Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၁ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၁ )

(မိုးမခ) ဇွန် ၂၉ ၊ ၂၀၂၄

28/6/24

Diary in the darkness 


မေမြို့က သူငယ်ချင်း ဖုန်းဆက်တယ်။ မြို့ထဲ မီးပွိုင့်မှာ ယာဉ်ထိန်းရဲတွေလည်း မရှိတော့ဘူး။ ပိုက်ဆံကောက်တဲ့ ဂိတ်တွေမှာလည်း စစ်သားတွေ မရှိတော့ဘူး။ အနီးအနားရွာတွေထဲ ဝင်နေကြတယ်။ ဝက်ဝံဂိတ်ကိုလည်း တော်လှန်ရေးတပ်သားတွေက သိမ်းလိုက်ပြီ။ ဖုန်းဆက်နေချိန် ဂိတ်နားက ရွာတွေမှာ တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်ပျံတွေ တနေကုန် ဝဲနေတယ်။ ဖုန်းထဲမှာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ 

စစ်တက္ကသိုလ်က ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်ဘုရား ကျောက်ရုပ်ကြီးတွေ မတွေ့ရတော့ဘူးတဲ့။ စစ်တက္ကသိုလ်ကို ရန်ကုန် မှော်ဘီကို ရွှေ့သွားပြီလို့ အရပ်ထဲမှာ ပြောနေကြတယ်။ 

ည ၈း၃၀။

တမြို့လုံး မီးပျက်နေတယ်။

မိုးကုတ်(အရှေ့ပိုင်း)မှာ လေယာဉ်တွေဝဲ၊ ဗုံးတွေ ကြဲနေတယ်။ အေးစေတီ‌တောင်အနောက်ဘက်ကို ဗုံးကျသွားတယ်လို့ ထင်ရတယ်။ 

မင်းတံတားလိုလို ရွှေလိပ်ပြာနားလိုလိုက အသံတွေကလည်း အကျယ်ကြီးကြားနေရတယ်။

မနက် ၁၀ နာရီလောက်က (အနောက်ပိုင်း)ကျပ်ပြင် အောင်သုခရပ်ကွက်ပေါ်  ဗုံးကျ။ အဝတ်လျှော်နေတဲ့ အမျိုးသမီး ဗုံးဆန်ထိ သေဆုံး။ 

မိုးကုတ်သတင်းစုံ လုမှုကွန်ရက်က အချိန်နဲ့တပြေးညီ သတင်းတွေ တက်နေတယ်။ 

(မိုးကုတ်ဒေသခံတွေက မိုးကုတ်မြို့ကို အရှေ့ပိုင်းလို့ခေါ်ကြပြီး မိုးကုတ်နဲ့ ၈ မိုင်ခန့်ဝေးတဲ့ ကျပ်ပြင်မြို့ကို အနောက်ပိုင်းလို့ ခေါ်ကြပါတယ်။)

မန္တလေးတိုင်းမှူး အရေးယူခံနေရချိန်နဲ့လည်း တိုက်ဆိုင်နေတယ်။ တပ်တွင်း အာဏာသိမ်းမယ်ဆိုတဲ့သတင်းတွေလည်း ပိုမိုပြန့်နေတယ်။ အချို့တိုင်းမှူးတွေဆို လက်နက်ချဖို့ အရိပ်အယောင်ပြနေကြတယ်။ ဒါပေမဲ့ သူတို့လုံခြုံရေးကို အမှန်တကယ် အာမခံနိုင်တဲ့ အဖွဲ့အစည်း မရှိသေးလို့ အခက်တွေ့နေဟန်တူတယ်။ NUG ကလည်း ပီပြင်တဲ့ အစိုးရ မဖွဲ့နိုင်သေးဘူး။ မင်းအောင်လှိုင်ရဲ့ ဗုံးကြဲ၊ မီးရှို့ ဆိုတဲ့ ‌မြေလှန်စနစ်ဟာလည်း စစ်တပ်ကိုရော တိုင်းပြည်ကိုရော ၊ တိုင်းမှူးတွေရဲ့ အသက်နဲ့ အရှက်ကိုရော အမှုန့်ချေ ဖျက်ဆီးမယ့်လမ်းကြောင်းမို့ တိုင်းမှူးတွေက မရွေးချယ်လိုဘူး။ သူတို့ဟာ သူတို့အသက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းထံမှာ လက်နက်နဲ့ ဂုဏ်သိက္ခာကို လဲလှယ်လိုဟန်ရှိတယ်။ 

မင်းအောင်လှိုင်ဟာ စစ်တပ်ကိုရော တိုင်းပြည်ကိုပါ ချောက်ထဲ ဆွဲချနေပြီဆိုတာ သူတို့ သတိပြုမိပုံပေါ်တယ်။ ဒါပေမဲ့ သူတို့မှာ ဆုပ်ကိုင်စရာ မြက်တပင်တောင်မရှိ ဖြစ်နေတယ်။ မင်းအောင်လှိုင်ရဲ့ အရူးချေးပန်း ဗျူဟာအောက်မှာ သူတို့ လည်စင်းခံနေရတဲ့ ဘဝက ဘယ်လို ရုန်းထွက်ကြမလဲ။

ကမ္ဘာကြီးနဲ့ မြန်မာပြည်သူတွေကလည်း စစ်အာဏာရှင်ရဲ့ နောက်ဆုံးထွက်သက်ကို လှလှပပ‌လေး ထွက်ဖို့ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်ကြမလဲ။

မင်းအောင်လှိုင်ရဲ့ တိုင်းပြည်တခုလုံး လုံးဝပျက်သုဉ်းရေး လမ်းကြောင်းပေါ်ကနေ ကျနော်တို့ ဘယ်လို ဆွဲတင်ကြမလဲ။

ပြည့်သူလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ချီသံတွေက တဖြည်းဖြည်း ကျယ်လောင်လာပြီ။


အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar