အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၉၈ )
မနက်လင်းလင်းချင်း တက်လာတဲ့ သတင်းတွေက စစ်ကောင်စီ ဗိုလ်မှူးချူပ်အဆင့် ဦးစီးနေတဲ့ တောဟိန်းတောင်ဗျူဟာကုန်း ၊ သံတွဲမြို့ ငပလီလေဆိပ်နဲ့ လေယာဉ်နှစ်စီးကို AA က သိမ်းပိုက်။ တောဟိန်းတောင်ဟာ ရခိုင်ပြည်နယ် အမ်းစစ်ဌာနချုပ်ရဲ့ အနောက်မြောက်ဘက်မှာရှိပြီး အဖြောင့်တိုင်း မိုင်နှစ်ဆယ်ခန့်သာဝေး။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇကံဆောင်ကာ စတင် သပိတ်မှောက်။
ဝင်းနမ္မိတာရုံရွှေကျင်ဆရာတော်ကို စစ်တပ်က ပစ်သတ်ခဲတဲ့ အရေးနဲ့ပတ်သက်ပြီး သီတဂူဆရာတော်က ခွင့်လွှတ်သည်းခံဖို့ သံဃာတော်များကို ပန်ကြားပြီးနောက် ယခုကဲ့သို့ သံဃာတော်များက ကံဆောင်သပိတ်မှောက်တာတွေ ဖြစ်ပေါ်ခဲ့တာလို့ သိရ။
ဆန်ကုန်သည်ကြီးတွေ နဲ့ ဆန်စက်ပိုင်ရှင်တွေကိုဖမ်း၊ တစ်ဦးလျှင် ဆန်အိတ် တစ်ရာကျော်ကို စစ်တပ်က အလှူခံ။ လူမှုကွန်ရက်တွေမှာတော့ အိမ်ထောင်စုဇယားတွေ ကိုယ်စီကိုင်ထားတဲ့ လူတန်းကြီးတွေ ဆန်ဆိုင်ရှေ့မှာ တိုးဝှေ့နေပုံတွေ တက်လာတာ မြင်ရ။
ညနေဘက်မှာတော့ သံတွဲကို AA သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းကို သီးခြားအတည်မပြုနိုင်သေးဘူးလို့ BBC က ကြေညာတယ်။ သို့သော် လေဆိပ်အနီးက စစ်ကောင်စီတပ်တွေကို AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်က ဗုံးများကြဲကာ ကာကွယ်နေတယ်လို့ သိရပါတယ်။ သံတွဲမြို့က လူအုပ်ကြီးတွေ ဂွမြို့ဘက်သို့ ကားကြီး ကားငယ်တွေနဲ့ စစ်ပြေးနေပုံတွေ တက်လာတယ်။
တနေ့ ငါတို့လည်း ဒီလိုဖြစ်လာမယ် ထင်တယ်လို့ တွေးမိပြီး သက်ပြင်းချမိသည်။
ဆရာကြီးရွှေဥဒေါင်းရေးတဲ့ စစ်ကိုယ်တွေ့ ၊ (၁၉၆၁ ခုနှစ် မတ်လ ငွေတာရီ) Listener's Heaven Audiobooks ကိုနားထောင်ဖြစ်တယ်။ ဆရာကြီးက ဒုတိယကမ္ဘာစစ်အတွင်း က သူ့ရဲ့ စစ်ရှောင်ဘဝကို ရေးသားထားတာပါ။
- ရန်ကုန်မှာ အခြေအနေမကောင်း၊ ဂျပန်က ဗုံးကြဲနေပြီ။ သို့သော် ဆရာကြီးက သူနေထိုင်ခဲ့ဖူးတဲ့ ကသာမြို့ကတော့ စစ်ဘေးလွတ်မယ်လို့ ခန့်မှန်းတွက်ချက်ပြီး ကသာမြို့၊ ဇရစ်ချောင်ရွာကလေးကို ပြေးလွှားခဲ့တယ်။ သို့သော် စစ်ဘေးကမလွတ်။ ဂျပန်တွေက ဗုံးဆက်တိုက်ကြဲချတယ်။ အင်္ဂလိပ်စစ်သားတွေချန်ခဲ့တဲ့ မီးသင်္ဘောပေါ်က ပစ္စည်းတွေကို အကျင့်ပျက်ရွာသားတွေက လုယက်ယူကြသည်။လောဘတကြီး မနိုင်မနင်း သယ်ယူကြတာကြောင့် ဘေးဒုက္ခအဖုံဖုံတွေ့ကြရ။ မြို့သူမြို့သား အားလုံး ထွက်ပြေးကြတယ်။ သူကတော့ အင်္ဂလိပ်အမှုထမ်းတွေ အပါအဝင် ဒေသခံ နှစ်ဆယ်ခန့်နဲ့အတူ တရုတ် ချန်ကင်ရှိပ်တပ်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်။ ဗုံးမှန်လို့ သေပြီး ပုပ်ပွနေတဲ့ အလောင်းတွေကို မြေမြှုပ်ပေးရတဲ့အလုပ်ကို လုပ်ပေးခဲ့ရကြောင်း။
စတဲ့ စစ်ပြေးဘဝ အနိဋ္ဌာရုံတွေကို ရေးသားထားတာပါ။
ငါတို့ ဒီနေ့ဖြစ်ပျက်နေတာတွေနဲ့ တူလိုက်တာလို့ တွေးမိတယ်။
သူငယ်ချင်းတစ်ယောက်က VPN အသစ်တစ်ခုကို လှမ်းပို့တယ်။ မြို့သိမ်းတိုက်ပွဲသတင်းတွေ အချိန်နဲ့ တပြေးညီ မသိလိုက်မှာ စိုးလို့တဲ့။ VPN ခံပြီးသုံးတော့ အင်တာနက်သုံးရတာ ပိုအဆင်ပြေလာတယ်။ မြို့အဝင် ကားဂိတ်မှာ VPN တွေ စစ်နေတယ်။ ဖုန်းယူပြီး အပြင်မသွားဖို့ မိန်းမက သတိပေးတယ်။
Fb ကို စစ်ကောင်စီအစိုးရက ထိန်းချုပ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် မီဒီယာကြီများ အပါအဝင် Fb သုံးစွဲသူများက Fb ပလက်ဖောင်းအပြင် tik tok ပလက်ဖောင်းနဲ့ အခြားလူမှုကွန်ရက်ပလက်ဖောင်းတွေမှာပါ သိသိသာသာ တိုးချဲ့ သုံးစွဲလာတာ တွေ့နေရတယ်။
ကျနော်လည်း အင်တာနက် နည်းပညာလေးတွေ မတောက်တခေါက် သင်ထားဦးမှ။
ကျွန်တော်တို့လို ချောင်ပိတ်မိနေသူတွေအတွက် သတင်းဟာ ထမင်းထက် အရေးကြီးနေပါတယ်။
အန်ကယ် တူမီး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar