Breaking News

ရဲဘော်တေး - မအိပ်မနေ အသက်သေ

ရဲဘော်တေး - မအိပ်မနေ အသက်သေ

(မိုးမခ) ဇွန် ၃ ၊ ၂၀၂၄

"ခိုင်းတာလုပ် ခွေးဖြစ်" 

"တိုက်ပါများ တပ်ပြောင်" 

"မအိပ်မနေ အသက်သေ"

ဒါက ၂၄ နာရီမောင်‌ဂေါက်လှိုင်းရဲ့ စကားကြီးသုံးခွန်းတဲ့။ 

ကျမလဲ မောင်ပေါက်ကျိုင်းပဲ ကြားဖူးတာပါ။ ဂေါက်လှိုင်း ဆိုတာ ဘယ်က ဒိသာပေါမောက္ခကြီးလဲ မသိဆိုတော့ မိတိုးက တံတောင်နဲ့တွက်တယ်။ စကားကြီးသုံးခွန်းကလည်း ဒီလိုမဟုတ်ပါဘူး၊ အဘွားပြောတာ ကြားနေကျလေ။ ညတိုင် မအိပ်သေးဘူးဆို ပြောပြီ။ ဟဲ့ ညည်းတို့က အိပ်ကြသေးဘူးလား၊ မောင်ပေါက်ကျိုင်းရဲ့ မအိပ်မနေ အသက်ရှည်ဆိုတာ မအိပ်ဘဲ နေခိုင်းတာ မဟုတ်ဖူး၊ အသက်ရှည်ချင်ရင် အိပ်တဲ့၊ မအိပ်ဘဲ‌နေရင် သေမှာ ဘာညာ ကြားနေကျလို့ မိတိုးကို တိုးတိုးပြောတော့ ညည်းကလဲ ဒါက တပ်ထဲမှာ ရှေ့တန်းမှာ မအိပ်မနေ တာဝန်ယူနေရမယ်လို့ ပြောတာ၊ အဲဒါကြောင့် ညည်းယောက်ျားရော ငါ့ယောက်ျားရော သေမှာလို့ ပြောတာဟေ့တဲ့။ စိတ်မရှည်တဲ့အသံကြီးနဲ့။ ဒါနဲ့ ဟိုနှစ်ခွန်းတောင် ဆက်မမေးဖြစ်တော့ဘူး။ 

"စကားသုံးခွန်း တပ်နှိုက်ထွန်း တခွန်းမကျန် မတွန်းလှန် အမြန်သေရမည်" တဲ့။

ဒါက တဘောင်စကား။

တပ်တွင်းမှာ အဲလို စကားကြီးသုံးခွန်းရယ်၊ တဘောင်စာကြီးတခုရယ် ပေါ်နေသတဲ့။ 

အဲသာကြောင့် တပ်ထဲလှုပ်လှုပ်လှုပ်လှုပ်နဲ့ အဖြုတ်အပြောင်း ထောင်းလမောင်းထနေသာတဲ့။ 

ကတော်တွေလည်း ကတော် ဆိုတဲ့အတိုင်း ကတော် ကတော် အော်နေရလို့ ဗိုလ်မယားလို့ဘဲ ပြောင်းခေါ်ရတော့မတဲ့။ ကတော် ကတော် ဆိုတာ ဟိုအသံမို့ မုဆိုးမဖြစ်တာတဲ့၊ ဘာဆိုင်တုံးဆိုတော့ ဟဲ့ မုဆိုးမဖြစ်ပြီးရင် အဲ ကတော် ကတော် ဖြစ်ကိန်းဆိုက်လာရောတဲ့။ သိပ်တော့ နားမလည်ပါဘူး၊ ထပ်မမေးရဲလို့သာ အင်းလိုက်ခဲ့ရသာရယ်။

မယား ဆိုသာကတော့ ဘယ်တော့မှ ယားစရာမလို ယောက်ျားဟာ သူ့နဂိုအတိုင်း မဆုံးမသေ ရှိနေတယ်ဆိုတဲ့သဘောတဲ့။ အင်း အဲဒါလည်း သိသလိုလို မသိသလိုလိုဘဲ။ ကိုယ်တွေက မမဆောင်းအဆင့် အကြပ်ကြီးကတော် အဲ အကြပ်ကြီးမယားလေ။ ဟို အကြပ်ကြီးမိန်းမလို့လည်း မသုံးရဘူးတဲ့။ မိန်းမ ဆိုတာ မိန်းတွေ မ မ သွားတယ်ဆိုတဲ့ အဓိပ္ပာယ်၊ ရာထူးကြီးကြီး တပ်ရင်းမှူး တပ်မမှူးတွေ အသေများလို့မို့ တပ်မှာ အနိဋ္ဌာရုံဖြစ်ဆိုလား ပြိတ္တာဘုံဖြစ်ဆိုလား အာ့ကြောင့် အဲလိုလဲ မပြောရဘူးတဲ့။

သူတို့ ပြောပုံအတိုင်းဆို မုန့်ဟင်းခါးလဲ စားရတော့မှာမဟုတ်ဖူးပေါ့နော်လို့ ပြောမိလို့ တပ်ရင်းမှူးကတော် အဲလေ ယောင်လို့ တပ်ရင်းမှူးမိန်းမ အဲ ဟုတ်ပေါင် တပ်ရင်းမှူးမယားမဟောက်သာခံရသေး။ 

လျှာထဲကို ရှုပ်နေသာပါဘဲ၊ အဲသာကြောင့်မို့ထင်ရဲ့၊ တပ်ချုပ်ကိုတောင် တပ်ရှုပ်လို့ဘဲ ပြောနေကြတယ်။ တချို့မကြောက်တတ်တဲ့သူတွေကတော့ တပ်ရှုပ်တင်းအောင်ကိုင်တဲ့။ ငလှိုင်ကို မကိုင်ရင် မဆိုင်သူတွေ နာမတဲ့။ ခွေးကို ဘယ်သူ လည်ပတ်တပ်မလဲလို့ ဗိုလ်လေးက မေးတော့ အသံတိတ်သွားကြတာနဲ့ ခွေး လည်ပတ်တပ်တာများတော် ဘယ်လောက်ခက်သာကြလို့၊ ပေါင်ကြား ခေါင်းထည့်လိုက်ရုံတင်ဟာ၊ ခေါ်ခဲ့စမ်းပါ ကျုပ်တပ်ပြပါမယ်ပြောလို့ ဟေ့ကောင် မင့်မိန်းမ အဲ မင့်မယား ခေါ်သွား၊ ဝိုင်းသိမ်းကြစို့လို့ ဗိုလ်ကြီးက ပြောလို့ ယောက်ျားဆွဲရာ ယက်ကန်ယက်ကန် ပါလာရတာဘဲ။ 

ဘာတဲ့ ဟိုဗိုလ်ကြီးတယောက် ပြောတာ ကြားလိုက်ပါသေးတယ်။ တပ်အရေးဆိုတာ ပတ်ပြေးလို့လည်း မရဘူး။ ရပ်ပေးလို့လည်း မရဘူး။ အေး အဲဒါကြောင့် အသတ်နှေးလို့လဲ မရဘူးတဲ့။ တပ်မတော်မှာ သမိုင်းအသစ် ပေါ်တော့မှာပါတဲ့။ ဘယ်လိုပေါ်မလဲမသိဘူးနော်ဆိုတော့ ယောက်ျားကတောင် မင်းဆရာကြီးလုပ် လျှောက်လျှောက်ပြောမနေနဲ့နော်၊ မင်းတို့လိုင်းခန်းက ဟာတွေကလည်း စိတ်ချရတာမဟုတ်ဘူးတဲ့။ စိတ်ချရပါတယ်တော့ ဘယ်သူမှ အချောင်မုဆိုးမ မဖြစ်ချင်ကြပါဘူးတဲ့။ ကိုယ့်လင်ကိုယ်သားနဲ့ အပြင်မှာ ဒိုးတူပေါင်ဖက် လုပ်စားချင်ကြတာချည်းပါဘဲ။ ဒီလို ကိုယ့်ဟာတွေကို နှိပ်စက် သတ်ဖြတ် စားနေရတာကို ဘယ်သူမှ မျိုမကျပါဘူး။ တောင်ဘက်ခန်းကမိမျိုးတောင် သူ့ရွာဘက် ဖုန်းဆက်တာ ဟိုက စစ်တပ်က မီးတိုက်သွားလို့ နင့်အမေအိမ်ရော နင့်အစ်ကိုအိမ်ရော ကုန်ပြီ၊ နင့်အမေကြီးလည်း မီးထဲပါသွားတယ်ပြောလို့ ငိုနေလေရဲ့။ အဲဒါ ဘုရားသွား အလှူလေးလုပ်ပြီး တောင်းပန်အမျှဝေချင်တာ အပြင်မထွက်ရဆိုလို့ ဆဲတောင်နေသေး။ 

ကျုပ်တို့သားလေးရော မိစုံဖစုံနဲ့ ရှင်ပြုရပါအုံးမလားတော် ဆိုတော့ ယောက်ျားက ဘာမှ ပြန်မပြောဘူး။ 

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar