ရတနာပုံဆရာမှတ်ကြီး - ခိုးသားငါးရာမှာ စစ်တပ်က နှစ်ရာ့ငါးဆယ် ဘုန်းကြီးက နှစ်ရာ့ငါးဆယ်
ရတနာပုံဆရာမှတ်ကြီး - ခိုးသားငါးရာမှာ စစ်တပ်က နှစ်ရာ့ငါးဆယ် ဘုန်းကြီးက နှစ်ရာ့ငါးဆယ်
(မိုးမခ) ဇွန် ၂၅ ၊ ၂၀၂၄
"မှားယွင်းမှု တစ်ခုခုကြောင့် ဒီလိုဖြစ်ရတဲ့ အဖြစ်အပျက်ကို အခြေည်ခံပြီးတော့ တိုင်းပြည်ကသံဃာတော်၊ တိုင်းသူ ပြသားတွေ သံဃာတော်တွေနဲ့ နိုင်ငံတော်အစိုးရ အခြေအနေ၊ ဒီနေ့ ကမ္ဘာ့အခြေအနေအရပ်ရပ်ကို ကြည့်ပြီးတော့ ကိုင်းကို ကျွန်းမှီ၊ ကျွန်းကို ကိုင်းမှီ ဒီအပြန်အလှန်အင်အားဖြင့် တပည့်တော်တို့ တိုင်းပြည်ကို ၀ိုင်းထိန်းကြရမယ်။
ဒီကနေ့တိုင်းပြည်အခြေအနေက ညီညွတ်ဖို့က သိပ်အရေးကြီးနေတယ်။ နိုင်ငံတော်နဲ့ တပည့်တော်တို့ သံဃာ၊ နိုင်ငံတော်အစိုးရနဲ့ သံဃာ လက်မတွဲနိုင်ရင် တပည့်တော်တို့ တိုင်းပြည်က ဒုက္ခဖြစ်စရာအများကြီးရှိတယ်။ အဲဒါကြောင့် တိုင်းသူ ပြည်သားလူအများကို ပြန်ငဲ့ညှာ တိုင်းပြည်ရဲ့ အစဉ်အမြဲတည်တံ့မှု Union United ဆိုတဲ့ ညီညွတ်မှုကိုလည်း အားပေးတဲ့အနေနဲ့
၁။ သည်းခံတော်မူကြပါ ဘုရား။
၂။ ခွင့်လွှတ်တော်မူကြပါ။
၃။ က မေ့ပျောက်တော်မူကြပါ။
ပြန်ပြင်လို့ မရတော့တဲ့ဒီအမှားကို တစ်စုံတစ်ယောက်မှားတဲ့ဒီအမှားကို တပည့်တော်တို့ သံဃာ တော်တွေဟာ အားပေးမိရာမရောက်အောင် ထပ်ပြီးတော့မမှားမိအောင် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေ့ပျောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်တော်မူကြပါဘုရား" ဟု သီတဂူက ဆိုသည်။
မှားယွင်းမှုတဲ့။ အန်ကယ်ကတော့ နိုးပါ။ ရည်ရွယ်ချက်ရှိရှိ တမင်ချိန်ရွယ်ပစ်သတ်နေတာ ဆန္ဒစပြကထဲက ဓာတ်ပုံမှတ်တမ်းတွေ ရှိပြီးသားပါ။ ဆန္ဒစပြကတည်းက လူနှစ်ထောင် သတ်လိုက်ရင် ရပါတယ်ဆိုတာ စစ်တပ်အသိုင်းအဝန်းရဲ့ စကားပါ။ ဒါဟာ မှားယွင်းမှု မဟုတ်ပါဘူး။ တမင်လိုက်လံသတ်ဖြတ်မှုပါ။ နေ့စဉ် လုပ်နေကျအလုပ်ကို လုပ်တာပါ။ စစ်တပ်ရဲ့ လူအမဲလိုက်လုပ်ငန်းတခုပါ။ ဝင်းနိမ္မိတာရုံဆရာတော်နဲ့အတူတူပဲ ပင်လောင်းမှာ တပါးအသတ်ခံရတယ်။ ခုဘဲ မြင်းခြံဘက်ကတပါး အသတ်ခံရတယ်။ လူတွေကတော့ စာရင်းတောင် မနိုင်အောင် တရက် တရက် အသတ်ခံနေရတာပါ။
ဒီလူသတ်သမားတွေနဲ့ ဘယ်ကိုင်းကမှ ဘယ်ကျွန်းကို မှီစရာမရှိပါဘူး။ ဒီလူသတ်သမားတွေဟာ ကိုင်းလည်း မဟုတ်ဖူး၊ ကျွန်းလဲမဟုတ်ဖူး။ ကိုင်းနဲ့ကျွန်းကို တအိအိတိုက်စားဖြိုဖျက်နေတဲ့ရေဆိုးဘဲဖြစ်ပါတယ်။ ဗာလာနကို အသေဝနာစ မလုပ်ရင် သံဃာလည်း ပူဇာစ ပူဇနေယျာနံထဲ ပါဖို့ မစဉ်းစားပါနဲ့။ လူသတ်ကောင်နဲ့ ဘုန်းကြီး ညီညွတ်ရင် တိုင်းပြည်ကို ဝိုင်းဖျက် လူထုနဲ့ သံဃာကိုသတ်တဲ့လုပ်ငန်းမှာ ရဟန်းတော်တွေလည်း အားတက်သရော ပါဝင်မှုသာ ဖြစ်ပါတယ်။ ပြည်သူဆိုတဲ့ ဒကာစစ် ဒကာမှန်နဲ့ ဘုန်းကြီးနဲ့ လက်မတွဲမှသာ တိုင်းပြည်က ဒုက္ခအများကြီး ဆက်ရောက်မှာပါ။
၁။ သည်းခံရင် ပြည်သူဒဏ်ခတ်တာ ခံရမယ်။
၂။ ခွင့်လွှတ်ရင် သဘောထားကြီးတယ်လို့ ဘယ်သူမှ မသတ်မှတ်ဘူး။ ဓမ္မကို မျက်နှာလွှဲတာသာဖြစ်တယ်။
၃။ မေ့ပျောက်မယ်ဆိုရင်တော့ အမှန်တရားကို တည့်တည့်မကြည့်ရဲတဲ့ သိမ်ငယ်စိတ်သက်သက်ပါဘဲ။
ဒီအမှားမျိုး တမင်ဆက်ဆက်မကျူးလွန်အောင် သံဃာတွေက အာဏာသိမ်းအကြမ်းဖက်စစ်အုပ် စုကိုသည်းမခံ ဗြဟ္မဒဏ်ခတ်မှ နည်းလမ်းတကျ ဖြစ်ပါမယ်။ အမှားကို ဝန်ချရုံမက တာဝန်မယူမချင်း ခွင့်လွှတ်ခြင်းလုပ်စရာ မလိုဘူး။ တာဝန်ယူပြီးရင်လည်း နောင် လူ့အဖွဲ့အစည်း ပိုမိုကောင်းဖို့ လုံခြုံအေးချမ်းဖို့ အဇာတသတ်တို့ ဒေဝဒတ်တို့အကြောင်းလို မှတ်တမ်းထားပြီး လေ့လာသင်ယူမွမ်းမံပြင်ဆင် လုပ်ဆောင်နေရမယ့်အရာသာ ဖြစ်တယ်။ မေ့ဖျောက်ပစ်လိုက်ရမယ့်အရာ မဟုတ်ပါဖူး။
မဟုတ်ရင်တော့ ရှင်မောဂ္ဂလ္လာန်ကို ရိုက်တဲ့ လူဆိုး ခိုးသားငါးရာဟာ စစ်တပ်က နှစ်ရာ့ငါးဆယ် ဘုန်းကြီးက နှစ်ရာ့ငါးဆယ် ဖြစ်သွားနိုင်ပါကြောင်း။
-
t.me@moemaka#MoeMaKaMedia
#WhatsHappeningInMyanmar