ဝင်းတင်ထွန်း - ကိုတင်အေးကြူ (သို့မဟုတ်) ကဗျာနဲ့ ရှင်သန်ပြီး နိုင်ငံရေးသမိုင်းတင်သွားသူ
Image- Credit
ကိုတင်အေးကြူ (သို့မဟုတ်) ကဗျာနဲ့ ရှင်သန်ပြီး
နိုင်ငံရေးသမိုင်းတင်သွားသူ
ဝင်းတင်ထွန်း
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၄
( ၁ )
၂၀၂၂ ဒီဇင်ဘာ (၂၀) ရက်နေ့။
အဲဒီနေ့က ရွှေလီကမ်းမှာလဲ မြူတွေမှိုင်း ဆိုင်းတွဲနေခဲ့သလို၊ ရာသီကလဲ ဆောင်းလယ်ရက်ကြီးမို့ မြင်မြင်သမျှဟာ အုံ့ပျ အေးစက် ခြောက်သွေ့နေခဲ့ပါတယ်။ ဒါကြောင့်မို့ ခါတိုင်းလို နေ့ခင်းစောစောပိုင်းမှာ ကွန်ပြူတာရှေ့မထိုင်နိုင်တော့ဘဲ ညနေပိုင်းကျမှပဲ ကွန်ပြူတာထဲက အီးမေးလ်သတင်းလေးတွေကို ဖွင့်ကြည့်လိုက်မိပါတယ်။ စစချင်းတွေ့လိုက်ရတဲ့အီးမေးလ်သတင်းတိုလေးကတော့- ကိုတင်အေးကြူရဲ့သတင်း ဖြစ်နေခဲ့ပါတယ်။ မိတ်ဆွေကြီး ကဗျာဆရာ (ကို)ခင်လွန်း နဲ့ ကိုတင်အေးကြူရဲ့သမီးလေးကိုယ်တိုင်က သိသင့်သိထိုက်သူတွေသိရအောင် တင်ထားတဲ့သတင်းလေးဖြစ်နေပါတယ်။ ကိုတင်အေးကြူ (မောင်မှိုင်းလွင်-အင်းဝ) ကွယ်လွန်ဆုံးပါးသွားရှာပြီ ...ဆိုတဲ့ ဒီသတင်းတိုလေးဟာ ကျွန်တော့်နှလုံးသားကို တဆတ်ဆတ်ခုန်သွားအောင် ပုတ်နှိုးပစ်လိုက်သလို ထိထိခိုက်ခိုက်ဆို့ဆို့နင့်နင့် ခံစားလိုက်ရပါတယ်။ ဆောင်းလယ်ရက်ရဲ့အေးစက်နေတဲ့သွေး
ကြောတွေအားလုံး သွေးလည်ပတ်မှုတွေအားလုံး ပုံမှန်မကျစွာ မြန်လာခဲ့ရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရာက ဆုံးပါးသွားရတာဖြစ်တယ်ဆိုတဲ့ နောက်ဆက်တွဲသတင်းလေးပါ တွေ့လိုက်ရတော့ ပိုပြီးတောင် အံ့ဩဘနန်းဖြစ်သွားရပါတယ်။ ဆုံးရှာတာက သူချစ်လှတဲ့မန္တလေးမှာ (သို့မဟုတ်) အင်းဝမှာတောင်မဟုတ်ဘဲ တနိုင်ငံ မြိုင်ယံခြားတဲ့ ထိုင်းနိုင်ငံက ဘန်ကောက်မြို့မှာ ဖြစ်နေပါကလား။
သည့်ထက်ပိုပြီး ကျွန်တော့်နှလုံးသားထဲ အံ့သြဘနန်းဖြစ်သွားမိလိုက်တာကတော့.. ဒီနေ့ဟာ ဒီဇင်ဘာ(၂၀) ရက်၊ ဒီဇင်ဘာ(၂၀) ရက်။ ဒီဇင်ဘာ(၂၀) ရက်နေ့ကြီးဟာ ဗိုလ်အောင်ကျော်နေ့ကြီးမဟုတ်လား။ နယ်ချဲ့ဆန့်ကျင်ရေး ၁၃၀၀ ပြည့်အရေးတော်ပုံကာလက ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်တယောက်နယ်ချဲ့အင်္ဂလိပ်ရဲ့အတွင်းဝန်များရုံးကို သွားရောက်ဝိုင်းပတ်ဆန္ဒပြသရာက နယ်ချဲ့ရဲ့လက်ချက်နဲ့သွေး မြေကျခဲ့ရတဲ့ အထင်ကရသမိုင်းဝင်ရက်စွဲတခု မဟုတ်လား။ ဒီနေ့နဲ့ ဒီအဖြစ်အပျက်ကို လေးစားအပ်တဲ့ နောင်တော်ကဗျာဆရာကြီး‘မောင်လေးအောင်’ က “ဒီဇင်ဘာ ၂၀ရက်တမ်းချင်း(သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ..” ဆိုပြီး.. ဂုဏ်ပြောင်တဲ့ကဗျာတပုဒ် ဖွဲ့သီခဲ့ဖူးရာမှာ တော်လှန်တဲ့ကဗျာဆရာ၊ တိုးတက်တဲ့ကဗျာဆရာအားလုံးလိုလိုက လက်ခံ အသိအမှတ်ပြုခဲ့ကြဖူးပါတယ်။ ကိုလေးအောင် ရဲ့ဂုဏ်ပြောင်လှတဲ့ အဲဒီကဗျာကို အတိုကောက်အားဖြင့် ဒီဇင်ဘာတမ်းချင်း (သို့မဟုတ်) ဗိုလ်အောင်ကျော်တမ်းချင်း လို့လဲ အမှတ်အသားပြုခဲ့ကြ တန်ဖိုးထားခဲ့ကြပါတယ်။ အဲဒီ “ ဒီဇင်ဘာ (၂၀) ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ..” ကို လေးလေးနက်နက်တန်ဖိုးထားလွန်း-နှစ်သက်စွဲလန်းလွန်းသူတွေထဲမှာ ‘ကိုတင်အေးကြူ (သို့မဟုတ်)မောင်မှိုင်းလွင်-အင်းဝ’ ဟာ တကယ်ကို ရှေ့ဆုံးတန်းကပါဝင်သူဖြစ်ခဲ့ရုံမက၊ အဲဒီကဗျာကို ခံစားမှုအပြည့်၊ ကဗျာ့စည်းနရီအပြည့်နဲ့ပါ အားနဲ့မာန်နဲ့ အသက်ပါပါ ရွတ်ဆိုသီကျူးပြတတ်လေ့ရှိသူဖြစ်ခဲ့ပါတယ်။ ဒီ ‘ဒီဇင်ဘာ၂၀ ရက်တမ်းချင်း’ ကဗျာနဲ့ မောင်မှိုင်းလွင်-အင်းဝ ရဲ့ကဗျာနှလုံးသားဟာ တကယ်ကို ထပ်တူကျနေဘိသကဲ့သို့ဖြစ်ခဲ့တာလဲ သူနဲ့ချစ်ခင်ရင်းနှီးသူတိုင်းလိုလို အသိပဲမဟုတ်လား။ ကိုတင်အေးကြူဟာ ထောင်ထဲမှာလဲ အကြောင်းအားလျော်စွာ ဒီ ‘ဒီဇင်ဘာတမ်းချင်း’ ကဗျာကို ရင်လှိုင်းခုန်စွာနဲ့ ရွတ်ဆိုပြသူဖြစ်ခဲ့ဖူးသလို၊ သူ ကိုယ်တိုင်အဓိကဇာတ် ဆောင်ဖြစ်ခဲ့တဲ့ ၁၉၇၆ ခုနှစ်က ‘မှိုင်းရာပြည့်’ အခမ်းအနား လှုပ်ရှားမှုကြီးအတွင်းမှာတောင် ဆရာကြီးမှိုင်းရဲ့အုတ်ဂူအနီးမှာ ‘မောင်လေးအောင်’ ရဲ့ ဒီ ‘ဒီဇင်ဘာတမ်းချင်း’ ကဗျာကို တမ်းတမ်းမက်မက် ရွတ်ဆိုပြခဲ့ဖူးသူမဟုတ်လား။
ဒီနေ့ဟာ ဒီဇင်ဘာ(၂၀)ရက်။
‘ဒီဇင်ဘာ၂၀ ရက် တမ်းချင်း’ ကဗျာကို တရှိုက်မက်မက် စွဲစွဲလန်းလန်းရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာ ဆရာ မောင်မှိုင်းလွင်- အင်းဝဟာ သူ့ရဲ့နောက်ဆုံးထွက်သက်ကိုတောင် ဒီ ‘ဒီဇင်ဘာ၂၀ရက်’ နေ့မှာပဲ နောက်ဆုံးရှူထုတ်ချပြသွားပုံဟာ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်မှ တိုက်တိုက်ဆိုင်ဆိုင်လို့တောင် ဆိုလိုက်ချင်ပါတယ် ။တမင်ကို နေ့ရက်အချိန်ပါ ရွေးချယ်ပြီးမှ နောက်ဆုံးထွက်သက်ကို ချပြသွားတဲ့ပမာဖြစ်နေရာ၊ တကယ်ကိုကဗျာဆရာဟာ ကဗျာဆန်လွန်းနေခဲ့ပါကလား။ ဒီနေ့ ဒီဇင်ဘာ (၂၀) ရက်နေ့မှာ နှလုံးသားထဲကအာရုံသိနဲ့ ‘ ဒီဇင်ဘာတမ်းချင်း’ ကဗျာကိုတောင် နောက် ဆုံး စိတ်နဲ့ ရွတ်ဆိုသီကျူးသွားခဲ့လေသေးသလား-မဆိုနိုင်။ ကဗျာဆရာရေ.. တကယ်ကို ကဗျာတပုဒ်လိုပါပဲလား။
( ၂ )
ဟုတ်ပါတယ်။ ‘မောင်မှိုင်းလွင် -အင်းဝ’ ဟာ တကယ်ကို ကဗျာကို မြတ်နိုးလှ စွဲလန်းလှတဲ့၊ ကဗျာနဲ့ပဲရှင်သန်သွားခဲ့တဲ့ တကယ့်ကဗျာဆရာစစ်စစ်တဦးလို့လဲ လေးလေးနက်နက်မှတ်အသားပြုချင်ပါတယ်။
သူ့ရဲ့ ‘နွေဦးငှက်ရဲ့အိပ်တန်းပြန်’ ထဲက ကဗျာတွေကို ကြည့်လိုက်ရုံနဲ့တောင် သူ့ရဲ့ ‘ကဗျာလက်’ ဟာဘယ့်လောက်စွမ်းအင်ထက်မြက်သလဲဆိုတာ အတိုင်းသားရှူမြင်မိနိုင်ပါတယ်။
သူ့ရဲ့ကဗျာတွေထဲက ကဗျာပိုဒ်တပိုဒ်ကိုဆိုရင်- ကျွန်တော် တော်တော်ကို ကြိုက်နှစ်သက်ခဲ့ဖူးပါတယ်။
သူ့ရဲ့ ‘ ဒါ ငါတို့ကဗျာ .. ဒါ ငါတို့သီချင်း ’ လို့ခေါင်းစည်းပေးထားတဲ့ကဗျာထဲက ကဗျာပိုဒ်လေးတပိုဒ်ဖြစ်ပါတယ်။ သူ က ..
‘ ဆုပ်တဲ့လက်သီး ဖြည်ပြီးပြီပဲ ထားပါတော့
ကမ်းလာတဲ့ လက် နှုတ်ဆက်ဖို့ရာ
သူ့လက်ဝါးမှာ
ငါ့ ပါးရာကြီး မပျက်သေး ။ ’ တဲ့ ။
ကဗျာဆရာမောင်မှိုင်းလွင် ရဲ့နှလုံးသားကိုသာမက၊ နိုင်ငံရေးသမားကိုတင်အေးကြူရဲ့အသွေး အသားကိုပါ လှမ်းမြင်လိုက်ရသလို ခံစားခဲ့ရပါတယ်။ ရင်ကြားစေ့ရေးသမားတွေကို စေ့စေ့ကြည့်ပြီး ပြောနေလိုက်တဲ့ သူ့ရဲ့ပုံသွင်ဟန်ပန်ကိုပါ လှမ်းမြင်နေရဘိသကဲ့သို့ခံစားရပါတယ်။ ကျွန်တော် တော်တော်ကို ကြိုက်ခဲ့ပါတယ်။
အဲဒီကဗျာလေးကို နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (အထက်ဗမာပြည်) က ဖြန့်ချိတဲ့ လက်ပံတောင်းမော်ကွန်းကဗျာပန်းဖလက်လေးထဲမှာ တွေ့လိုက်ရတာဖြစ်ပါတယ်။ သူနဲ့ကျွန်တော်ဟာ အသက် (၂) နှစ်ဝန်းကျင်လောက်ပဲကွာမယ့် မတိမ်းမယိမ်းအရွယ်တွေပါ။ ကဗျာတွေ ဖွဲ့သီရေးသားကြရာမှာလဲ မတိမ်းမယိမ်းတွေခေတ်ပြိုင်ကလောင်တွေလို့အကြမ်းဖျင်းဆိုနိုင်သလို၊ နိုင်ငံရေးနယ်ပယ်မှာလဲ ခေတ်ပြိုင်လှုပ်ရှားသူတွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ခေတ်ပြိုင်ဆိုပေမဲ့ ပန်းတိုင်တခုတည်းအောက် လမ်းကြောင်းတခုတည်းပေါ်က ညီနောင်ခေတ်ပြိုင်တွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ဟိုတုန်းက မဂ္ဂဇင်းတွေ ဂျာနယ်တွေမှာ သူလဲ စာကဗျာတွေရေးခဲ့၊ ကျွန်တော်လဲ စာကဗျာတွေ အတန်အသင့်ရေးခဲ့ပေမဲ့၊ သူ့ကလောင်နဲ့ကျွန်တော့်ကလောင်ဟာ မဂ္ဂဇင်းတခုတည်း၊ စာစောင်စာတန်းတခုတည်းပေါ်မှာ မကြုံခဲ့ဖူး မဆုံခဲ့ဖူးသလောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့...
၂၀၁၄ ဖေဖေါ်ဝါရီမှာ ‘ ၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည် (၁၇) ဦး (၇၅)နှစ်မြောက်အထိမ်းအမှတ် မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ ’ မှ စီစဉ်ထုတ်ဝေလိုက်တဲ့ ‘ ၁၃၀၀ ပြည့်အရေးတော်ပုံ မန္တလေးအာဇာနည် (၁၇)ဦး၊ (၇၅) နှစ်မြောက်အထိမ်းအမှတ်မဂ္ဂဇင်း’ ကြီးထဲမှာတော့ သူ့ကဗျာနဲ့ ကျွန်တော့်ကဗျာဟာ ကြုံတောင့်ကြုံခဲ တိုက်တိုက်ဆိုင်ဆိုင်ကြုံခဲ့ကြရုံမက၊ တကယ်ကို ကျောချင်းကပ် ရင်ချင်းကပ်ဆက်တိုက်တဆက်တည်းအဖြစ်တောင် ဆုံစည်းရပါတော့တယ်။ ကျွန်တော့်ကဗျာက စာမျက်နှာ (၄၀- ၄၁)၊ သူ့ကဗျာက စာမျက်နှာ (၄၂)။
နောက်တော့- ၂၀၁၇ ခုနှစ် ဇွန်လထဲမှာကျတော့လဲ ‘ သခင်ဗဟိန်းရာပြည့် ’ အဖြစ် ‘ သခင်ဗဟိန်းရာပြည့်ကော်မတီ’ မှ စီစဉ်ထုတ်ဝေတဲ့ ‘ ဟိန်းရာပြည့် ကဗျာ ၁၀၀ ပဒုမ္မာ ’ ဆိုတဲ့ကဗျာစာအုပ် ထွက်ပေါ်လာတော့လဲသူ့ကဗျာနဲ့ ကျွန်တော့်ကဗျာဟာ စာအုပ်တအုပ်တည်းအတွင်းမှာ နောက်တကျော့ ထပ်မံဆုံစည်းခွင့်ရခဲ့ပြန်ပါတယ်။ သူ့ကဗျာက ‘ ပြည်သူ့လမ်း ’ တဲ့။ ကျွန်တော်ကဗျာက ‘ ဗဟိန်းကြယ်နီ ’ ဖြစ်ပါတယ်။
( ၃ )
သူ့ကို လူချင်း စတွေ့ဖူးတာကတော့- ရှစ်လေးလုံးအရေးတော်ပုံကြီးပြီးစ ၁၉၈၈ ခုနှစ်အကုန် ၁၉၈၉ ခုနှစ်ဆန်းလောက်မှာလို့မှတ်မိနေပါတယ်။ အဲဒီတုန်းက ကိုတင်အေးကြူ၊ ကိုသိန်းသန်းဦးတို့တွေဟာ ဦးဇော်ဝင်းကို ဥက္ကဋ္ဌအဖြစ်ထားပြီး အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ဆိုတဲ့ ‘ မ န တ’ ကို ဖွဲ့စည်းပြီးစ၊ ကျွန်တော်တို့တွေကလဲ ဦးခင်မောင်မြင့်ကို ဥက္ကဋ္ဌအဖြစ်ထားပြီး ပြည်သူ့တိုးတက်ရေးပါတီ ( P P P ) ကိုဖွဲ့စည်းပြီးစ၊ တကယ့်ညီနောင်ပါတီအဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲအတွင်း အတူလက် တွဲတိုက်ပွဲဝင်ကြဖို့..တက်တက်ကြွကြွခြေလှမ်းပြင်နေကြတဲ့ကာလကြီးအတွင်းမှာ လူချင်းစတင်ဆုံစည်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။
‘မ န တ’ က မန္တလေးမှာအခြေစိုက်ကာ၊ မန္တလေးမှာလဲ လူသိများတဲ့ပါတီကြီးတရပ်ဖြစ်ပေမဲ့၊ ‘ပါတီရဲ့ဗဟိုခွဲ’ ကိုတော့ ရန်ကုန်မြို့မှာအထိ လာရောက်ရုံးစိုက်ဖွင့်လှစ်ထားနိုင်ခဲ့ရာ၊ ‘မနတ’ ရဲ့ ရန်ကုန် ဗဟိုခွဲရုံးဟာ တာမွေ-ကျောက်မြောင်းထဲမှာ ဖြစ်ပါတယ်။ အဲဒီ ရန်ကုန် ဗဟိုခွဲရုံးမှာတော့ ဒုဥက္ကဋ္ဌဖြစ်တဲ့ ကိုနိုင်မြင့် (ယခု-ကိုနိုင်မြင့်သစ် )နဲ့ ကိုသီဟတင့်ဆွေတို့က ဦးစီးလှုပ်ရှားနေကြချိန်ဖြစ်ပါတယ်။ အဲဒီကာလမှာ ဗဟိုဌာနချုပ်ဖြစ်တဲ့မန္တလေး ‘မနတ’ က ဦးဇော်ဝင်း၊ ကိုတင်အေးကြူ၊ ကိုအုံးမြင့်လှိုင်၊ပန်းချီကိုချိုကြီးတို့တတွေဟာ ရန်ကုန်ဗဟိုခွဲရုံးကို ရောက်လာကြရာ၊ အဲဒီ ရန်ကုန်-ကျောက်မြောင်းထဲက ‘မနတ’ ရုံးထဲမှာပဲ ကိုတင်အေးကြူနဲ့စတင်လူချင်းဆုံခဲ့ရဖူးတာဖြစ်ပါတယ်။ အဲဒီတုန်းက ကိုတင်အေးကြူတို့တွေဟာ ရန်ကုန်-ဗိုလ်တထောင်ထဲမှာရှိတဲ့ကျွန်တော်တို့ ပြည်သူ့တိုးတက်ရေးရုံးကိုလဲ တခုတ်တရဝင်လာကြကာ ကျွန်တော်တို့တွေနဲ့တွေ့ဆုံခဲ့ကြပါတယ်။ အထူးသဖြင့် ကိုကိုးကျွန်းပြန်လဲဖြစ်တဲ့ ကျွန်တော်တို့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ကို ကျွန်းပြန်တဦးဖြစ်တဲ့ကိုအုံးမြင့်လှိုင်ကြီးက ဦးဆောင်ပြီး လာရောက်နှုတ်ဆက်ဂါရဝပြုတဲ့သဘောဖြစ်ပါတယ်။ အဲဒီနောက် မကြာခင် လပိုင်းလောက်အတွင်းမှာပဲ PPP အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ အစ်ကိုကြီးကိုလှရွှေ နဲ့ကျွန်တော်ဟာ မ န္တတလေးမှာ ‘ပြည်သူ့တိုးတက်ရေးပါတီ’ ဖွဲ့စည်းနိုင်ရေးအတွက် ဦးခင်မောင်မြင့်ရဲ့တာဝန်ပေးချက်နဲ့အတူ မန္တလေးကိုတက်လာခဲ့ကြရာ၊ အဲဒီမှာလဲ မန္တလေးက ‘ မ န တရုံးချုပ်’ ထဲမှာပဲ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဝင်းအပါအဝင်၊ ကိုတင်အေးကြူ၊ ကိုသိန်းသန်းဦး၊ ကိုအုံးမြင့်လှိုင်တို့တွေနဲ့ ထပ်မံတွေ့ဆုံ စကားစမြည်ပြောဆိုဖြစ်ခဲ့ကြပြန်ပါတယ်။
အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကိုတင်အေးကြူဟာ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်ဝင်းထက်တောင် စကားပြောနိုင်သူ၊ ချက်ကျ လက်ကျပြောဆိုနိုင်သူဖြစ်နေတာ သတိထားမိပါတယ်။
၁၉၈၉ ခုနှစ်ထဲမှာတော့- ကျွန်တော်တို့ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုကော်မတီတခုလုံးလဲ အဖမ်းခံရသူ အဖမ်းခံရ၊ ဝရမ်းပြေးတိမ်းရှောင်သူ တိမ်းရှောင်နေရပြီဖြစ်သလို၊ မန္တလေးအခြေစိုက် ‘မနတ’ က ကိုတင်အေးကြူ၊ ကိုသိန်းသန်းဦး၊ ကိုအုံးမြင့်လှိုင်တို့အပါ တာဝန်ရှိသူအားလုံးနီးပါးဟာလဲ ဝရမ်းပြေးနေကြရ ရှောင်တိမ်းနေကြရပြီဖြစ်ပါတယ်။ ရန်ကုန်ကနေ ရှောင်တိမ်းလာရတဲ့ကျွန်တော်ဟာ မန္တလေးဘက်ဆီ ဝရမ်း ပြေးလာရရင်း၊ အဓိကအားဖြင့် ဘုရားကြီးကျောင်းတိုက်အပါအဝင် ဘုန်းကြီးကျောင်းတိုက်တွေအတွင်း လှည့်လည်နေထိုင်လှုပ်ရှားနေရရာ၊ ဘဝတူဝရမ်းပြေးတွေချင်းဖြစ်တဲ့ ကိုတင်အေးကြူတို့တွေနဲ့ ဒီဘုန်းကြီး ကျောင်းတိုက်တွေအတွင်း မကြာခဏဆိုသလို ဆုံဖြစ် ကြုံဖြစ်ခဲ့ရပါတယ်။ တွေ့တိုင်းလဲ သူက လှိုက်လှိုက်လှဲလှဲပြုံးပြ နှုတ်ဆက်လေ့ရှိရာ လူချင်းလဲ ပိုမိုရင်းနှီးလာရတယ်လို့ခံစားမိပါတယ်။
နောက်တော့ ကျွန်တော်က ဂန္ဒာလရာဇ်ဘက်ခြမ်းဆီ ရောက်လာရပြီး၊ သူတို့တွေကတော့ ‘နရသိန်’ ထဲက သံတိုင်တွေကြား ရောက်သွားသံကြားလိုက်ရကာ ကာလပေါင်းများစွာ ရာသီပေါင်းများစွာ ဝေးကွာသွားရပါတော့တယ်။
( ၄ )
၂၀၁၄ ခုနှစ်ထဲမှာတော့ ကိုတင်အေးကြူနဲ့ကျွန်တော့်အကြား ပြန်လည်အဆက်အသွယ်ရလာခဲ့ပါတယ်။ နှစ်ပေါင်း(၂၀) ကျော်ကြာမှ ပြန်လည်အဆက်အသွယ်ရလာရတာဖြစ်ပါတယ်။ သူက သူ့ရဲ့‘ နွေဦးငှက်ရဲ့အိပ်တန်းပြန်’ ကိုရော၊ ‘ကိုတင်အေးကြူ’ နာမည်ရင်းနဲ့ရေးသားထားတဲ့ သူ့ရဲ့‘ သမိုင်းထဲက သီချင်း-သီချင်းထဲက သမိုင်း’ ဆိုတဲ့စာအုပ်ကိုပါ လူကြုံနဲ့အမှတ်တရ လှမ်းပြီးပေးပို့ခဲ့လေရာ၊ ဝမ်းမြောက်ဝမ်းသာ မုဒိတာဖြစ်ခဲ့ရပါတယ်။ သူက သူကိုယ်တိုင် အမှတ်တရလက်မှတ်ရေးထိုးပြီးမှ လေးလေးနက်နက်ပေးပို့လိုက်ခြင်းဖြစ်ပါတယ်။
အဲဒီ ၂၀၁၄ ခုနှစ်ကုန်ခါနီးမှာပဲ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့ကဗျာရှည် (၁၁) ပုဒ်ကို သီးသန့်စုစည်းလိုက်ပြီး၊ ‘ မိခင်ဗမာပြည် နဲ့ မူး တဝှန်းသို့ တမ်းချင်းရှည် ’ ဆိုတဲ့ ကဗျာစာအုပ်လေးကို ထုတ်ဝေဖြစ်ခဲ့ပါတယ်။ မိခင်ဗမာပြည် ဆိုတဲ့ကဗျာရှည်ကြီးက ( ၁၉၈၉-၁၉၉၀ ပြည့်ထဲတုန်းက) ကျွန်တော် မန္တလေးမှာပဲ ဝရမ်းပြေးနေစဉ်ရေးသားဖြစ်ခဲ့တာဖြစ်ပြီး၊ အဲဒီတုန်းက မန္တလေးက လူငယ်တက်ကြွသူတချို့က ဖရောင်းစက္ကူပေါ် ကညစ်နဲ့ရေး၊ ဖန်ချောင်းနဲ့လှိမ့် ကူးယူကာ၊ လက်ရေးကဗျာစာအုပ်လေးအဖြစ်နဲ့လျှို့ဝှက်ထုတ်ဝေခဲ့ဖူးလေရာ၊ အဲဒီက ဗျာစာအုပ်လေးကို မန္တလေးက ကဗျာဆရာတဦးထံကနေ ရှားရှားပါးပါး ပြန်လည်ရရှိလာခဲ့တဲ့အတွက် အဲဒီကဗျာကိုပဲ ထိပ်ဆုံးကနေ ခေါင်းစည်းတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ မူးတဝှန်းသို့ တမ်းချင်းရှည်ကဗျာကလဲ ကျွန်တော့်ဘဝမှာ အမှတ် ရစရာအဖြစ်တွေအပြည့်နဲ့ဖြစ်နေရုံမက၊ ကျွန်တော့်ဇာတိနယ်မြေတဝှန်းလုံးဆီကို ‘တမ်းချင်းသစ်’ အဖြစ် မှန်းဆ တမ်းတပြီး ရေးသားဖွဲ့ဆိုခဲ့ခြင်းဖြစ်ရာ၊ ကျွန်တော့်ရဲ့တဦးချင်းဆိုင်ရာ ပုဂ္ဂိုလ်ရေးဘဝမှာတော့ အတိုင်းအတာတခုအထိ အရေးပါနေတယ်လို့ ခံစားရတဲ့ကဗျာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒါကဗျာရှည် (၂) ပုဒ်အပါအဝင် သင့်လျော်မယ်ယူဆမိတဲ့ကျွန်တော့်ရဲ့ကဗျာရှည် (၁၁) ပုဒ်ကိုပဲရွေးချယ်စုစည်းလိုက်ပြီး၊ ကဗျာရှည်စာအုပ်အဖြစ် သီးသန့်ထုတ်ဝေခဲ့ရာမှာ၊ ဒီကဗျာရှည် (၂) ပုဒ်ရဲ့အမည် (၂) ခုကိုပဲ ထိပ်စီးတင်လိုက်ကာ မိခင်ဗမာပြည် နဲ့မူး တဝှန်းသို့တမ်းချင်းရှည် ဆိုတဲ့အမည်နဲ့ပဲ ထုတ်ဝေဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ မမေ့နိုင်ဖွယ်ရာဖြစ်တဲ့ အဲဒီကဗျာရှည်စာအုပ်ကိုအကုန်အကျခံ အပန်ပန်းခံပြီး တခုတ်တရထုတ်ဝေခဲ့တဲ့ ထုတ်ဝေသူကလဲ မန္တလေးက တက်ကြွတဲ့လူငယ်တဦးပဲ ဖြစ်နေရုံမက၊ သူက ‘ ထုတ်သင့်တယ်ထင်လို့ ထုတ်ချင်လို့ထုတ်လိုက်တယ်’ ဆိုပြီးတော့တောင် “ စီစဉ်သူရဲ့အမှာစကား ”ကနေ ထုတ်ဖေါ်ကြွေးကြော်ခဲ့ပါတယ်။ အဲဒီလို အမှတ်ရစရာတွေအပြည့်နဲ့ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ကဗျာစာအုပ်မှာ ‘အမှာစာ’ ရေးသားပေးခဲ့သူကကော- ဘယ်သူလို့ထင်ပါသလဲ? အမှာစာရေးခဲ့သူက ကျွန်တော်ရဲ့ချစ်ဆွေကြီးကိုတင်အေးကြူလေ..၊ ကိုတင်အေးကြူ..။ သူက သူ့ရဲ့ကဗျာတွေ ရေးဖွဲ့ရာမှာ အမြတ်တနိုးသုံးစွဲလေ့ရှိတဲ့ သူ့ရဲ့လူသိများပြီးဖြစ်တဲ့‘ မောင်မှိုင်းလွင် - အင်း၀ ’ နဲ့ကို အမှာစာ ရေးသားပေးခဲ့ပါတယ်။ ‘ ဆီးနှင်းတောထဲ ကျောက်မီးသွေးပို့ကြ’ လို့ ကြွေးကြော်ကာ၊ ကျွန်တော့်ကဗျာစာအုပ်အတွက် တက်တက်ကြွကြွ လှလှပပနဲ့ ‘အမှာစာ’ ကို ရေးသားသွား
ခဲ့ပါတယ်။ တကယ်ကို တကယ်ကို အမှတ်ရစရာ လွမ်းမောစရာတွေပါပဲ။
( ၅ )
လွန်ခဲ့တဲ့ (၅)နှစ်လောက်ကတော့ သူဟာ ဂန္ဒာလရာဇ်ဘက်ခြမ်းက ကျွန်တော့်ရဲ့အိမ်ခန်းလေးထဲအထိမရောက်ရောက်အောင် ပေါက်ချလာခဲ့ပါတယ်။
ခရီးဆောင်အိတ်ငယ်လေးကို ကျောမှာပိုးထားပြီး၊ မျက်မှန်ကြီးတဝင်းဝင်း အပြုံးလေးတသင်းသင်းနဲ့ကိုမရောက် ရောက်အောင်ဝင်လာခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းကလဲ နှင်းတွေဝေ မြူတွေဆိုင်းနေတဲ့ ဆောင်းတွင်းကြီးထဲမှာပါပဲ။ ဒီဇင်ဘာတော့မဟုတ်၊ နိုဝင်ဘာထဲမှာပါ။ ABSDF ကျောင်းသားတပ်မတော်(ဗဟို)က ABSDF (မြောက်ပိုင်း)ရှိရာ ‘လိုင်ဇာ’ဘက်မှာကျင်းပတဲ့ ‘ကျောင်းသားတပ်မတော်တည်ထောင်ခြင်းအခမ်းအနား’ ကို တက်ရောက်ဖို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲရဲ့ဖိတ်ကြားမှုအရ ရောက်လာခဲ့ခြင်းဖြစ်ရာက ‘လိုင်ဇာခရီးစဉ်’ အပြန်မှာ ကျွန်တော့်ဆီ မဖြစ်ဖြစ်အောင် ဝင်လာခဲ့ခြင်းဖြစ်ပါတယ်။
ကျွန်တော့်အိမ်ကို ဝင်ဖူးထွက်ဖူးနေတဲ့ ကျွန်တော်နဲ့အင်မတန်ရင်းနှီးတဲ့ မန္တလေးသားလူငယ်လေးတဦးကပဲ သူ့ကို ကျွန်တော့်အိမ်ခန်းလေးထဲအထိ ခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်။မန္တလေးကို ပြန်ဖို့ စီစဉ်ထားပြီးသားကားက တနေရာမှာ အသင့်စောင့်ဆိုင်းနေတဲ့အခြေအနေမှာကို မရရတဲ့ အချိန်လေးနာရီပိုင်းလောက်ကြားကနေ ကျွန်တော်နဲ့တွေ့ချင်လွန်းလို့ မရောက်ရောက်အောင် တက်သုတ်နှင်ပြီး ကြံဖန်ဝင်လာခဲ့တဲ့ အနေအထားဖြစ်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အိမ်မှာ လူချင်းပြန်တွေ့ရချိန်မှာ သူက ကျွန်တော့်လက်ကို တင်းတင်းဆုပ်ပြီး ပြုံးပြုံးကြီးကြည့်နေခဲ့သလို၊ ကျွန်တော်ကလဲ သူ့လက်ကို အားရပါးရဆုပ်ပြီး ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။ ဒါဟာ.. ဒါဟာ.. နောက်ဆုံးပြန်လည်ဆုံတွေ့ရခြင်းလို့တော့ သူရော ကျွန်တော်ပါ ဘယ်လိုမှ နည်းနည်းလေးမှ ထင်မထားမိခဲ့ကြပါ။
ခုတော့ ကိုမှိုင်းကြီး ကွယ်လွန်သွားပါပြီ။ တကယ်ကို မမြင်ရတော့တဲ့ ခရီးရှည်ကြီးတခုဆီ ထွက်ခွာသွားခဲ့ပါပြီ။ ဒီဇင်ဘာ (၂၀) ရက်နေ့မှာ ‘ဒီဇင်ဘာတမ်းချင်းကဗျာ’ ကို သူ့ရဲ့အာရုံသိ- မနောဟဒယသိထဲမှာ စွဲလန်းလှစွာ တမ်းမက်စွာ နောက်ဆုံးနောက်ဆုံးအဖြစ် ရွတ်များရွတ်ဆိုသွားလေသေးသလားလို့တောင် ထင်ယောင်ယိုးမှား ဝိုးတဝါး ခံစားလိုက်ရပါတယ်။
ကိုမှိုင်းကြီးရဲ့တသက်တာကို အကြမ်းဖျင်းချုပ်ကြည့်လိုက်မယ်ဆိုရင် ‘မောင်မှိုင်းလွင် - အင်းဝ’ ဆိုတဲ့ တကယ့်ကဗျာချစ်သူ၊ တကယ့်ကဗျာ ဆရာတယောက်ရဲ့ဘဝစစ်စစ်ကို လေးစားမြတ်နိုးဖွယ်ရာ တွေ့ရမှာဖြစ်သလို၊ ‘ကိုတင်အေးကြူ ’ ဆိုတဲ့ တကယ့်နိုင်ငံရေးသမားတဦး၊ တကယ့်တိုင်းချစ်ပြည်ချစ်တဦး၊ ပြည်သူဘက်က ထာဝရရပ်တည်လှုပ်ရှားသွားသူတဦးအဖြစ်နဲ့ပါ ဂုဏ်ရောင်ပြောင်စွာ ဦးညွှတ်စရာတွေ့ရမှာဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲတလျောက်ထဲက ၁၉၇၀ ပြည့်နှစ်လွန် လူထုလှုပ်ရှားမှုကာလတွေဆီကို ပြန်လည်ငဲ့စောင်းကြည့်လိုက်မယ်ဆိုရင်- လူထုတိုက်ပွဲတွေကြားမှာ ကိုတင်အေးကြူကို တက်ကြွတဲ့ နိုးကြားတဲ့ကျောင်းသားတဦးအဖြစ် တာဝန်ကျေပြွန်သူတဦးအဖြစ် မားမားမတ်မတ်တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၇၆ ခုနှစ်မှာ ပေါ်ပေါက်ခဲ့တဲ့ မှိုင်းရာပြည့်လှုပ်ရှားမှုဖြစ်စဉ်အတွင်းမှာဆိုရင် ကိုတင်အေးကြူဟာ မှိုင်းရာပြည့်ရဲ့အဓိကခေါင်းဆောင်တဦးအဖြစ် ထင်ထင်ရှားရှားတွေ့ရမှာဖြစ်ပါတယ်။ ‘မှိုင်းရာပြည့်’ လှုပ်ရှားမှု ဖြစ်စဉ်ကြီးရဲ့အဓိကအမှတ်အသားတခုသဖွယ်ဖြစ်ခဲ့ပါတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့အမှတ်အသားအဖြစ် ‘ကိုအောင်ကျော်’ နဲ့ ‘ကိုဗဟိန်း’ လို့အကျဉ်းရုံး ပြောစမှတ်ပြုခဲ့ကြသလို၊ ‘မှိုင်းရာပြည့်’ ရဲ့အမှတ်အသားအဖြစ်ကတော့- ကိုတင်အေးကြူ၊ ကိုသန်းလင်းနဲ့ကိုဝင်းမြင့် (ဝင်းမင်းထွေး)လို့ပဲ ဆိုရမှာဖြစ်ပြီး တကယ့်နံပါတ်တစ်က ‘ကိုတင်အေးကြူ’ လို့ပဲ ဆိုချင်ပါတယ်။ မန္တလေးရဲ့သမိုင်း ဝင်ရှစ်လေးလုံးအရေးတော်ပုံကာလကြီးအတွင်းမှာလဲ ‘မန္တလေးသပိတ်တပ်ပေါင်းစု’ နဲ့မန္တတလေးလှုပ်ရှားမှုကြီးရဲ့ အဓိကခေါင်းဆောင် တွေထဲမှာ ရှေ့တန်းကပါဝင်ခဲ့သူတဦးဟာ ကိုတင်အေးကြူပါပဲ။ ဒါကြောင့် ရန်သူတော်စစ်အာဏာ ရှင်အစိုးရကလဲ ‘ ကိုတင်အေးကြူ ’ ကို နှစ်ရှည်ထောင်သွင်း အကျဉ်းချ အရေးယူနှိပ်ကွပ်ပြခဲ့ပါတယ်။ ကိုတင်အေးကြူကတော့... ရန်သူနဲ့မစေ့စပ်၊ ပြတ်သားတဲ့ရပ်တည်ချက်နဲ့ပဲ ခေါင်းမော့်မပျက်ရင်ဆိုင်ခဲ့ရာ၊ မှိုင်းရာပြည့်နဲ့တုန်းက နရသိန်မှာ (၄) နှစ်ကျော်၊ သမိုင်းဝင် ရှစ်လေးလုံးအရေး တော်ပုံကြီးနဲ့အပြီးမှာက ( ၁၉၈၉ ကနေ ၂၀၀၅ အထိ) နရသိန်အတွင်းမှာ (၁၆)နှစ်ကျော်၊ ကာလ (၂)ခုပေါင်း၊စုစုပေါင်း နှစ်ပေါင်း (၂၀) ဝန်းကျင် ထောင်ထဲမှာ နေထိုင်ခဲ့ရဖူးသူဖြစ်ပါတယ်။
ကျွန်တော်ရဲ့ရင်ထဲအမြင်မှာတော့ ‘မောင်မှိုင်းလွင်-အင်းဝ’ ရဲ့နှလုံးသားပေါ်မှာ ‘ကိုတင်အေးကြူ’ ရဲ့နိုင်ငံရေးအသွေးအသားဟာ အဆက်မပြတ်စီးဆင်းနေပြီး၊ ‘ကိုတင်အေးကြူ’ ရဲ့ဘဝတာတလျောက်လုံးအပေါ်မှာလဲ ‘မောင်မှိုင်းလွင်-အင်းဝ’ ရဲ့အနုပညာနှလုံးခုန်သံဟာ အမြဲလိုလို ပူးဝင်ယှဉ်ကပ် ပဲ့တင်ခတ်နေခဲ့တယ်...လို့ပဲ မြင်မိပါတယ်။
ခုတော့ ကိုမှိုင်းကြီးတယောက် ကွယ်လွန်ဆုံးပါးသွားရှာပါပြီ။
သူက ကျွန်တော့်ကဗျာစာအုပ်အတွက် ‘အမှာစာ’ ရေးသားခဲ့ရာမှာ ...
“ ဝင်းတင့်ထွန်းဟာ ပန်းနုနီရိပ်..။ ကဗျာနဲ့သိမ်ဝင် ပဉ္စင်းခံပြီး နိုင်ငံရေးနဲ့သိက္ခာထပ်ထားတဲ့ သိက္ခာနှစ်ထပ်နဲ့လူ…” လို့ဖော်ပြခဲ့ဖူးတာကို လွမ်းလွမ်းမြမြ ပြန်လည်အမှတ်ရနေမိပါတယ်။
သူ့ကိုကော အခုချိန်မှာ ဒီလိုသမယမှာ ကျွန်တော် ဘယ်လို မှတ်ချက်ပြုရပါ့မလဲ။
ကျွန်တော်ကတော့ သူ့ကို …
‘ ကိုတင်အေးကြူ ( သို့မဟုတ် ) ကဗျာနဲ့ရှင်သန်ပြီး- နိုင်ငံရေးနဲ့သမိုင်းတင်သွားသူ..’ လို့ပဲ လေးလေးနက်နက်ဂုဏ်ပြု မှတ်တမ်းတင်လိုက်ချင်ပါတယ်။ ။
ဝင်းတင့်ထွန်း
( ၂၆- ၁၂ - ၂၀၂၂ )
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက် တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။
မိုးမခ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar