Breaking News

ရတနာပုံဆရာမှတ်ကြီး - ခွေး မသာလုပ်တာများ ညေး တခါဖြုတ်ပါဘုရား

ရတနာပုံဆရာမှတ်ကြီး - ခွေး မသာလုပ်တာများ ညေး တခါဖြုတ်ပါဘုရား

(မိုးမခ) ဇွန် ၃ ၊ ၂၀၂၄


သရေကြိုးကောင် အာဏာကို သေနတ်ခုလှမ်းလိုက်တာ အုပ်ချုပ်၍မရစေရနဲ့တွေ့ပြီး အုပ်ကြီးမျိုးပြုတ်သလောက်တောင်ဖြစ်သွားရော။ 

မအလဆိုတဲ့ကောင်က ရွေးကောက်ပွဲလုပ်မယ်တကဲကဲနဲ့ ဖျင်ဖြဲပြတာကိုအဟုတ်မှတ်ပြီး လူစာရင်းမဲစာရင်း ထလုပ်တော့ ရာအိမ်မှူးဆယ်အိမ်မှူး‌တွေအပြင် လဝကတွေပါအဆစ်ပြုတ်သွားတဲ့ကြားထဲ လက်ကျန်အုပ်ကြီးနဲ့ ရာအိမ်မှူးလေးတွေကို စစ်ဘောထမ်းဥပဒေထုတ်လိုက်ပြန်တော့ တောင်တောင်ပြက် တက်တက်ပြောင်ရော ဆိုပါတော့။ အဲဒီမှာတော့ ဖွက်ထားတဲ့ဆဲလ် အုပ်ကြီးလောင်း ရာအိမ်မှူးလောင်းလေးတွေပါ သေပွဲနဲ့ ကြေကွဲတော့တာလေ။ တကယ့် အုပ်ကြီးမျိုးကန်း စစ်ဘောထမ်းဥပဒေ။ 

အုပ်ကြီးတွေ ရှိတုန်းကတော့ မဲလေးနှိုက်ပေါ့လေ၊ မ သိရင် စစ်ဘောထမ်းခွင့်ကြီးကို ဘုရားဖြစ်ဗျာဒိတ်ရမယ့်အတိုင်း အလုအယက် သူ့ထက်ငါ ထမ်းချင်လွန်းလို့ မဲစနစ်ကျင့်သုံးနေရသလိုလို။ အမှန်က ကံဆိုးသူရှာပွဲ၊ ငွေဖန်ပွဲ။ 

အဲ စစ်ဘောထမ်းစာရင်းမှာ အဲ ဥပဒေထုတ်တဲ့ မအေဘေး မင်းအောင်လှိုင်သား အောင်ပြည့်စုံ မပါသလို အဲဥပဒေ ရေးခဲ့တဲ့ သန်းရွှေမြေး နေရွေသွေးအောင်လည်း မပါ၊ စစ်တပ်သာလျှင် ဘာညာ အာနေတဲ့ နေဝင်းမြေးတွေလည်း အရူးလက်မှတ်ကိုယ်စီနဲ့၊ အင်း စစ်တပ်ထဲက စစ်ဗိုလ်ချုပ်ကြီးတွေသားတွေ ထားဦး၊ ထောက်ခံလို့ လူစာရင်းကောက်ခံ‌နေတဲ့ အုပ်ကြီးသား နှစ်ဝမ်းကွဲတောင် မပါဘူး။ မပါဆို ရက်ပိုင်းနဲ့သေမှာ အကုန်သိတယ်လေ၊ သူတို့သားမြေး ဘယ်ထည့်မလဲ။ 

ခု အုပ်ကြီးတွေ အသေထွက် အရှင်ထွက် ထွက်ကုန်တော့ ရပ်ထဲ ရွာထဲ မြို့ထဲဝင် ကားပေါ်  ဘုရားပေါ်တက် တွေ့သမျှ သေနတ်နဲ့ထောက်ဖမ်း ငွေထုပ်နဲ့ပေါက်ရင် ပြန်လွှတ် ငွေမသွပ်နိုင်ရင် စစ်သင်တန်းပို့ ရှေးခေတ်က လူမည်းကျွန်တွေ အရောင်းအဝယ် လုပ်နေတာထက်တောင် သာသေးသလေ။ 

ဝက်နဲ့ခွေး သွေးနှောမွေးလာတဲ့သရေကြိုးကောင်ဆိုတော့ လူစင်စစ်တွေကို ခွေးအဖြစ်ပုံသွင်း၊ လူရုပ်နဲ့ ခွေးဇာတ်ခင်းပြီး ခွေးလောကလုံးလုံးဖြစ် ခွေးခေတ်ထွန်းကား ခွေးတရားပြန့်ပွားရေးလုပ်ခံရတာပေါ့လေ။ 

ဒီနွေဦးက ခြေလေးချောင်းတော်လှန်ရေးပါဘဲ။ ခွေးတွေကို တော်လှန်နေရတာမဟုတ်လား။ ခွေးအာဏာရစနစ်ချုပ်ငြိမ်းရေး ဒို့အားလုံးအရေးပေါ့။ မဟုတ်ရင် ခွေးလေမင်းမူ လူတွေဆင်းရဲ ဖြစ်နေမှာ။

အမယ် ပအိုဝ်းတွေမှာတော့ အဆန်းဗျ။ စစ်ဘောထမ်းဥကြောင့် အုပ်ကြီးလုပ်မယ့်သူ ရှားလာလို့ တအိမ်တလ အုပ်ကြီးအလှည့်ကျ လုပ်ရမယ် ဆိုကဘဲ။ လက်တွေ့အုပ်ကြီးလုပ်နည်း သင်တန်းဖွင့်မယ်ဆိုရင်ကို ရပြီလေနော်  တကယ့် တကျောင်း တကိုယ်တော် တရွာတရူး နဖူး ချိုပေါက်ကုန်ကြပါပေါ့လား။

ဒါထဲက ရာရာစစ၊ လွိုင်ကော်မှာ အုပ်ချုပ်ရေး ပြန်ထူထောင်မယ် ဆိုကဘဲ။ ဟန်ကိုယ့်အတွက် တကွက်ပေါ့လေ။ တကယ်တော့ ဘယ်သူမှလည်း ရုံးထိုင်ရဲတာမဟုတ်၊ ထွေအုပ်မှန်သမျှလည်း ဘယ်လစ်မှန်းမသိ၊ ရဲကတော့ မပြောနဲ့ ပြည်နယ်စခန်းကြီးလိုက် ထိုးအပ်လိုက်လို့ ဆိုင်ကယ်ကြီးတွေနဲ့ Kတွေ ပွဲခံနေတဲ့ ဗီဒီအိုတွေသာ ပြန်ကြည့်တော့။ ဟိုက လွိုင်ကော်ကနေ ထိုင်ဆော်နေရုံတင်၊ ခုဟာက ရပ်ကွက်အုပ်ကြီးလောက် သေခိုင်းရတာ အားမရလို့ မြို့နယ်အုပ်ကြီးတို့၊ ခရိုင်အုပ်ကြီးတို့၊ ပြည်နယ်အုပ်ကြီးတို့ပါ သေခိုင်းကြည့်တဲ့သဘော။ အင်း သရေကြိုးကောင်ရဲ့ စိတ်ထားလေးတခုပေါ့လေ။ 

ဟော ခု စစ်ဥထမ်းဖို့ မိန်းကလေးစာရင်း ကောက်ခိုင်းလာပြန်ပြီ။ အုပ်ကြီးတို့ ငရုတ်သီးစပ်ဖို့အကွက်ဆင်လာတာလေ။ စစ်သမီးဆိုလို့ ရှေ့ဆောင်လမ်းပြ ခင်သီရိသက်မွန်များ တက်ထွန်မလားမှတ်တယ်၊ ဝေးရော။ အဆင်လေးတွေနဲ့ ဇာတ်ကားရိုက်ဖို့ပဲ လုံးပန်းနေလေရဲ့။ မိန်းကလေးတွေ သတိတော့ထားကြပေါ့။ မပုတုတို့လိုဟာတွေကလည်း အာသာ အာတာ၊ လာဆို ဟင့်အင်းပဲ။ ဘူးလက်ကလဲ သူ့သမီး နေခြည်တို့‌ ဒေစီတို့ကို ထည့်မှာမဟုတ်။ ထုံးစံအတိုင်း ခေါ်မရရင် ကားပေါ်တက်ဆွဲတာတို့ သင်တန်းမှာ ဝင်ဆွဲတာတို့၊ အလုပ်ပြန်တွေရယ် အခါကြီးရက်ကြီးမှာ ဘုရားပြန်ကျောင်းပြန်တွေရယ်ကို မောင်းပြန်နဲ့ချိန်ခေါ်တာတို့ လုပ်မှာပဲ။ သူတို့မှာ တခြားနည်း မရှိတော့ဘူးလေ။ မထူးဇာတ်မှာ ဘီလူးမှတ်ရထားတဲ့ ခွေးတွေဆိုတော့ မလုပ်မှာ မပူနဲ့။ မဟုတ်တာ ယုတ်တာမှန်သမျှ ကန်ထရိုက်ရထားပြီးသား။ 

အေးလေ ခုဆို အညာကလဲ အညာပဲ။ ထန်းလုံးတောင်မှိုင်းလုပ် ဝိုင်းအုပ်နေကြမင့်ဟာ။ မိုင်တဲမမတွေနဲ့ အပိုင်ဆွဲပြပြနေတာလဲ မရပ်ဆို မနားကြဘဲကိုး။ မိုင်းနဲ့ဒုံး တအုံးအုံး လုပ်နေတဲ့ကြား လေတပ်အသေးစားလေးတွေပါ ရောက်လာတော့ ခွေး မသာလုပ်တာများ ညေး တခါဖြုတ်ပါဘုရားလို့တောင် ရွာဦးကျောင်းဆရာတော်ကို လျှောက်တင်နေသံ ကြားလိုက်ရသေး။ 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar