Breaking News

စစ်ဆင်ရေးတွေက ပုံဖော်လာတဲ့ စစ်ရေးရပ်တည်ချက်၊ နိုင်ငံရေးရပ်တည်ချက် နဲ့ ဘုံသဘောတူညီချက်

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၈ မြင်ကွင်း

(မိုးမခ) ဇွန် ၂၉၊ ၂၀၂၄


စစ်ဆင်ရေးတွေက ပုံဖော်လာတဲ့ စစ်ရေးရပ်တည်ချက်၊ နိုင်ငံရေးရပ်တည်ချက် နဲ့ ဘုံသဘောတူညီချက် 

ဒီနေ့ထူးခြားတဲ့သတင်းတပုဒ်ကတော့ ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်ပြည်က နိုင်ငံတော်ခရီးစဉ်တခုအဖြစ် ဖိတ်ကြားပြီး ‘ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ် ချမှတ်ခဲ့တဲ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အခမ်းအနား’’ ကို တက်ရောက်ခဲ့တာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ တရုတ်ပြည်၏ သမ္မတကြီး ရှီကျင့်ပင်းကိုယ်တိုင် တက်ရောက်ပြီး စစ်အုပ်စုဝင် သမ္မတဟောင်း ဦးသိန်းစိန်က်ု  တွေ့ဆုံနှုတ်ဆက်တဲ့ ဓာတ်ပုံတွေပါ တရုတ်သတင်းစဉ်မှာ မြင်တွေ့ရတယ် ဆိုပါတယ်။

ဘီဘီစီသတင်းဌာန၏ မှတ်တမ်းအရ - ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ငါးချက်ကို ဘန်ဒေါင်းမူငါးရပ်လို့ လူသိများပြီး ပါလီမန်ဒီမိုကရေစီခေတ် ဦးနု ဝန်ကြီးချုပ် တာဝန်ယူချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ သဘောတူညီမှု ဖြစ်ပါတယ်။ ၁၉၅၅ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပခဲ့တဲ့ ညီလာခံမှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီးအာရှ၊ အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက အတည်ပြုခဲ့ကြတာပါ။ ဘန်ဒေါင်းမူလို့ သိကြတဲ့ ဒီမူတွေကို အခြေခံပြီး ၁၉၆၁ မှာ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ 

တရုတ်ပြည်ထောင်စုကြီးကိုယ်တိုင်က အစိုးရအဆင့် မြန်မာပြည်၏ တိုင်းပြည်အရေးကို ထဲထဲဝင်ဝင် စိတ်ဝင်စားမှု ရှိတယ်၊ ပတ်သက်နေတယ်ဆိုတာကို ထင်ရှားစွာ ပြသတဲ့ သက်သေလည်း ဖြစ်တယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။ တရုတ်ပြည်၏ ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် လာရောက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေနဲ့ တွေ့တာအပြင် အကျဉ်းကျခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ကြတာကို တွေ့နိုင်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာက အစိုးရတွေက ရှောင်ကြဉ်နေကြပြီး တိုက်ရိုက်တွေ့ဆုံဖို့ထက် ကြားခံတွေကနေ တွေ့ဆုံကြတာပဲ တွေ့ကြရပါတယ်။ တွေ့ဆုံကြတဲ့အထဲမှာ အဆင့်နိမ့်နဲ့ အခြားအဆင့်များနဲ့ တွေ့ကြတာဖြစ်ပြီး ပြည်ပနိုင်ငံခေါင်းဆောင်တဦးဦးနဲ့ အခုလို မင်းအောင်လှိုင် မဟုတ်တဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်း တဦးနဲ့ တိုက်ရိုက် အခမ်းအနားမှာ ဆုံကြတာမျိုးကတော့ ထူးခြားတယ်လို့ ဆိုကြပါတယ်။

မြန်မာပြည်၏ စစ်ရေး နိုင်ငံရေး အကျပ်အတည်းနဲ့ အထွေထွေချွတ်ခြုံကျမှု ဆိုးဝါးနေချိန်မှာ စစ်အုပ်စုကပြောနေတဲ့ နောက်တကြိမ် ရွေးကောက်ပွဲနည်းလမ်းက စစ်မီးတောက်တွေကြားမှာ ထွက်ပေါက်ဖြစ်ဖို့ကလည်း ခဲယဉ်းနေချိန် ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက စစ်အုပ်စုဘက်ကနေ ကာကွယ်တိုက်ခိုက်ပေးနေတာထက် စစ်အုပ်စုကို ဆန့်ကျင်ပြီး မိမိတို့ဒေသအလိုက် တော်လှန်ရေးတိုက်ပွဲတွေ ဖော်ဆောင်မှုတွေကလည်း ၁၀၂၇ ဒုတိယလှိုင်းအမည်နဲ့ အရှိန်မြှင့်တင်လာတဲ့ အချိန်လည်း ဖြစ်နေပါတယ်။ 

ယမန်နေ့က Radio NUG အင်တာဗျုူးမှာ TNLA ပြောခွင့်ရ လွေးယေဦး က ပြောကြားချက်တွေထဲမှာလည်း သူတို့ ရည်မှန်းချက်က စစ်အာဏာရှင်အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ ဒေသခံလူထုကို ကာကွယ်ရေး ဖြစ်တယ်လို့ ပြောကြားတာ တွေ့ရပါတယ်။ လက်ရှိ စစ်ဆင်ရေးတွေသည် နွေဦးတော်လှန်ရေးနဲ့အတူ ပူးပေါင်းဆင်နွှဲနေတာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

နောက်ပြီးတော့ VOA အင်တာဗျူးမှာ TNLA ပြောခွင့်ရကပဲ တိုင်းရင်းသားတွေအချင်းချင်း စစ်ရေးနယ်မြေတွေမှာ ပွတ်တိုက်မှုဖြစ်နေကြတာကိုတော့ သူတို့အချင်းချင်း နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားမယ်လို့လည်း ထောက်ပြပြောဆိုသွားတာ တွေ့ရပါတယ်။  “ ဒီကိစ္စက ကျမတို့သည် တိုင်းရင်းသားအချင်းချင်းကြားမှာဖြစ်နေတဲ့ ပြဿနာတွေသာ ဖြစ်တယ်။ ဒီပြဿနာတွေက စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာလို့ရမယ့် ပြဿနာတွေ ဖြစ်တယ်။ လက်ရှိကတော့ ကျမတို့ပူးပေါင်းပြီး ဘုံရန်သူကိုပဲ တိုက်ခိုက် စစ်ဆင်ဖော်ဆောင်သွားမယ့်အပိုင်း ဖြစ်ပါတယ်။” လို့ ဆိုထားပါတယ်။

ဆိုတော့ လက်ရှိအခြေအနေမှာ ပြည်တွင်းကော ပြည်ပမှာပါ မင်းအောင်လှိုင်နဲ့ တိုက်ရိုက်စကားပြောပြီး ညှိနိုင်းအဖြေရှာကြဖို့ထက် အခြားသော နည်းလမ်းများထဲက စစ်ကောင်စီကို ဖယ်ရှားပစ်ရေးနဲ့ ပြီးတော့မှ အချင်းချင်းတွေကြား ဆွေးနွေးအဖြေရှာရေးကို သွားနေကြသလို ပြည်ပနိုင်ငံကြီးများထဲက အချို့ခေါင်းဆောင်တွေက မင်းအောင်လှိုင် မဟုတ်တဲ့ အခြားစစ်ခေါင်းဆောင်တွေနဲ့ အဖြေရှာနိုင်မလားဆိုတာကို ဦးစားပေးလာကြသလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ်လို့ နိုင်ငံရေးဝေဖန်သူတွေက မှတ်ချက်ပေးလာကြပါတယ်။

နွေဦးတော်လှန်ရေးသမားများနဲ့ မဟာမိတ်များ၏ စစ်ရေးရပ်တည်ချက်တွေမှာ စစ်အာဏာရှင် သို့မဟုတ် စစ်တပ်ကို ဖယ်ရှားရေး၊ ဒေသခံပြည်သူလူထုကို ကာကွယ်ပေးရေးက အဓိကဖြစ်လာပြီး နွေဦးတော်လှန်ရေးသမားတွေ ပူးပေါင်းဆင်နွှဲကြရေးကို  စူးစိုက်ပြောဆိုကြတာတွေ့ရတယ်လို့ ကောက်ချက်ဆွဲနိုင်ပြီး နွေဦးတော်လှန်ရေးနဲ့ မဟာမိတ်များ၏ ဘုံလက်ခံထားလောက်တဲ့ နိုင်ငံရေးရပ်တည်ချက်ဆိုတာကိုတော့ နောက်တဆင့်မှာ ရှာဖွေစူးစမ်းကြရဖို့ ဖြစ်လာမယ် ထင်မိပါတယ်။

နိုင်ငံရေးအရ ဘုံသဘောထားရပ်တည်ချက်ဆိုတာမျိုးကတော့ NUG အစိုးရက K3C ဆိုတဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ သဘောတူညီချက် ရထားပြီးဖြစ်တယ်လို့ အတိအလင်းပြောထားပေမယ့် ယခု ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ တိုင်းရင်းသားမဟာမိတ်တွေနဲ့ ထုတ်ပြန်ထားခြင်း မရှိသေးတာ တွေ့ရပါတယ်။

NUG - K3C တို့၏ ဘုံသဘောတူညီချက်တွေထဲမှာ တော်လှန်နေတဲ့ လက်နက်ကိုင်အင်အားစုများနဲ့ အခြား နွေဦးနိုင်ငံရေးအင်အားစုများ ယေဘူယျသဘောတူညီနိုင်ခြေတွေကို ထုတ်နုတ်ကြည့်ကြမယ် ဆိုရင်တော့—  ၎င်းထဲက စာသားအတိုင်း သဘောတူနိုင်ခြေရှိတဲ့ စာသားတွေက - 

‘ … မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန် အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် အသုံးချရန် ဖြစ်သည်။

ထိုသို့ အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ 

တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ် တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။ …” 

စတဲ့အချက်တွေကိုတော့ လက်ခံနိုင်ခြေများပြီး ဆက်လက် ဆွေးနွေးညှိနှိုင်းရမယ့်အချက်တွေကတော့—

“ … မြန်မာစစ်တပ် တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။

ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ဖို့ လက်ခံကြရန်

လိုအပ်တဲ့ အခြေခံဥပေဒရေးဆွဲရေး

အသွင်ကူးပြောင်းရေးသတ်မှတ်ရေး၊ ဖော်ဆောင်ရေး

တရားမျှတမှုများ အာခံချက် ရရှိရေးတွေ …”  ဖြစ်လိမ့်မယ် ထင်မိပါတယ်။

အပေါ်က အချက်တွေကတော့ ပြည်တွင်းက စစ်ရေးရပ်တည်ချက်၊ နိုင်ငံရေးရပ်တည်ချက်တွေထဲမှာ ဘုံအားဖြင့် အတူတူ ဖြစ်နိုင်ဖို့ ညှိနှိုင်းကြရမယ့် အချက်အလက်တွေကို NUG & K3C  ထုတ်ပြန်တဲ့ ဘုံသဘောထားရပ်တည်ချက်အခြေခံပြီး ထုတ်ကြည့်တာ ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ - ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်သူ အစုအဖွဲ့တွေကိုယ်တိုင်ကလည်း ဦးသိန်းစိန်နဲ့ ရှီကျင့်ပင်းတို့ တက်ရောက် အသိအမှတ်ပြုတဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ဘုံသဘောထားရပ်တည်ချက်လို ဖြစ်နေတဲ့ ဘန်ဒေါင်းမူတွေကိုလည်း ပြန်ပြောင်းကြည့်နေကြမယ်လို့ ထင်မိပါတယ်။

အဲဒါတွေကို ပြန်ရေးပြရမယ် ဆိုရင် - မူ ၅ ချက်ထဲမှာ နိုင်ငံတစ်နိုင်ငံ ပိုင်နက်နယ်ပယ် တည်တံ့ရေးနဲ့ အချုပ်အခြာအာဏာကို အခြားတနိုင်ငံက လေးစားဖို့၊ တနိုင်ငံနဲ့တနိုင်ငံ ကျူးကျော်တိုက်ခိုက်တာ မလုပ်ဖို့၊ ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့ ၊ နိုင်ငံရေးဝါဒအချင်းချင်း ကွဲလွဲစေကာမူ ငြိမ်းချမ်းစွာ အတူတကွ ပေါင်းသင်းဆက်ဆံနိုင်စေဖို့ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

အဲသည် မူ ၅ ချက် နဲ့ အနှစ် ၇၀ ပြည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခမ်းအနား တရုတ်ပြည်မှာ ကျင်းပနေချိန်မှာ မြန်မာပြည်တဝန်းလုံးမှာ ပြည်တွင်းစစ်မီးကိုယ်တိုင်ကလည်း အနှစ် ၇၀ တိုင်နေပြီလို့ ပြောရမှာ ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar