Breaking News

လေခဏီ - ခွေးပါးစပ်က သတ်မိန့်များ

လေခဏီ - ခွေးပါးစပ်က သတ်မိန့်များ

(မိုးမခ) ဇွန် ၂၀ ၊ ၂၀၂၄


ပြည်ဖျက်မိစ္ဆာ ပြိတ္တာဒိဋ္ဌိ သိစိတ်မဲ့ခွေးကြောင် ဟောင်ကောင် သရေကြိုး ဓားမိုးဇွတ်အုပ် တိုင်းစုတ်ပြည်ချာ ကာလနာတိုက် ကပ်ပေါင်းစုံဆိုက်နေချိန် အနှီခွေးပါးစပ်က နတ်စကား ထွက်ပြီဆိုရင် ဝန်းကျင်တခုလုံး ပုပ်အဲ့ညှီဟောင် မကောင်းဆိုးဝါး အနံ့များနဲ့ လှောင်ဖုံးနေတော့တာပါဘဲ။ စကားနဲ့တရား ပြောင်းပြန်ဇောက်ထိုးမို့ အနံ့ဆိုး‌တွေ လှိုင်‌နေတာ။ 

အခု တပ်နဲ့ပြည်သူ တသားတည်းဖြစ်ရမယ် ပြောလိုက်တာဟာ မအလ တကောင် ကြိုးလွတ်နေပုံနောက်တမျိုးလို့ မှတ်ပါ။ ဟိုတနေ့က ပြည်သူဟာ အရိပ်နေနေ အခက်ချိုးချိုး၊ သားရေနားအိပ် သားရေနားစား၊ အဲဒီအရပ်မှာ တော်လှန်သူရှိရင် အဲဒီအရပ်ပြည်သူပဲ၊ သူတို့ကို နှိမ်နင်းဆိုတဲ့ စကားနဲ့ အတူတူပါပဲ။ ပြည်သူဟာ တပ်ရဲ့သဘောထားနဲ့ တသားတည်းမဖြစ်ဘူးဆိုရင် သတ်လို့ တဖက်လှည့်နဲ့ပြောလိုက်တာလေ။ ခွေးပါးစပ်က ထွက်တာ ချေးနံ့မှန်း သူ့တပ်က ပိုသိပါတယ်။ VPN မသုံးရ ဆိုတာကနေ လူဖမ်း ဒဏ်ရိုက် စစ်ထဲ ဇွတ်လိုက်ခိုင်းတဲ့အထိ လုပ်နေတာသာ ကြည့်ပေါ့။ 

တပြည်လုံးမှာ လုပ်နေတဲ့ လုပ်ရပ်တွေထဲက ဟောင်ကောင် ပြောတဲ့ တပ်နဲ့ ပြည်သူတသားတည်းကျပုံလေးတွေ တမြို့တနယ်က တချို့တလေမျှကိုပဲ နမူနာကြည့်လိုက်ပါအုံး။

၁၆ ရက်နေ့က စစ်တွေ မင်းဂံရပ်ကွက်က ပြည်သူ ၁၀၀ ကျော်ကို “ညဘက်ကြီး ဝင်ဖမ်းသွားတာပါ။ ည ၁ နာရီလောက်မှာ တစ်အိမ်တက် တစ်အိမ်ဆင်း ဖမ်းဆီးသွားတာပါ။ စစ်ကောင်စီတပ်က ဖမ်းသွားတာ။ အမျိုးသမီးတွေလည်း ပါသွားတယ်။ အသက် ၁၅ နှစ်ကနေ ၅၀ ကျော် အရွယ်တွေ အကုန်ဖမ်းသွားတာ” 

“ကျမ ညီမလည်း ပါသွားတယ်။ ဒီနေ့ မနက်က ဖုန်းဆက်ခိုင်းလို့ ဖုန်းဆက်လာတယ်။ ငွေ ၇ သိန်းပေးရင် ပြန်လွှတ်ပေးမယ်၊ မပေးရင်တော့ စစ်မှုထမ်းခိုင်းမယ်လို့ ပြောပြီး ဖုန်းပြန်ချသွားပါတယ်” တဲ့။

အကြမ်းဖက်တပ်ဟာ မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း စစ်တွေ၊ ဗျိုင်းဖြူရွာက အရပ်သားပြည်သူ ၂၀၀၀ ဝန်းကျင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး ပြည်သူ ၇၆ ဦးကို ညှဉ်းပန်းနှိပ်စက်ကာ အစုလိုက်အပြုံလိုက် ပစ်သတ်ခဲ့တဲ့အပြင် အမျိုးသမီး ၃ ဦးကိုလည်း အုပ်စုဖွဲ့ မုဒိမ်းကျင့် အလောင်းဖျောက်ထားခဲ့တယ်။

ပြီးတော့ အကြမ်းဖက်တပ်ဟာ စစ်တွေမြို့နယ်က ရက္ခိုင်ကျေးရွာအားလုံးကို ဖြိုဖျက်ပြီး ပြည်သူတွေကို စစ်တွေမြို့ထဲမှာ လူသားဒိုင်းကာအဖြစ် အတင်းအဓမ္မ ရွှေ့ပြောင်းခဲ့ပြီး မြို့ပတ်ပတ်လည်မှာ တပ်ဖြန့်ချ မိုင်းများ ထောင်ထားတယ်။ 

နောက်တခု—

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်သွားလာနေသည့် ခရီးသွားပြည်သူတွေကို စစ်တပ်က အဓမ္မ မိုင်းရှင်းခိုင်းတယ်တဲ့။

ဇွန်လ ၁၇ ရက်၊ မနက် ၁၀ နာရီက စပြီး မုံရွာ-ချောင်းဦးလမ်းပိုင်း တစ်နေရာမှာ ကင်းပုန်းတာဝန်ကျစစ်သားတွေက ခရီးသွားကားတွေကို ရပ်ခိုင်းပြီး ကားပေါ်ပါလာတဲ့ အမျိုးသားတွေကို လမ်းဘေးဝဲယာ  မိုင်းရှင်းခိုင်းခဲ့တယ်တဲ့။ 

နောက်တခု ရှူလော့—

လားရှိုးမြို့အဝင် ကားလမ်းမ ၃ နေရာကို ၁၃ ရက်နေ့က မြေတူးစက်နဲ့ မြောင်းဖောက် ဖျက်ဆီးခဲ့တယ်။

ဓားပြတပ် ဖျက်ဆီးခဲ့တဲ့ ကားလမ်းမ ၃ နေရာဟာ လားရှိုး - မိုင်းယော် သွားတဲ့ ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာနားမှာ ဖြစ်တယ်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးခဲ့တဲ့ အကြမ်းဖက်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လားရှိုးမြို့ထဲ ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်ကြောက်လန့်ပြီး မြို့အဝင်လမ်းမတွေကို ဖြတ်တောက်နေတာ။

ဖင်မနိုင်ဘဲ ပဲကြီးဟင်း စားတာတွေပေါ့လေ။ ဟိုင်ဂင်ကို ဖိုင်ကင်၊ ဝမရှိဘဲ ဝိလုပ်ပြီး ဟိုက ဖိကြိတ်မယ်ဆိုမှ အဘား အဘား အော်နေတာ။ 

အဲလိုပဲ ဇွန်လ ၁၂ ရက်နေ့တုန်းကလဲ သီပေါ ကွန်စံလိတ်ရွာအထက် သီပေါ - နမ္မတူလမ်းမကို မြေတူးစက်နဲ့ ကန့်လန့်ဖြတ် မြောင်းဖောက် ဖျက်ဆီးခဲ့သေးတယ်။

တော်လှန်ရေးအင်အားစုတွေကို ဟန့်တားနိုင်ဖို့ ရည်ရွယ်ပေမယ့် အရပ်သားပြည်သူတွေဘဲ ထိခိုက်နစ်နာ သွားလာရေးခက်ခဲ ကုန်စည်သယ်ယူပို့ဆောင်ရေး ရပ်တန့်ရတာလေ။ 

တိုင်းပြည်မြစ်ကြီး စစ်ဖွတ်ကင်းစင်ရင် ချမ်းသာခြင်းပြည့်ဝ ပြုံးပျော်ကြမှာကိုတွေးပြီး မနာလိုမရှုစိမ့်ဖြစ် ဖွတ်တွေမိကျောင်းဖြစ်အောင်ဇွတ်လုပ် ဒုက္ခပေးနေတာ လူတိုင်းသိပါတယ်။ 

ဘယ်သူမှ ခွေးအုပ်ချုပ်တာ သားစဉ်မြေးဆက်ခံနေမှာ မဟုတ်ဘူးလေ။ ခွေးဆိုတာ ခွေးကတက်မှာသာ နေရမှာမဟုတ်လား။ အိမ်ဦးခန်းတက်‌ ချေးပါ ဟောင်လိုက် အူလိုက်နဲ့ အိမ်ရှင်သခင်ကိုပါ ကြိုက်သလို ကိုက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ တနေ့ ကန်ချရမှာ လူ့ဝန်တာ မဟုတ်လား။ 

ဒါလေးလည်း ကြည့်။ စိတ်ဓာတ်လေးတဖြတ်။ 

တောင်ကုတ်မြို့နား တိုက်ပွဲဖြစ်ပွားနေလို့ မြို့ခံအများစုမှာ ဘေးကင်းရာနေရာများနဲ့ လွတ်မြောက်နယ်မြေမှာ သွားရောက်ခိုလှုံနေကြပြီး အနည်းစုကတော့ မြို့ထဲမှာဘဲ ဗုံးခိုကျင်းတူးပြီး လက်နက်ကြီးအန္တရာယ်ကို ရှောင်ဖို့ပြင်နေကြတယ်။

"မိသားစုကိုတော့ တိုက်ပွဲနဲ့ ဝေးရာကို ပို့လိုက်ပါပြီ။ ကျနော်က အိမ်စောင့်ကျန်နေခဲ့မလို့။ တခြားသူတွေနဲ့လည်း အဖော်ရတော့လေ။ အဲဒါ ဗုံးခိုကျင်း အိမ်မှာတူးတာပေါ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မတူးရဘူး။ ဗုံးခိုကျင်းတူးရင် ဖမ်းမယ်လို့ ပြောနေတယ်။ တချို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ရှိနေသေးတယ်။ သူတို့လည်း ဗုံးခိုကျင်း တူးခွင့်မရဘူး။ ဘာကြောင့်မရဆိုတာ မပြောဘူး။ တူးခွင့်မရှိဘူးလို့တော့ ပြောတယ်" လို့ ပြောတယ်။ ကိုယ့်ပေါ်ကျမယ့် လက်နက်ကြီးနဲ့ ဗုံးကို ကောင်းချီးပေးမယ့်အရာ ဗျာဒိတ်တော်လာလို ခံယူနေရမယ့် သဘော။

AA က စစ်ကောင်စီ ထိန်းချုပ်ထားဆဲ လက်ကျန်မြို့တွေက ပြည်သူ‌တွေကို လွတ်မြောက်နယ်မြေများနဲ့ ဘေးကင်းရာ နေရာများမှာ သွားရောက်ခိုလှုံကြဖို့ ပြောတယ်။ 

တောင်ကုတ်က စစ်ကောင်စီတပ်တွေက တိုက်ပွဲမဖြစ်ဘဲ မြို့နယ်အနှံ့ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်။

" တိုက်ပွဲမရှိတာ ၁၆ ရက်နေ့ကတည်းပါ။ ဒါပေမဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဘယ်နေရာကို ပစ်မှန်းမသိ အဆက်မပြတ် ပစ်ခတ်နေတယ်။ တောင်ကုတ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းအကုန်လုံးက ပစ်ခတ်နေတာ။ အရပ်သားနေ ရွာတွေကို ကျမှာ စိုးရိမ်ရတယ်။ " ဟု ပြောတယ်။

အဲလို ပြည်သူနဲ့ တသားတည်းရှိတဲ့ကောင်တွေပေါ့။ 

နောက်ထပ်တသားတည်းရှိပုံလေးတခု—

ဖေဖော်ဝါရီ ၂၃ ရက်နေ့က တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်၊ 1G1 ဟိုတယ်အနောက်ဘက်မှာ ဖွင့်ထားတဲ့ အွန်လိုင်း လောင်းကစားရုံကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဝန်ထမ်း ၃၀၀ ကျော်ကို ဆိုင်ကယ်များ အပါအဝင် သက်သေခံ ပစ္စည်းများစွာနဲ့ ဖမ်းဆီးခဲ့၊ ဖမ်းဆီးရရှိတဲ့ ဆိုင်ကယ်များထဲက ဆိုင်ကယ် အကောင်းစားများ၊ ယိုးဒယားဆိုင်ကယ်များကို ကုန်တင်ကားများနဲ့ နေပြည်တော်ကို သယ်ဆောင်သွားသတဲ့။ 


နောက်တမျိုး မရိုးစေရ 

စစ်ဘီလူးက အရူးပါး၊ နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်မှုအပေါ်  ကန့်သတ်ထားသလို  ပြည်ပရောက်အလုပ်သမားတွေဆီက အခွန်ငွေ ၂ ရာခိုင်နှုန်းကောက်ယူပြီး လစာငွေ ၂၅ ရာခိုင်နှုန်းကို အိမ်ပြန်ပို့ရာမှာ ပြည်တွင်းဘဏ်အကောင့်ထံ ပေးပို့စေပြီး သူတို့ သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ ပိုက်ဆံဖြတ်ယူနေတာတောင် အားမရသေး၊ ပြည်တွင်း ဘဏ်ငွေလွှဲစာရွက်မပြနိုင်ရင် အေဂျင်စီကို အရေးယူမယ်အုံးမယ် စာထုတ်။ တပ်နဲ့ပြည်သူ တသားတည်းဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ တခုလည်း ကြည့်လိုက်အုံး။

စစ်ကောင်စီရဲ့ အစုအပြုံလိုက်သတ်ဖြတ်မှုမှ လွတ်ခဲ့သူ-“ကျွန်တော့်ကို ပစ်သတ်မှာ ကြောက်လို့ သေချင်ဟန်ဆောင်ခဲ့ရတာ”

“လှုပ်နေတဲ့သူမှန်သမျှကို အကုန်ထပ်ပစ်သတ်တယ်။ ကျွန်တော့်အပေါ် ကျလာတဲ့ တစ်ယောက်က အငြိမ်မနေဘူး။ အဲဒီကောင် မသေသေးဘူး။ အကြောတွေ ဆွဲနေတယ်ဆိုပြီး နောက်တစ်ချက် လာပစ်တဲ့အချိန်မှာပဲ အဲဒီလူရဲ့ ခေါင်းက ကျွန်တော့်ရင်ခွင်ထဲမှာဆိုတော့ ကျည်ဆန်က ကျွန်တော့်ကို ဖောက်ဝင်လာတာ” 

ပြီးခဲ့တဲ့ မေလတုန်းက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက လူ အယောက် ၃၀ ကျော်သတ်ဖြတ်ခံရမှုကနေ လွတ်မြောက်လာခဲ့သူရဲ့ ပြောကြားချက်တချို့ပါ။ 

အဲလို ပြည်ဖျက်မိစ္ဆာ ပြိတ္တာဒိဋ္ဌိ သိစိတ်ပျောက်၊ ကောက်ကျစ်ယုတ်ပတ် တပ်ရောအရပ်ရောဂျီနိုဆိုက်၊  ဘာသာသာသနာတိုင်းရိုက်ဖြို၊ ဘာမဆိုဗိုလ်ကျအနိုင်ကျင့်၊ သင့်မသင့်တရားက ကျွဲပါးစောင်းတီး၊ မီးဒုတ်တဖက်သေနတ်တဖက်၊ ဤလူ့မြေမှာ ရှိလို့မရ ဘယ်ဂြိုဟ်မှာမှ မျိုးစကျန်လို့မဖြစ်တဲ့သဘက်ကောင် ငနက်မှောင်၊ ကြောင်လွန်း ဟောင်လွန်းတဲ့ ခွေးယုတ်ရဲ့ ပါးစပ်ပုတ်က ထွက်သမျှ စကားတိုင်းဟာ သေမိန့်နဲ့ သတ်မိန့်ကလွဲလို့ တခြားမရှိ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar