စစ်မက်ဘေးအန္တရာယ် စီးပွားရေးပျက်ဘေးအန္တရာယ်နဲ့ နိုင်ငံရေး အမြော်အမြင်
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂ မြင်ကွင်း
(မိုးမခ) ဇွန် ၃၊ ၂၀၂၄
စစ်မက်ဘေးအန္တရာယ် စီးပွားရေးပျက်ဘေးအန္တရာယ်နဲ့ နိုင်ငံရေး အမြော်အမြင်
မကြာသေးတဲ့ ရက်ပိုင်းတွေက မြန်မာကျပ်ငွေ တန်ဖိုး ဆက်တိုက်လျင်မြန်စွာ ကျဆင်းခဲ့ပြီး ကျပ် ငွေတန်ဖိုးကို တစိတ်တပိုင်း ဖော်ညွှန်းပြသနေတဲ့ ရွှေစျေးနှုန်းက ကြားဖူးသမျှထဲမှာ အမြင့်ဆုံးဖြစ်တဲ့ တကျပ်သား ၅၈ သိန်းကျပ်ကို ရောက်ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ နှုန်းထားရောက်ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ကျဆင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ တလဝန်းကျင် စျေးနှုန်းကိုတော့ ပြန်လည် ရောက်ရှိခြင်း မရှိတော့ပါဘူး။ အမေရိကန်ဒေါ်လာ လဲနှုန်းက ၁ ဒေါ်လာကို ၄၅၀၀ ကျပ်လောက်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အချို့သော လူမှုကွန်ရက် သတင်းတွေမှာတော့ အမြင့်ဆုံး ၄၈၀၀ ကျပ်လောက်ထိ ရောက်ခဲ့တယ်လို့ ဆိုကြပါတယ်။
မေလနှောင်းပိုင်းရက်တွေမှာ မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်းက တရက်ပြီးတရက် သိသိသာ သာမြင့်တက်ခဲ့တာကိုအကြောင်းပြုပြီး ပြည်ပက တင်သွင်းရတဲ့ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး အစရှိတဲ့ နေ့စဥ်သုံးစွဲနေရတဲ့ ကုန်ပစ္စည်းတွေ နေ့ချင်းညချင်း စျေးမြင့်တက်လာသလို အချို့ပစ္စည်းတွေကို တင်သွင်းလာတဲ့ ကုမ္ပဏီတွေ၊ ကုန်သည်တွေက အရောင်းပိတ်ထားခဲ့ပြီး စျေးကွက်မှာ ဝယ်လို့မရတဲ့ အထိ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဥပမာ နိုင်ငံခြားဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီ၊ ကုန်သည်ကြီးတွေ ခေတ္တအရောင်းပိတ်ထားလို့ အချို့ဆေးဝါးတွေ ဝယ်မရဖြစ်တာမျိုးလည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးထွက်ကုန်၊ စားသောက်ကုန် ကုန်ကြမ်းတွေထွက်ရှိပေမယ်လို့ ကုန် ချောထုတ်လုပ်မှုမှာ မတည်ငြိမ်တဲ့ မူဝါဒ၊ လျှပ်စစ်စွမ်းအင် မလုံလောက်မှု၊ သင့်တင့်မျှတပြီး နှစ်ဦးနှစ်ဘက် အကျိုးများစေတဲ့ အလုပ်သမားဥပဒေ မရှိတာ၊ ကုန်ပစ္စည်း တင်သွင်းရာမှာ အခွန် အကောက်နဲ့ လုပ်ထုံးလုပ်နည်းတွေက ယုံကြည်အားထားရလောက်တဲ့ အနေအထားမျိုးမရှိတာတွေကြောင့် အလုပ်သမားလုပ်အားခ စျေးသက်သာသည့်တိုင် ပြည်တွင်း ကုန်စည်ထုတ်လုပ်မှုက ဖြစ်သင့်သလောက် ဖွံ့ဖြိုးလာခြင်း မရှိတာ ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုအတွင်း မြင်သာနိုင်တာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ နိုင်ငံအနှံ့ဖြစ်ပွားလာတာကြောင့် စီးပွားရေး ဖွံ့ဖြိုးမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေ လူလုပ်အားနဲ့အရင်းအနှီးပေါင်းစပ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ လုပ် ကိုင်ဖို့ထက် လုပ်သားအင်အားစုတွေက ပြည်တွင်းစစ်ထဲ ကြားညှပ်အသက်ဆုံးရှုံးမယ့် အရေးကိုရှောင်လွှဲဖို့ ပြည်ပမှာ ရွှေ့ပြောင်း လုပ်သားအဖြစ်နဲ့ အများအပြားထွက်ခွာကြသလို လုပ်သားအင် အားစုတွေ ပြည်တွင်းမှာ သိသာထင်ရှားစွာ လျော့နည်လာနေပြီး အပြန်အလှန်အားဖြင့် စီးပွားရေးကို အထိနာစေတာ ဖြစ်ပါတယ်။
ဒီအချက်တွေက စစ်မက်ဖြစ်ပွားရတာ လုံလောက်တဲ့အကြောင်းအချက်ရှိခြင်းမရှိခြင်းကို ရည် ညွှန်းလိုတာထက် စစ်မက်ဖြစ်ပွားခြင်းရဲ့ အကျိုးဆက်တွေ မြန်မာနိုင်ငံ စီးပွားရေး၊ လူမှုစီးပွားဘဝ အပေါ် သက်ရောက်မှုကို ဖေါ်ပြလိုခြင်းသာ ဖြစ်ပါတယ်။
လတ်တလောစစ်မက်ဖြစ်ပွားနေတချိန်မှာ နိုင်ငံရဲ့ အရင်းအမြစ်အများစုကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီအပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ ဆိုတာထက် စစ်ရေးအရ အနိုင်ရဖို့ကအဓိကအချက်ဖြစ်နေတာပါ။ စစ်ကောင်စီအနေနဲ့ လူထုရဲ့ စီးပွားရေး ကောင်းမွန်ဖို့၊ စားဝတ်နေရေး ပြေလည်ဖို့ထက် လူထုကို စစ်အောင်နိုင်ရေးမှာ ဘယ်လိုအသုံးချရမလဲ၊ ဆန့်ကျင်သူတွေကို ရှာဖွေအပြစ်ပေး၊ ချေမှုန်းဖို့ရည်ရွယ်ချက်တွေအတွက် လူထုရဲ့ လူမှုစီးပွား အခြေအနေတွေ ထိခိုက်မယ်ဆို ထိခိုက်ပါစေ ဘာကိုမှဂရုထားမှာမဟုတ်တာ သေချာပါတယ်။ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားတဲ့ မြို့တွေ၊ ရွာတွေ၊ ဒေသတွေကို ကုန်စည်တင်သွင်းမှု ပိတ်ဆို့တာ၊ အကန့်အသတ်နဲ့ တင်သွင်းစေတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး အချို့သော တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စစ်ရေးအရ အသာစီးရဖို့အတွက် ကုန်စည်သယ် ဆောင်တဲ့လမ်းတွေကို ဖြတ်တောက်တာတွေ စစ်ရေး အသုံးစရိတ်အတွက် ကုန်စည်သယ်ဆောင်တဲ့ကားတွေ၊ ဖြတ်သန်းတဲ့ကားတွေအပေါ် ပုံမှန်ကာလထက် အဆများစွာမြင့်မားတဲ့ အခွန် အကောက် ကောက်ခံတာတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကူးသန်းသွားလာနေတဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ လူထုထံက အခွန်အကောက်ထက် တစုတစည်းထည်း ဝင်ငွေပိုရရှိနိုင်တဲ့ သယံဇာတထုတ်လုပ်တာ၊ သယ်ယူရောင်းချသူတွေထံ အခွန် အကောက် ကောက်ခံတာတွေလုပ်ဆောင်ပြီး ရွှေ၊ သစ်၊ ကျောက်မျက်၊ သတ္တုတွေလို သယံဇာတတွေဟာ ပြည်တွင်းစစ်ဖြစ်ပွားတဲ့ ၃ နှစ်နီးပါး ကာလအတွင်း ဘယ်တုန်းကနဲ့မှ မနှိုင်းသာအောင် ထုတ်လုပ်ရောင်းချ နေကြတာ ဖြစ်ပါတယ်။
ဒီလို ရှုထောင့်က ရေးသားတာကြောင့် စစ်အာဏာရှင် ဖြုတ်ချမယ့် တော်လှန်ရေးကို ဆန့်ကျင်တယ် ဆိုတဲ့ ရည်ရွယ်ချက်မဟုတ်ပဲ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကနေ လူမှုစီးပွားကို အကျိုးသက်ရောက်မှုတွေကို နိုင်ငံရေး သမားတွေ၊ ဦးဆောင်နေသူတွေ သတိပြုနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
စစ်ပွဲက လူမှုစီးပွားကို ဘယ်လောက်ထိ သက်ရောက်နေသလဲ ဆိုတာ သတိမပြုပဲ မရတဲ့ အချက်ဖြစ်ပါတယ်။
လတ်တလော မြန်မာကျပ်ငွေ စျေးနှုန်း မကြုံစဖူး တန်ဖိုးကျဆင်း နေတာတွေဟာ စစ်ကောင်စီရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့်လည်း ပါသလို စစ်စရိတ်တွေ အတွက် ငွေရအောင် နည်းအမျိုးမျိုးနဲ့ ရှာဖွေသုံးစွဲနေရတာကြောင့် ဆိုတာလည်း မမေ့သင့်ပါဘူး။ စစ်ပွဲကို မြန်မြန် အောင်နိုင်အောင် တိုက်ခိုက်ပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကို အမြန်ဆုံး ဖယ်ရှားပြီး လူထုထောက်ခံတဲ့ အစိုးရက နိုင်ငံရဲ့ စီးပွားရေးကို မှန်ကန်တဲ့ မူဝါဒနဲ့ စစ်ပွဲတွေ ပြီးဆုံးပြီး နိုင်ငံတည်ဆောက် ကြမယ်ဆိုတဲ့ သဘောမျိုး စဥ်းစားတဲ့ လမ်းကြောင်းမျိုး အတွေးမျိုးလည်း ရှိကောင်း ရှိနိုင်ပါတယ်။
ဒါလည်း မှားတယ်လို့ မဆိုနိုင်ပေမယ့် မြန်မာ့နိုင်ငံရေးဟာ အဲဒီလောက် ရိုးရှင်းတဲ့ အဖြူ နဲ့ အမဲ ပြဿနာ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
စစ်အာဏာရှင်နဲ့ လူထုထောက်ခံတဲ့ အစိုးရ ဆိုပြီး အလွယ်နားလည်အောင် တင်ပြကြတာထက် ဖက်ဒရယ်၊ ကွန်ဖက်ဒရေးရှင်း၊ လူမျိုးစုတွေရဲ့ ထိန်းချုပ်စိုးမိုးမှု နယ်မြေ၊ လက်ရှိ အာဏာချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း အတိတ်သမိုင်းကြောင်းရဲ့ အရိပ်၊ သြဇာ စတဲ့ အခြားသော ရည် မှန်းချက် အကျိုးစီးပွား ဦးတည်ရာ ရည်မှန်းချက်တွေလည်း ထည့်သွင်းစဥ်းစားစရာ ရှိနေပြီး အဲဒီ ဦးတည်ရာတွေ၊ လက်နက်ကိုင် အဖွဲ့တွေရဲ့ လူထုအပေါ် အလေးထားမှု၊ တန်ဖိုးထားမှု အခြားသော လူမျိုးစုတွေ အပေါ် တန်ဖိုးထား လေးစားမှုတွေ စတဲ့ နိုင်ငံရေး ပြဿနာတွေ နဲ့လည်း ဆက်နွယ်ပြီး ဖြစ်ပေါ်နေတာလို့ ဆိုချင်ပါတယ်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ စစ်ရေး အကြောင်းက အဓိကအကျဆုံး စစ်ပွဲ တပွဲမှာ အနိုင်ရဖို့ စစ်ပွဲကြီးတခုလုံးကိုအနိုင်ရဖို့ဆိုတဲ့ ရည်မှန်းချက်အတွက် ကျန်တာ ဘာဖြစ်ဖြစ်လို့ နားလည်မှုလည်းရှိကောင်းရှိနိုင်ပါတယ်။ စစ်ပွဲကို ဦးဆောင်တိုက်ခိုက်သူတွေက စစ်ပွဲအောင်နိုင်ရေးဟာ ကျန်တာအားလုံးထက် အရေးကြီးတာမှန်ပေမယ့် နိုင်ငံရဲ့ ဆယ်စုနှစ်နဲ့ချီတဲ့ ပြဿနာကို ဖြေရှင်းကြရာမှာ ဦးဆောင်တဲ့နိုင်ငံရေးသမားတွေရဲ့အမြော်အမြင်က ဒိထက်ပို တဆင့်မက နှစ်ဆင့်လောက် မြင့်ဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။ လူထု အနေနဲ့ အဖြစ်အပျက်နောက်က လိုက်ပါနေရတာ ဆယ်စုနှစ် ၇ ခုကျော် ရှိလာပြီး နိုင်ငံရေးသမားတွေရဲ့ အမြော်အမြင်က လူထုရဲ့ ကံကြမ္မာကို အတိုင်းအတာတခုထိ ဆုံးဖြတ်နေကြတယ်လို့ ဆိုရင် မှားမယ် မထင်ပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar