထဲက တရုတ်နောက်လိုက်နိုင်ငံအချို့ ဖြစ်တယ်။ မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အခိုင်အမာ ဆက်လက် အကောင်အထည် ဖော်မယ်လို့ လက်ရှိအချိန်အထိ ‌ပြောနေကြတုန်းပါပဲ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတိုင်းမှာ ဒီမုငါးချက်ကိုပဲ ထပ်တလဲလဲ ‌ပြောနေတာကို ထောက်ရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား တရုတ်သြဇာ သက်ရောက်မှု ရှိနေတာကြောင့်လို့ ဆိုနိုင်တယ်။

တရုတ်ရဲ့ မီးစတဖက် ရေမှုတ်တဖက် မူဝါဒအရ မြန်မာ အကြမ်းဖက်စစ်တပ်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဆက်လက်နေရာပေးထားလိုကြောင်း ထင်ရှားတယ်။ နွေဦးတော်လှန်ရေးရဲ့အရှိန် အဟုန်ကို ဆွဲချပြီး မြန်မာနိုင်ငံကို ၂၀၀၈ စစ်တပ်ဖွဲ့စည်းပုံအောက် ပြန်ပို့လိုတာဟာ တရုတ်ရဲ့  မူလ သဘောထား ဖြစ်တယ်။ အာဆီယံမှာ တရုတ်ရဲ့ သြဇာမကင်းတဲ့ အဖွဲ့ဝင်တွေ ပါ၀င်နေတဲ့အတွက် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အခိုင်အမာ ဆက်လက် အကောင်အထည် ဖော်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တရုတ် ဖြစ်စေချင်တဲ့ ကြံစည်မှုလို့ဆိုရမှာ ဖြစ်တယ်။ ဒီလို ဆုံးဖြတ်တာဟာ မြန်မာပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ဆန့်ကျင် ပစ်ပယ်လိုက်ကြတာ ဖြစ်တယ်။

မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မြန်မာပြည်သူတွေကို လုံးဝကိုယ်စားပြုခွင့် မရှိဘူးဆိုတဲ့အချက်ကို တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေ အနေနဲ့ နားလည်သိရှိထားသင့်တယ်။ အာဆီယံအဖွဲ့အနေနဲ့ တရုတ်ရဲ့ သြဇာခံ နယ်ရုပ် မဖြစ်သင့်ပါ။ 

ဂျန်ဇီးလူငယ်မျိုးဆက်သစ်တွေဦးဆောင်တဲ့ နွေဦးတော်လှန်ရေးသန္နိဋ္ဌာန်အရ တိုင်းရင်းသားပြည်သူ လူထုဟာ မင်းအောင်လှိုင် ကြံစည်နေတဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်ကို ခွင့်ပြုလိမ့်မည် မဟုတ်ပါ။ 

စစ်တပ်ဟာ ပြည်သူ့ ၀န်ထမ်းအဖွဲ့အစည်းဖြစ်တာကို မမေ့ပါနဲ့။ ဒါကြောင့် စစ်တပ်ဟာ နိုင်ငံရေးကဏ္ဍမှာ လုံးဝပါ၀င်ခွင့် မရှိပါ။ အာဆီယံအနေနဲ့ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲနဲ့ လုံးဝ မပတ်သက်မိဖို့ လိုတယ်။ ကုလသမဂ္ဂကတော့ လက်မခံကြောင်း အတိအလင်းပြောထားပြီး ဖြစ်တယ်။ မြန်မာပြည်သူလူထုရဲ့ သဘောဆန္ဒတွေကိုလေးစားမှသာ အာဆီယံဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ ဖြစ်နိုင်ပါလိမ့်မယ်။ အာဆီယံအဖွဲ့ အနေနဲ့ မြန်မာပြည်သူတို့ရဲ့ ရန်သူ မဖြစ်စေလိုပါ။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar