သံဃာတွေ ကံဆောင်လာကြတဲ့ အကျိုးသက်ရောက်နိုင်ခြေ
မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၂၇ မြင်ကွင်း
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၄
သံဃာတွေ ကံဆောင်လာကြတဲ့ အကျိုးသက်ရောက်နိုင်ခြေ
ဗုဒ္ဓစာပေ ကျမ်းဂန်နဲ့ ပရိယတ္တိနယ်စာသင်တိုက်ကြီး အဖြစ် ထင်ရှားကြော်ကြားတဲ့ ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက်က ဆရာတော် စစ်ကောင်စီတပ်က ပစ်ခတ်မှုနဲ့ ပျံတော်မူခဲ့တဲ့အဖြစ်က သံဃာတွေ ကံဆောင်ကြဖို့ နှိုးဆော်မှုတရပ် ပေါ်ထွက်လာစေခဲ့ပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေး သက် ရောက်မှု အားနည်းတဲ့ဒေသတွေလို့ ဆိုနိုင်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းထဲက သံဃာအဖွဲ့အစည်းတွေနဲ့ ကျောင်းတိုက်တွေက ကံဆောင်မှု စတင်လုပ်ဆောင်လာကြတာ သတင်းတွေထဲ တွေ့လာရပါတယ်။ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၆ ခုက သံဃာတွေနဲ့ မကွေး တိုင်းထဲက ပခုက္ကူ၊ မြိုင်မြို့နယ်တွေက သံဃာတွေ ပါဝင်လာကြတာလို့ သတင်းတွေမှာ ဖော်ပြထားကြပြီး သံဃာတွေ ပတ္တနိက္ကူဇန ကံဆောင်တဲ့ သတင်းဓာတ်ပုံအချို့လည်း ထွက်ပေါ်လာတာ တွေ့ရပါတယ်။
သံဃာတွေ နိုင်ငံရေးအရ အာဏာရှင် စစ်တပ်ကို ကံဆောင်ပြီး သပိတ်မှောက်တဲ့ အဖြစ်အပျက် အနေနဲ့ ၁၉၉၀ ခုနှစ် အစပိုင်း မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကံဆောင်သပိတ်က ထင်ရှားပြီး ပရိယတ္တိနယ်ပယ်မှာ ထင်ရှားတဲ့ဆရာတော်ကြီးတွေကို ဖမ်းဆီးထောင်ချတာတွေလုပ်ခဲ့ပြီး သက်ရောက်မှုကြီးမားခဲ့တာ ဖြစ်ပါတယ်။ နောက်တဖန် ၁၇ နှစ် ဝန်းကျင်အကြာ မှာ ဖြစ်ပွားတဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းကတော့ ခေတ်မှီအိုင်တီ သတင်းခေတ်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ကမ္ဘာကျော် အဖြစ်အပျက်တရပ် ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၁၉၉၀ ခုနှစ် နဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းတို့ ဖြစ်ပွားတဲ့ ကာလတွေဟာ စစ်အုပ်ချုပ်မှုအောက် အကြမ်းမဖက်တဲ့ နည်းနဲ့ သပိတ်မှောက် ဆန္ဒပြတဲ့ အဓိပ္ပာယ်ဆောင်ပြီး အဲဒီကာလက အုပ်ချုပ်တဲ့ စစ်အစိုးရကို နိုင်ငံရေးအရ အာခံခြင်းနဲ့ လူထုအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေခဲ့တာ အမှန်ပဲ ဖြစ်ပါတယ်။ အကြမ်းမဖက်ရေး လှုပ်ရှားမှုတွေကနေ အာဏာရှင် ပြောင်းလဲသွားအောင် ပြုတ်ကျသွားအောင်အထိတော့ အဲဒီအဖြစ်အပျက်တွေက မစွမ်းဆောင်နိုင်ခဲ့သော်လည်း လူထုကို စိတ်ဓာတ်ရေးအရ၊ နိုင်ငံရေးအရ နှိုးဆော် စည်းရုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေ၊ နေရာဒေသအတော်များများမှာ နိုင်ငံရေး နည်းလမ်းသက်သက်နဲ့ အာဏာရှင်တွေကို ဆန့်ကျင်မှုထက်ကို လက်နက်ကိုင် တိုက်ခိုက်ပြီး နယ်မြေစိုးမိုး ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ အခြေအနေအောက်မှာ ပတ္တနိက္ကုဇန ကံဆောင် သပိတ်လုပ်ဆောင်ခြင်းက လူထုကို လှုံ့ဆော်ဖို့ ရည်ရွယ်တာလား၊ အာဏာရှင်ကို အကြမ်းမဖက် နည်းလမ်းနဲ့ သံဃာတွေက ဆန့်ကျင်ကြောင်း ပြသလိုတာကြောင့်လား စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ မော်လမြိုင်၊ စတဲ့ မြို့တွေပေါ်က ဘုန်းတော်ကြီးကျောင်းတွေ သံဃာတွေ အနေနဲ့ အခု ကံဆောင်သပိတ်ကို ပါဝင်နိုင်တဲ့ အနေအထားအခြေအနေမျိုးရှိမလားဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနိုင်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေနဲ့ အရင် ၁၉၉၀ လို၊ ၂၀၀၇ လို တရားစွဲဆိုတာ၊ ထောင်ချတာမျိုးထက် ပိုမိုပြင်းထန် ကြမ်းကြုတ်တဲ့ တုံ့ပြန်မှုမျိုး ခုအချိန်မှာ ကြုံရနိုင်တာလည်း ဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေ၊ တစိတ်တပိုင်းအရ လွတ်မြောက်နယ်မြေတွေသံဃာတွေ အနေနဲ့ တော့ ကံဆောင် သပိတ်လုပ်နိုင်ကောင်း လုပ်နိုင်ပေမယ့် စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေထဲက သံဃာတွေ အဖို့တော့ ကံဆောင်သပိတ် လုပ်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ အခြေအနေရှိတယ်လို့ ဆိုရမှာပါ။
စစ်ကောင်စီ အနေနဲ့ အခုလို စာတတ်ပေတတ်၊ ထင်ရှားတဲ့ ဆရာတော်ကြီးတပါးကို ပစ်သတ်မိတဲ့ အဖြစ်ကိုယ်၌က နိုင်ငံရေးအရ ကြီးစွာသော ဆုံးရှုံးမှုကို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်း အဖြစ်အပျက်ကို လိမ်လည်ထုတ်ပြန်ပြီး နောက် ၁ ရက်အကြာ အတူလိုက်ပါသွားခဲ့တဲ့ ကံသုံးဆင့်ဆရာတော်က ဖြစ်စဥ်အမှန်ကို ဖွင့်ချလိုက်တဲ့အခါ စစ်ကောင်စီအဖို့ အရှက်ကွဲခဲ့ရပြီး စစ်တိုင်းမှူးကိုပါ ခေါ်ယူမေးမြန်းတာတွေ၊ မလုပ်စဖူး စစ်ကောင်စီ ဥက္ကဋ္ဌက တောင်းပန်တာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ ကာလမှာ ဒေသခံ PDF တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှု တပြိုင်နက်ထည်း ခံနေရချိန်မှာ အခုလို မြေပေါ်က ဘာသာရေး အဖွဲ့အစည်းတွေကပါ စစ်ကောင်စီကို နိုင်ငံရေးအရ ဦးတည်တိုက်ခိုက်လာမယ့် အခြေအနေမျိုးကို ရှောင်လွှဲချင်တာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌက မတောင်းပန်စဖူး တောင်းပန်ခဲ့တာ ဖြစ်နိုင်ပါတယ်။
အကယ်၍ အခုလို အခြေအနေအောက်မှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲက သံဃာတွေ အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းလမ်းလိုမျိုးကို ရွေးချယ်ခဲ့ရင် ကြီးမားတဲ့ စွန့်စားမှုလည်း ရှိနိုင်ပြီး အဲဒီလို စွန့်စားမှု၊ ပေးဆပ်ရမှုနဲ့ ရလာမယ့် နိုင်ငံရေး အကျိုးအမြတ်က နှိုင်းယှဥ်လောက်အောင် ရလိမ့်မယ် မထင်မြင်မိပါ။
ဒါကြောင့် နိုင်ငံရေး နည်းလမ်းတွေနဲ့ ပန်းတိုင်ရောက်ဖို့ အောင်ပွဲရဖို့ ကြိုးပမ်းမှုလိုမျိုးကို စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေမျိုးအောက်မှာ မကျင့်သုံးသင့်ဘဲ ထိခိုက်မှုနည်းစွာနဲ့ စိတ်ဓာတ်အားဖြင့် ထောက်ခံအားပေးမှု နဲ့ ပူးပေါင်းပါဝင်မှု ပြသဖို့လောက်သာ သင့်တော်တယ်လို့ ထင်မြင်မိကြောင်းပါ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar