Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၀ )

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၀၀ )

(မိုးမခ) ဇွန် ၂၈ ၊ ၂၀၂၄

27/6/24

Diary in the darkness 


မနက်စောစော ရွှေတိဂုံဘုရားက ပြန်လာတဲ့သူတစ်ယောက်က ပြောတယ်။ ဘုရားပတ်လည်က ဘုန်းကြီးကျောင်းတွေရှေ့မှာ စစ်ကားတွေ လက်နက်အပြည့်အစုံနဲ့ ရပ်ထားတာ မြင်ခဲ့ရတယ်၊ မြို့ထဲထွက်ရင် သတိနဲ့ သွားကြပါတဲ့။ 

၁၉ ရက်နေ့က သေနတ်မှန် ပျံလွန်တော်မူတဲ့ ဆရာတော်ဘဒ္ဒန္တမုနိန္တဘိဝံသ ကို အကြောင်းပြုပြီး သံဃာတွေ သပိတ်မှောက်ကံဆောင်မှုတွေ တနိုင်ငံလုံး ပြုလုပ်ဖို့ လှုံ့ဆော်နေတယ် ဆိုတဲ့သတင်းရဲ့ နောက်ဆက်တွဲ ဖြစ်စဉ်ပါ။ 

မန္တလေးတိုင်းမှူးကို မင်းအောင်လှိုင်ခါးပိုက်ဆောင်တပ်က နေပြည်တော်မှာ ဖမ်းဆီးထားပြီး စစ်ဆေးနေတယ် ဆိုတဲ့ သတင်းလည်း တက်လာတယ်။ သူဟာ ဆရာတော် သေနတ်ပစ်ခံရတဲ့အမှုမှာ အရေးပါတဲ့ တရားခံ တယောက်လည်း ဖြစ်၊ ဧရာဝတီတိုင်း တော်လှန်ရေးလူငယ်တွေကို ရက်ရက်စက်စက် နှိပ်ကွပ်တဲ့နေရာမှာ ထင်ရှားသူလည်း ဖြစ်ပါတယ်။ အခု သူ့ကို မင်းအောင်လှိုင်က အာဏာသိမ်းရန်ကြံမှုနဲ့ ဖမ်းဆီးထားတာလို့ သတင်းတွေပြန့်နေပါတယ်။ သူနဲ့အတူ အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းတွေလည်း ပါဝင်သွားတယ်လို့ သိရတယ်။ အခြားတိုင်းမှူးတွေ ပါဝင်ခြင်း ရှိ၊ မရှိ မသိရသေးပါဘူး။ 

ကျောက်မဲ၊ နောင်ချို မြို့လယ်ကောင်မှာ TNLA စစ်သားတွေ သွားလာနေတဲ့ ဓာတ်ပုံတွေ အင်တာနက်မှာ ပျံ့နေပါတယ်။

မိုးကုတ်မြို့ နဲ့ မိုင်အနည်းသာကွာဝေးတဲ့ ကျပ်ပြင်မြို့ ရဲစခန်းမီးလောင်နေပုံ၊ လမ်းမပေါ်မှာ တော်လှန်ရေးတပ်သားတွေ သွားလာနေတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ် တက်နေတာ မြင်ရပါတယ်။ 

ညနေ ၆ နာရီလောက်မှာတော့ မိုးကုတ် ရှမ်းတောရပ်ကို ဒုံးကျည်ထိ။ ဘုန်းကြီးကျောင်းနဲ့အိမ်တလုံးပျက်စီး။ ကိုရင် ၅ ပါး ဒဏ်ရာရ။ 

မိုးကုတ် ဆွေမျိုးတွေဆီ ဖုန်ဆက်အားပေး။ အနယ်နယ်အရပ်ရပ်က မိုးကုတ်သူမိုးကုတ်သားများရဲ့ ဖုန်ခေါ် စကားပြောသံတွေနဲ့ တညနေလုံး ဆူညံနေ။

ကချင်ပြည်နယ် စိုင်းတောင်ရဲစခန်း ဒရုန်းထိ။ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ဆယ်ဦးသေ။

သမ္မတဟောင်းဦးသိန်စိန် တရုတ်ပြည်သွား။ အစိုရ အရာရှိတွေ လေဆိပ်လိုက်ပို့တဲ့ သတင်းကလည်း လူတွေ စိတ်ဝင်တစားနဲ့ အပြောများနေ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ဆွန်ဇူးရဲ့ စစ်ရေးကျမ်း အသံစာအုပ်တွေကို နားထောင်မိ။

အကြောင်းအရာကလေးတွေ အချို့ စိတ်ထဲစွဲထင်။

စုန်း၊ နတ်၊ ယတြာတွေကို အားကိုးတဲ့ စစ်ဦးစီးတစ်ယောက်ဟာ စစ်ရှုံးသူတစ်ယောက်ဖြစ်ဖို့ သေချာတယ်။

လက်အောက်ငယ်သားတွေကို အပြစ်တင်နှိမ်ချ ဆက်ဆံပြီး တာဝန်ခံ၊ တာဝန်ယူမှုမရှိတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့ သေချာတယ်။ 

ပုဂ္ဂိုလ်ရေး အငြိုးအတေးနဲ့ စစ်ခင်းတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့ သေချာတယ်။

သံတမန်ရေးရာကို နားမလည်တဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့ သေချာတယ်။

ပြည်သူကို ရန်သူသဖွယ် ဆက်ဆံတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့ သေချာတယ်။

စစ်ခင်းရမယ့် အချိန်၊ စစ်နားရမယ့်အချိန်၊ စစ်ရပ်ရမယ့် အချိန်ကို မသိတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့သေချာတယ်။

ဆုတံဆိပ်၊ ငွေကြေး၊ လာဘလာဘ၊ ရာထူးတွေ မတန်မရာပေးပြီး စုဆောင်းထားတဲ့ နောက်လိုက်တွေ အားကိုးနဲ့ စစ်ခင်းတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့သေချာတယ်။

အကျင့်ပျက်သူတွေ၊ စည်းကမ်းမလိုက်နာသူတွေ၊ စစ်တိုက်ရန် ခွန်အားနဲ့ ဆန္ဒမရှိသူတွေကို အားပြုပြီး စစ်ခင်းဖို့ ကြိုးစားတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့ သေချာတယ်။ 

အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို မိမိနဲ့မိမိ မိသားစုကသာ မောင်ပိုင်စီးပြီး နောက်လိုက်ငယ်သားများမျှဝေမပေးတဲ့ စစ်ဦးစီးဟာ စစ်ရှုံးဖို့ သေချာတယ်။

ကျနော် ဖတ်မိ၊ နာမိတဲ့ စစ်ဗျူဟာကျမ်းထဲက မှတ်မိ၊ သတိထားမိတဲ့ အချက်တွေကို ကျနော် ရေးတတ်သလို ရေးချကြည့်တာပါ။

အနှစ်ချုပ်ရေးရရင် မင်းအောင်လှိုင်လို စစ်ဦးစီးတစ်‌ယောက်က ဦဆောင်လိုက်တဲ့ စစ်တပ်ဟာ ဘယ်လောက်ပဲ အင်အားရှိရှိ အရှက်ဗြန်းဗြန်းကွဲ‌ကာ ခွက်ခွက်လန်အောင်ရှုံးမှာ သေချာပါတယ်။ 

မင်းအောင်လှိုင်ရဲ့  ဗြန်းခွက်လန် စစ်ဗျုဟာ ခင်းနည်းတွေဟာ နောင်လာနောက်သားတွေအတွက် တော့မှတ်သားစရာတွေပါဗျာ။


အန်ကယ် တူမီး



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar