Breaking News

ဆယ်ပေါင်တူ - မိကြင်စိုးနှင့် သူ၏ ‘ဂူဂူ’

ဆယ်ပေါင်တူ - မိကြင်စိုးနှင့် သူ၏ ‘ဂူဂူ’

(မိုးမခ) ဇွန် ၂၅ ၊ ၂၀၂၄


‘သာသနာပြုသူကြီးမ မိကြင်စိုး ဘယ်များသွားမလို့တုံး’

‘ဘုရားဒါယိကာမကြီး မိကြင်စိုးပါလား ဘယ်က ပြန်လာတာလဲ’

အရင်ကတော့ အခုလို နှုတ်ဆက်ကြလျှင် နားထောင်လို့ အင်မတန်ကောင်းသည်ဟု ထင်သည်။

အခုကျတော့ လှောင်သည်လား၊ ပြက်ရယ်ပြုကြသည်လား တခုခုတော့ တခုခုပဲဟု မိကြင်စိုး ထင်နေမိတော့သည်။

အများ ကြည်ညိုလေးစားကြသည့် ရွာဦးကျောင်းက စာချကိုယ်တော်ကြီး မိကြင်စိုး၏ လက်မရွံ့ ခိုးဆိုးလုနှိုက် နောက်လိုက် လူရမ်းကားတသိုက် လက်ချက်ဖြင့် ပျံလွန်တော် မူခဲ့ရသည်နောက်၊ မိကြင်စိုးတယောက် ရွာထဲ သွားသွားလာလာ လုပ်ရသည်ကို လိပ်ပြာမလုံတော့။

အမျိုး၊ ဘာသာ၊ သာသနာ အကြောင်းဆိုရင် ပိုပြောရခက်နေသည်။

တချို့ကလည်း မကြားတကြား ဆိုကြသည်။ ‘မလုပ်ရဲတာ ဘာမှမရှိဘူးလို့ အစကတည်းက ပြောထားတာပဲ’တဲ့။ ‘လူကို ခွေးဆွဲတယ်ဆိုတာ ဒါမျိုးပေါ့’ဟု နာကြည်းခံပြင်းစွာ ပြောသူက ပြောကြသည်။ ‘ခွေးတောင်မှ ခွေးလေခွေး လွင့် ခွေးရူး၊ အလေနတော အောက်တန်းစားခွေး၊ သူ့ပိုင်ရှင်လိုပဲပေါ့’ဟု မိကြင်စိုး ကြားအောင် ဆိုသူများလည်း ရှိသည်။

အစကတော့ လိမ်စရာမရှိရင် ကိုယ့်ပေါင်ကိုယ် ပြန်ဆွဲလိမ်နေကြသည့် မိကြင်စိုးတို့တသိုက်က၊ ကိုယ့်အပြစ်ကို သူများ လွှဲချရင်း လုပ်ကြံဇာတ်ဆင်ဖို့ ကြိုးစားကြည့်သေးသည်။ သို့သော် အမှန်တရား ဆိုသည်က ဖုံးကွယ်၍မရ၊ မျက်မြင်သက်သေ ရှိသည်ကြောင့် သူတို့၏ လံကြုတ်ဇာတ်လမ်းသည် အခုတော့ ဘူးပေါ်သလို ပေါ်ကာ အရှက် ဗြန်းဗြန်းကွဲလေပြီ။

ရွာသူကြီးရာထူးကို အတင်းအဓမ္မလုယူစဉ်ကတည်းက မိကြင်စိုးကို ရွာသူရွာသားများက ချဉ်ကြပြီးသား။ သူမ ၏နောက်လိုက် ခိုးဆိုးလု နှိုက်များ ရွာထဲသောင်းကျန်းကြလေသောအခါ ပိုလို့ရွံရှာလာကြသည်။ အချိန်ကြာလာတာနှင့်အမျှ ပိုလို့သာ စက်ဆုပ်မုန်းတီးလာကြသည်။

အခုလည်း မိကြင်စိုးနှင့် မိမဲလုံးတို့က ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးသလိုမျိုး၊ ရသည့်နည်းဖြင့် ရှာကြံလိမ်လည်ဖို့ ဉာဏ်နီဉာဏ်နက်ထုတ် စဉ်းစားနေကြဆဲ ဖြစ်သည်။ ပုံချလို့ရသူကို ပုံချကာ

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်သူကြီး အဖြစ်က တစက်လေးမှမလျှော့ဘဲ မျက်နှာပြောင်ပြောင်နှင့် အခန့်သားဆက်နေဖို့ ပြင်ဆင်နေကြသည်။

ထမင်းမစားသောသူ အချို့ကလည်း ဆက်ယုံနေကြသည်လား၊ ယုံချင်ယောင် ဆောင်နေကြသည်လား၊ သိပ်တော့ မသဲကွဲ။ ဘာပဲဖြစ်ဖြစ် မိကြင်စိုးတို့တသိုက် ဒီတချီတော့ တော်တော်လေး အကျပ်ရိုက်ကုန်ကြသည်။ ဆိုင်ရာ နယ်ပယ် အသီးသီးမှာ သူ့လိုပဲ ရာထူးအတင်း မရမက ယူထားကြသူများကို မျက်စိထဲ ပြေးမြင်မိသည်။

စွယ်တော်ရွက်လေးများလို နှစ်လွှာပေါင်းမှတရွက်၊ သူနှင့် နှစ်ကိုယ့်တစိတ် ဖြစ်သူကို နှစ်ကိုယ်ကြားပြောပြီး အကူအညီတောင်းရသည်။ ဖြစ်ချင်တော့ ထိုဂိုဏ်းချုပ်ကြီးကို ဟိုတလောကပင် မိကြင်စိုးက ဒီနယ်တဝိုက်မှာ ပိုင်သူ ခပ်ရှားရှားဖြစ်သည့် ကြွကြွရွရွ နွားတရှဉ်းကသည့် လှည်းယာဉ်တစီး လှူထားဖူးလေတော့ ချက်ချင်း ကြွလာပေးသည်။

ရိုးသားသည့် ရွာသူရွာသားတချို့က ‘သိုင်းဝတ္ထုထဲမှာ ဆိုရင်တော့ သူတို့ဂိုဏ်းသားကို လာထိပြီဆိုရင် ဂိုဏ်းချုပ် ကိုယ်တိုင် တောင်ပြိုလက်သီး၊ မီးလျှံလက်ဝါး၊ ရေခဲလက်သည်း၊ နဂါးနိုင်ဓားတွေ သုံးပြီး သိုင်းဝင်္ကပါ အကွက်တွေနဲ့ သင်ခန်းစာ ကောင်းကောင်း ပြန်ပေးကြတာပဲ၊ ပွဲတော့ကြည့်ကောင်းပြီ’ဟု စိတ်ဝင်တစား ပြောဆိုကြသည်။

ဂိုဏ်းချုပ်ကြီး၏ ဘွဲ့နာမည်က မှတ်ရခက်သဖြင့် ဂိုဏ်းချုပ်ဂူဂူဟုပင် သူတို့ အလွယ်ခေါ်ကြသော အနှီဂိုဏ်းချုပ်ကြီးက ဘာများမိန့်ကြားလေမလဲဟု စိတ်အားထက်သန်စွာ စောင့်မျှော်ကုန်သည်။

ဂိုဏ်းချုပ်ကြီးက အချိန်သိပ်မရှိ၍ များများစားစားတော့ ပြောမသွား။

‘ယူနီယမ် ယူနိုက်တက်ကိုလည်း အားပေးကြဖို့’ ဆိုတာ ကြားရသောအခါ မန်ယူနိုက်တက်ကို အားပေးခိုင်းတာ ဖြစ်ပါလိမ့်မယ်၊ အခေါ်မှားသွားတာ ဖြစ်မှာ။ ငါတို့တရွာလုံးက အားပေးပြီးသားပဲ’ဟု ပြောရင်း ဆက်နားထောင်ကြလေသည်။

ဂိုဏ်းချုပ်ဂူဂူက လက်မောင်းတွင် လာနားသောခြင်ကို ဖြန်းကနဲ ရိုက်ရင်း သည်းခံဖို့ ပြောသည်။

ခွင့်လွှတ်ဖို့ ဆက်ပြောရင်း ခေါင်းနားတဝီဝီ လာဝဲသော ယင်တကောင်ကို ကြီးမား​သော လက်ဝါးနှစ်ဖက်ဖြင့် ဖျတ်ခနဲ အမိအရ ဖမ်းအုပ်ရိုက်ချလိုက်ပြန်သည်။ တဆက်တည်းလိုလို ရှေ့ကချထားသော အချိုပွဲတွင် တက်နေသော ပုရွက်ဆိတ်ကို လက်ညှိုး နှင့် လက်မကြား အတင်းဖိချေရင်း မေ့ပျောက်ဖို့လည်း ပြောသည်။

ထို့နောက် မြို့တက်ဆေးစစ်ရဦးမယ်ဟု ပြောပြောဆိုဆိုနှင့် ပြန်ကြွအသွား ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွား သူတယောက်က ‘မိကြင်စိုး လူတွေကြောင့် မဟုတ်ပဲ၊ တခြားသူတွေကြောင့် ဆိုရင်ကော အခုလိုပဲ သည်းခံ၊ ခွင့်လွှတ်၊မေ့ပျောက်ဖို့ မိန့်ဦးမှာပဲလားဟု အပြေးလိုက်မေးလေသည်။

မေးခွန်းကို ကောင်းကောင်း ကြားသလား၊ မကြားသလားတော့မသိ။ ‘ဘန်ကောက်က ပူတယ်၊ ဆွစ်ဇာလန်က အေးတယ်’ဟုသာ ပြန်ပြောရင်း သူရှေ့ကလမ်းပေါ်ရှိ ခရုတကောင်ကို ဖိနောင့်ဖြင့်ပေါက်ရင်း ပြန်ကြွသွားလေတော့သည်။

တရွာလုံးလည်း အံ့ဩမှင်တက်ကုန်ကာ ကြားခဲ့ရသမျှ မယုံကြည်နိုင်အောင် ဖြစ်ကုန်ကြပြီး၊

တိုးတိုးတဖုံ၊ ကျယ်ကျယ်တမျိုး ဝေဖန်ပြောဆိုကြလေသည်။ ဂိုဏ်းချုပ်ဂူဂူသည် မိကြင်စိုးနှင့် တကျိတ်တည်း တဉာဏ်တည်းဟု ယခင်ကပင် အကြားရှိခဲ့ဖူးသော်လည်း ယခုတော့ သူတို့လက်တွေ့ကြုံလိုက်ရပြီ ဖြစ်သည်။

ထိုသို့ တယောက်တပေါက် ပြောဆိုနေရာက ငြိမ်ချက်သားကောင်းနေသော ပိဿာစိန်ကိုသတိပြုမိသွားကြသည်။

‘ဟေ့ ပိဿာစိန်ကြီး၊ ပျစ်ပျစ်နှစ်နှစ် ပြောနေကြလူက အခုကျတော့ ငြိမ်လှချည်လား၊ ပြောစရာစကား မရှိလို့ လား’ဟု ဝိုင်းမေးကြသည်။

‘ပြောစရာ ရှာမရလို့ မဟုတ်ဘူး၊ များများစားစား ပြောစရာ မရှိလို့ကို ဝင်မပြောတာ၊ ပြောရမယ်ဆိုရင်တော့ တခွန်းပဲ ပြောမယ် မှတ်ထားကြ’ဆိုကာ သူ၏ထုံးစံအတိုင်း ပိဿာလေးဖြင့် ငယ်ထိပ်ကို အားရပါးရ ချိန်ထုလိုက် သလိုမျိုး ပြောလိုက်သည်က

‘မိကြင်စိုးတို့တသိုက်က ဖျင်အသားနီလန်အောင် ဆော်တာကို ငြိမ်ခံကြမလား၊ တရွာလုံး စုစုစည်းစည်းနဲ့ ဝိုင်းပြီး မိကြင်စိုးတို့ကို ဖျင်အသားနီလန်အောင် ပြန်ဆော်ကြမလား ဆိုတာကိုသာ စဉ်းစားကြ၊ ဒီနှစ်လမ်းပဲ ရွေးစရာရှိ တော့တယ်၊ ရှင်းပြီလား၊ဒါကလွဲပြီး ဘာမှပြောစရာ မရှိဘူး’ တဲ့။

ကဲ၊ ပိဿာစိန်ပါးစပ်က ထွက်တဲ့စကားလုံးတွေ ဆိုတော့လည်း ဒီလောက်တော့ ကြမ်းပေမပေါ့၊ နားနဲ့မနာ ဖဝါးနဲ့သာ နာကြလို့ပဲ ပြောရပေတော့မည် ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar