Breaking News

ဝင်းတင့်ထွန်း - ရဲဘော်ထွန်း (သို့မဟုတ်) ဗမာပြည်ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ ( ရဲဘော်ထွန်းရာပြည့် သို့ အထိမ်းအမှတ်ပြုချက် )

ရဲဘော်ထွန်း (သို့မဟုတ်) ဗမာပြည်ရဲ့ 
ကြီးမြတ်တဲ့ ကြယ်နီ 
     ( ရဲဘော်ထွန်းရာပြည့် သို့ အထိမ်းအမှတ်ပြုချက် )
ဝင်းတင့်ထွန်း
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၄

              ( ၁ ) 

         ဒီ ၂၀၂၃ ခုနှစ်ဟာ ‘ ရဲဘော်ထွန်း ရာပြည့်နှစ် ’ ။
         ဗိုလ်ကြင်မောင် (ခေါ်) ရဲဘော်ထွန်း ကို ၁၉၂၃ ခုနှစ် ဖေဖေါ်ဝါရီ (၂၀)ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်တဲ့အတွက် ဒီ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၂၀)ရက်နေ့မှာဆိုရင်- ရဲဘော်ထွန်း နှစ်(၁၀၀)တင်းတင်းပြည့်ပြီလေ ။
ဒီတော့ - ဒီနှစ်ဟာ ရဲဘော်ထွန်း ရာပြည့်နှစ်- ရဲဘော်ထွန်းရာပြည့်သမယ။
      ၂၀၁၇ ခုနှစ်ထဲတုန်းက  သခင်ဗဟိန်းရာပြည့် ။
      ၂၀၁၉ ခုနှစ်ထဲမှာက  လေထီးဗိုလ်အုန်းမောင် နဲ့ ဗိုလ်ချုပ်ကျော်ဇောတို့ရာပြည့် ။
      ၂၀၂၀ ပြည့်နှစ်ထဲမှာတော့ ဗန်းမော်တင်အောင် နဲ့ ဗိုလ်မှူးချစ်ကောင်းရာပြည့် ။
      ၂၀၂၁ ခုနှစ်ထဲမှာက သခင်မြသန်းရာပြည့် ဖြစ်ခဲ့ပြီး ...
      အခု ၂၀၂၃ ခုနှစ်ထဲမှာက ရဲဘော်ထွန်းရာပြည့် … 
      လတ်တလောနှစ်တွေအတွင်း ကမ္မည်းတင်ထားရမယ့်ပု၈္ဂိုလ်ကြီးတွေရဲ့ရာပြည့်တွေဟာ ဆက်တိုက်လိုလိုဆက်နေပါတယ်။ အကြမ်းဖျင်းအားဖြင့် ခြုံငုံပြီးဆိုရရင်- နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတလျောက်မှာ ရှေ့တန်းအခန်းက ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့၊ တကယ့်တော်လှန်ရေးသမား၊ ပထမမျိုးဆက်ရဲဘော်ကြီးတွေဟာ သက်ရှိထင်ရှားမရှိရှာကြတော့ဘဲ၊ အားလုံးနီးပါးကွယ်လွန်ဆုံးပါးသွားကြပြီဖြစ်ပါတယ်။ တချို့ဆိုရင်.. ရာပြည့်ကာလတွေတောင် ကျော်လွန်သွားကြတာ တော်တော်ကြာခဲ့ပြီဖြစ်ပြီး၊ တချို့ကတော့ ...အခုမှ ရာပြည့်သမယ တိုင်ခဲ့ကြပြီ-လို့ဆိုရမှာပါ။
     ကျွန်တော့်တဦးချင်းအမြင်မှာတော့ ရဲဘော်ထွန်းဟာ ပထမတော် လှန်ရေးမျိုးဆက်ရဲ့နောက်ဆုံးရဲဘော်ကြီးတဦးဖြစ်ပြီး၊ စံထားစရာ လေးစားစရာတွေတပုံတပင်နဲ့ သမိုင်းမှာမှတ်တမ်းတင်ထားရမယ့် တကယ့်တော်လှန်ရေးသမားခေါင်းဆောင်စစ်စစ်တဦးဖြစ်ပါတယ်။အနီးခေတ်ဗမာပြည်နိုင်ငံ ရေးလှုပ်ရှားမှုသမိုင်းမှာ အလေးထားအပ် လေးစားအပ်တဲ့ သမိုင်းဝင်ခေါင်းဆောင်တွေထဲမှာ ကျွန်တော့်နှလုံးသားနဲ့အဟပ်မိဆုံး၊ ကျွန်တော့်ရင်ထဲ အကြည်ညိုမိဆုံးပု၈္ဂိုလ်တဦး-လို့ဆိုရမှာကလဲ ရဲဘော်ထွန်းလို့ပဲ ဆိုလိုက်ချင်ပါတယ်။
     ဒါကြောင့်  အခုလို ရဲဘော်ထွန်းရာပြည့်သမယမှာ ရဲဘော်ထွန်းကို မှတ်မှတ်ရရနဲ့အထိမ်း အမှတ်ပြုလိုစိတ်၊ အောက်မေ့သတိရစိတ်တွေဟာလဲ ကျွန်တော့်ရင်ထဲဆီ တလိပ်လိပ်နဲ့တရိပ်ရိပ်ရိုက်ခတ်လာခဲ့ပါတယ်။
     ရဲဘော်ထွန်းသက်ရှိထင်ရှားရှိစဉ်တုန်းကတည်းက ရဲဘော်ထွန်းနဲ့ပတ်သက်ပြီး ကျွန်တော်မှတ်မှတ်ရရကဗျာတပုဒ် ဖွဲ့သီမိခဲ့ဖူးသလို၊ ရဲဘော်ထွန်းကွယ်လွန်တော့လဲ လွမ်းလွမ်းမြမြလေးလေးနက်နက်နဲ့ပဲ ကဗျာရှည်တပုဒ် ကျွန်တော်ဖွဲ့သီခဲ့ဖူးပါတယ်။ သက်ရှိထင်ရှားရှိစဉ်ကရောကွယ်လွန်စဉ်တုန်းကပါ ကဗျာနဲ့ပဲ ဖွဲ့သီခဲ့ဖူးပြီးဖြစ်တာကြောင့်၊ ဒီတခါ ရာပြည့်မှာတော့ စကားပြေနဲ့ပဲ တို့ထိဖော်ပြသွားလိုစိတ်တွေ တရိပ်ရိပ်နဲ့ဝင်လာမိပါတယ်။‘ ရဲဘော်ထွန်းရုပ်ပုံလွှာ’ ကို ကျွန်တော်တတ်နိုင်သလောက်လေး ကောက်ကြောင်းတို့ကြည့်ဖို့အတွေးဝင်လာမိပါတယ်။ကျွန်တော့်ရဲ့တဦးချင်းခံစားချက်အပေါ်ကနေ ကျွန်တော့်ရင်ထဲ စူးဝင်ထင်ဟပ်နေတဲ့အတိုင်း ကောက်ကြောင်းကောက်ကြည့်လိုက်မိတဲ့ ရဲဘော်ထွန်းရဲ့ရုပ်ပုံလွှာဟာ ဘယ်လိုမှပြည့်ပြည့်ဝဝနဲ့ပီသပေါ်လွင်မှာတော့မဟုတ်ပါ။ ကျွန်တော်က ကျွန်တော်မြင်မိသိမိခံစားမိသလောက်ပဲ ကောက် ကြောင်းကောက်ကြည့်နိုင်တဲ့အနေအထားကြောင့်ဖြစ်ပါတယ်။ ကျွန်တော်မမြင်နိုင်တာတွေ မသိနိုင်တာတွေက တပုံတပင်မဟုတ်လား။ ဘာပဲဖြစ်ဖြစ်-အခုလို ရဲဘော်ထွန်းရာပြည့်သမယမှာ ကျွန်တော်တတ်နိုင်သလောက် အထိမ်းအမှတ်ပြုလိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။

                            ( ၂ )

          ရဲဘော်ထွန်းကို ကျွန်တော်က ‘အဘ’ လို့ပဲ ခေါ်ခဲ့ပါတယ်။
          ရဲဘော်ထွန်းနဲ့ လူချင်းစတင်ဆုံစည်းရစဉ်ကတည်းက ကျွန်တော့်နှုတ်ဖျားကနေ ရုတ်တရက် ‘အဘ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲလိုက်မိတာဟာ တလျောက်လုံး ‘အဘ’ လို့ပဲ အသားကျ အကျင့်ပါသွားခဲ့ပါတယ်။
တခြားတခြားသောပုဂ္ဂိုလ်များအနေနဲ့ ဘယ်တုန်းက ဘယ်လို ခေါ်ဝေါ်သုံးစွဲခဲ့ကြသလဲဆိုတာ ကျွန် တော်မသိပါ။ ကျွန်တော်ကတော့ ...ကျွန်တော့်စိတ်ထဲ ပေါ်လာတဲ့ စိတ်အလျဉ်အတိုင်း၊ စတင်တွေ့ဆုံရစဉ်ကတည်းက ‘အဘ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲမိလိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အညာဒေသဘက်မှာက ‘ဖခင်’ ကို ‘အဘ’ လို့ခေါ်ကြတာတွေရှိသလို၊ မိခင်ဖခင်တွေရဲ့ဖခင်ဖြစ်တဲ့ အဖိုးကိုလဲ ‘အဘ’ လို့ပဲ ခေါ်ဝေါ်ကြတာတွေလဲ ရှိပါတယ်။ ကျွန်တော်ဆိုရင်- ကျွန်တော့်အဖေရဲ့ဖခင်ဖြစ်သူ‘ဦးဖိုးချစ်’ကိုလဲ ‘အဘ’ လို့ပဲ ခေါ်ဝေါ်ခဲ့ရသလို၊ အမေရဲ့ဖခင်ဖြစ်တဲ့ ‘ဦးစံဖေ’ ကိုလဲ ‘အဘ’ လို့ပဲခေါ်ဝေါ်ခဲ့ဖြစ်ကာ၊ သက်ကြီးဝါကြီးလေးစားအပ်သူ အဖေအရွယ်၊ အဘိုးအရွယ်တွေတော် တော်များများကိုလဲ ဂါရဝတရားနဲ့ ‘အဘ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲဖြစ်တာ ရှိခဲ့ပါတယ်။ ကျွန်တော်ဟာ အဲသလိုပတ်ဝန်းကျင်ကြားကနေ ကြီးပြင်းလာရသူမျိုးဖြစ်ရာ၊ ရဲဘော်ထွန်းနဲ့စတင်တွေ့ရ တွေ့ရချင်းမှာလဲ ကျွန်တော်က ကျွန်တော့်နှုတ်ဖျားက အလိုအလျောက်နေရင်း ‘အဘ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲဖြစ်လိုက်တာဖြစ်ပါတယ်။ကြိုတင်စဉ်းစားထားမိခြင်းမရှိဘဲ၊ ဂါရဝတရားအပြည့်နဲ့ စတင်ခေါ်ဝေါ်သုံးစွဲမိတာဖြစ်ပါတယ်။
     အဲဒီနေ့က .. ရဲဘော်ထွန်းနဲ့စတင်တွေ့ဆုံရတဲ့နေ့က ဖြစ်စဉ်ဖြစ်ရပ်တွေဟာလဲ ကျွန်တော့်ဘဝမှာ မကြာခဏဆိုသလို အမှတ်ရစရာ အောက်မေ့စရာတွေဖြစ်နေရရင်း၊ အခုတော့ တကယ့်ကိုလွမ်းမောစရာတွေလဲ ဖြစ်နေရပါတယ်။ 
ရဲဘော်ထွန်းနဲ့ပထမဆုံး စတင်တွေ့ဆုံရချိန်ဟာ ဂန္ဓာလရာ ဇ်ဘက်ခြမ်း ရွှေလီကမ်းဆီ ကျွန်တော်စတင်ရောက်ရှိ ခြေချမိပြီးပြီးချင်း တပတ်အတွင်းမှာပဲ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်ထဲဝင်စ ဇန်နဝါရီလထဲမှာပဲ ဖြစ်ပါတယ်။ ဇန်နဝါရီလဖွားဖြစ်တဲ့ ကျွန်တော်ဟာ ကျွန်တော့်မွေးနေ့အကျော်မှာပဲ ရွှေလီကမ်းဆီ ရောက်ရှိလာခဲ့ရပြီး၊ ရက်ပိုင်းအတွင်းမှာပဲ ရဲဘော်ထွန်းနဲ့ဆုံစည်းနိုင်ခွင့် ရခဲ့တာဖြစ်တဲ့အတွက်၊ ကျွန်တော့်အတွက်တော့ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်မမေ့နိုင်စရာ လို့ဆိုရမှာဖြစ်ပါတယ်။
     အဲဒီနေ့က … 
     ရဲဘော်ထွန်းရဲ့အစီအစဉ်အရ၊ ရဲဘော်ထွန်းနဲ့တွေ့ကြဖို့ ကျွန်တော့်ကို တကူးတက လာရောက်ခေါ်ယူသူဟာ ကျွန်တော့်ထက် အသက်အနည်း ငယ်ပဲငယ်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက တကယ်ကိုသွက်သွက်လက် လက်နဲ့လူငယ်လေးတဦးလိုဖြစ်နေပြီး၊ ကျွန်တော်ကတော့ အညာသားတောသားတယောက် အခုမှ မြို့တက်လာသလိုပုံမျိုး ပေါက်နေပါလိမ့်မယ်။ သူက ဂန္ဒာလရာဇ်ဘက်ခြမ်းမှာ အနေကြာပြီမို့ ဘောင်းဘီရှည်နဲ့ရူးဖိနပ်နဲ့အနွေးထည်သပ်သပ်ယပ်ယပ်နဲ့ တကယ့်ကိုစမတ်ကျကျအသွင်ပေါ်လွင်နေသလောက် ကျွန်တော်ကတော့ ဘောင်းဘီတောင်မဝယ်ရသေးတဲ့အတွက် အညာဆိပ်ခွန်လုံချည်တပတ်နွမ်းနဲ့ ရာဘာခြေညှပ်ဖိနပ်နဲ့ဖြစ်နေပြီး၊ ဒါလောက်အေးစက်နေတဲ့ဇန်နဝါရီဆောင်းတွင်းကြီးထဲမှာ အထာမကျလှတဲ့ပုံ ပေါက်နေပါလိမ့်မယ်။ အဲသလို အောက်ပိုင်းကသာ ခြေညှပ်ဖိနပ်နဲ့ပုဆိုးနဲ့ဖြစ်နေပေမဲ့၊ အပေါ်ပိုင်းကတော့ ဂျင်းဂျာကင်ထူထူလေးကိုဝတ်ထားပါတယ်။ မန္တလေးမှာ ကျွန်တော့်ချစ်ဆွေကြီးကိုကျော်မြ ချွတ်ပေးထားတဲ့ ဂျင်းဂျာကင်နက် ပြာရောင်လေးဟာ ဒီဘက်ခြမ်း ဒီလိုရာသီမျိုးမှာတော့ တကယ်ကို ကွက်တိအံကိုက်ဖြစ်နေပါတယ်။
လမ်းမကြီးအတိုင်း ခပ်မတ်မတ်လေးတက်သွားရတဲ့ တောင်ပူစာကုန်းရပ်ကွက်လေးတခုအကျော်မှာတော့ အဝင်ညာဘက်ခြမ်းတလျောက်မှာ လူနေအိမ်လေးတွေ အစီအရီ ရှိနေပါတယ်။ ဆိတ်ငြိမ်ရပ်ကွက်လေးလိုဖြစ်နေတဲ့ ဒီရပ်ကွက်ထဲက နှစ်ထပ်အိမ်လေးတခုရဲ့အပေါ်ထပ်က အခန်းလေးတခန်းထဲမှာတော့ ရဲဘော်ထွန်းဟာ အသင့်ကြိုတင် ရောက်ရှိနေပုံရပါတယ်။ ကျွန်တော့်ကို ဦးဆောင်ခေါ်ငင်လာသူက အဲဒီအခန်းလေးထဲဆီ ဝင်လိုက်ချိန်မှာ ကုလားထိုင်တလုံးပေါ်မှာထိုင်နေရင်းက ကျွန်တော်တို့ဝင်အလာကို အပြုံးလဲ့လဲ့နဲ့လှမ်းကြည့်နေတဲ့ အသက်အရွယ်ရင့်ရင့် ဣန္ဒြေရရ ‘အဘအရွယ်’ လူကြီးတဦးရဲ့မျက်နှာကို ဘွားခနဲ တွေ့လိုက်ရပါတယ်။ 
ဒါ..ဒါ.. ရဲဘော်ထွန်းပါပဲ။
     ရှားစေးညိုရောင် ဘောင်းဘီရှည်နဲ့ ရှားစေးညိုရောင်ကုတ်အင်းကျီကို ဝတ်ဆင်ထားပေမဲ့၊ အဲဒီကြားကနေ- အညာသားပီသတဲ့ ဗမာပီသတဲ့ မျက်နှာပေါက် မျက်နှာကျဟာ အတိုင်းသားပေါ်လွင်နေသလို၊ ခေါင်းပေါ်က ဆံပင်ခပ်တိုတိုတွေကလဲ ငွေရောင်နဲ့မီးခိုးရင့်ရောင်အပြည့် ဖြစ်နေပါတယ်။ ဒါ.. ဒါ..ရဲဘော်ထွန်းပါပဲ။
   ကျွန်တော့်မျက်နှာဆီ တည့်တည့်ကြည့်နေရာမှ အပြုံးတချက်ကို ထပ်မံသိသိသာပြုံးလိုက်ရင်း၊ ထိုင်နေရာမှ မတ်တပ်ရပ်လိုက်ကာ၊ လက်တဖက်ကို နွေးနွေးထွေးထွေးကမ်းပေးလာပါတယ်။ “ ကျွန်တော် ရဲဘော်ထွန်းပါ..” တဲ့။ ကျွန်တော်ကလဲ ကမ်းပေးလာတဲ့လက်တဖက်ကို အားပါးတရပြန်ဆုပ်ထားမိရင်း၊ နှလုံးခုန်သံတွေပါမြန်လာမိပါတယ်။ ရဲဘော်ထွန်းရဲ့အရပ်အမောင်းက တော် တော်ကြီးကို ထောင် ထောင်မောင်းမောင်းရှိလှရာ၊ ကျွန်တော့်ထက် ခေါင်းတလုံးမက သိသိသာသာမြင့်မားနေတယ်လို့လဲ ခံစားလိုက်ရပါတယ်။ အသက်(၇၀) နီးပါးအတွင်း ရောက်နေတာတောင် ခန္ဒာကိုယ်နဲ့မျက်နှာသွင်ပြင်ကလဲ သန်သန်မာမာနဲ့တောင်းတောင့်တင်းတင်းရှိနေဆဲလို့လဲ ဖျတ်ခနဲ ကောက် ချက်ဆွဲလိုက်မိပါတယ်။ 
“ ကိုင်း ...ဗကပ ယူဂျီခေါင်းဆောင်နဲ့ ပြည်သူ့တိုးတက်ရေးယူဂျီခေါင်း ဆောင်တို့ ဒီမှာ ပြန်တွေ့ကြရပြီ .. လို့ပဲ သဘောထားလိုက်ပေါ့နော်..” လို့လဲ အပြုံးစစနဲ့ပဲ ထပ်မံပြောဆိုလာလေရာ၊ ကျွန်တော့်ရင်ထဲလှိုက်ခနဲဖြစ်သွားခဲ့ရပြီး...
       “ ဟာ.. အဲသလိုတော့မဟုတ်ပါဘူး အဘ ရယ်..အဲသလိုတော့ ဘယ်ဖြစ်မလဲ။ ကျွန်တော့်အနေအထားကို အဘ လဲ သိပီသားပဲဗျာ..” လို့ ပျာပျာသလဲနဲ့ပြန်လည်ပြောဆိုလိုက်ရပါတယ်။
        ရဲဘော်ထွန်းနဲ့တွေ့ရင် ...ဘယ်လိုခေါ်ဝေါ်မယ်ဆိုတာကိုလဲ ကြိုတင်စဉ်းစားထားမိခြင်းမရှိဘဲ၊ ကျွန်တော့်နှုတ်ဖျားကနေ ကျွန်တော့်ရင်ထဲ စီးဝင်လာတဲ့အတိုင်း အဲသလို ‘ အဘ ’ လို့ပဲသုံးစွဲလိုက်မိခြင်းဖြစ်ပါတယ်။ ရဲဘော်ထွန်းက ပြုံးပါတယ်။ ရဲဘော်ထွန်းနဲ့အဲသလို လူချင်း စတင်တွေ့တဲ့နေ့ကစပြီး၊ ‘အဘ’ လို့ပဲကျွန်တော်ကတော့ သုံးစွဲခေါ်ဝေါ်လိုက်မိရာ၊ တလျောက်လုံးတလျောက်လုံးကိုပဲ ရာသက်ပန်သဘောဖြစ်သွားခဲ့ရပါတော့တယ်။ 
     အဲဒီနေ့က … ရဲဘော်ထွန်းနဲ့ကျွန်တော့်အကြား နောက်ထပ်နောက်ထပ် စကားတွေအများကြီး ပြောဖြစ်ခဲ့ကြပါတယ်။
     ပထမတော့ ..ရဲဘော်ထွန်းရော ကျွန်တော်ရော ကျွန်တော့်ကို ခေါ်ဆောင်လာသူပါ သုံးဦးသား ဝိုင်းဖွဲ့ပြီး စကားပြောဆိုသလို ပြောဆိုဖြစ်ခဲ့ရာမှ၊ နောက်ပိုင်းမှာတော့- လျှို့ဝှက်ထားရမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စတွေပါရှိနေတဲ့အတွက် ကျွန်တော့်ကိုလိုက်ပါပို့ဆောင်သူကို အပြင်ထွက် ခိုင်းပြီးမှ နှစ်ဦးချင်း သီးသန့်ပြောဆိုဖြစ်ခဲ့ရ မေးမြန်းအတည်ပြုခဲ့ရတာတွေလဲ ရှိခဲ့ပါတယ်။ ကျွန်တော်ထောင်က မထွက်ခင်ကတည်းက ‘အဘ’ က ကျွန်တော်နဲ့ပတ်သက်ပြီး လူကြုံနဲ့လှမ်းပြီး မေးလိုက်ပြောလိုက်တဲ့ကိစ္စကို ကျွန်တော် သိပြီးဖြစ်ကြောင်း၊ အဲဒီရဲဘော်ဟာ ကျွန်တော်ထောင်ထဲကမထွက်ခင်ကတည်းက သူက အရှေ့မြောက်ကိုအရောက်သွားပြီး၊ရဲဘော်ထွန်းနဲ့တွေ့ဆုံဖြစ်ခဲ့ရာမှာ ..ရဲဘော်ထွန်းက သူ့အပြန်မှာ ကျွန် တော်နဲ့ပတ်သက်ပြီး လူကြုံစကားအဖြစ်နဲ့ပြောလိုက်တာကို ကျွန်တော် ထောင်ကထွက်ထွက်ချင်းမှာပဲ သိပြီးဖြစ်ကြောင်း၊ မန္တလေးမှာ ကျွန်တော်နောက်ဆုံးဝရမ်းပြေးနေစဉ်ကလဲ ကိုကျော်မြနဲ့ကျွန်တော်ဟာ မကြာခဏအတူဆုံဖြစ်  ရံဖန်ရံခါ အတူနေဖြစ်ခဲ့ကြပြီး၊ တချို့ကိစ္စတွေကို ကျွန်တော်သိပြီးဖြစ်ကြောင်း ဖြည်ဖြန့်ပြောဆိုဖြစ်ခဲ့ပါတယ်။ မလွှဲမရှောင်သာ ပီသုံးလုံးကို ပြန်ဖွဲ့ကြတော့ ဦးခင်မောင်မြင့်ကိုယ်တိုင်ကပါ ‘အခု ပီသုံးလုံးဖွဲ့တာဟာ စီပီဘီရဲ့ယူဂျီပါတီအဖြစ် ဖွဲ့တာမဟုတ်၊ လွတ်လွတ်လပ်လပ်ရပ်တည်မှာဖြစ်ပြီး၊တူတာတွေရှိနိုင်သလို မတူတာတွေလဲ ရှိနိုင်တယ်။ ရှင်းရှင်းလင်းလင်းရှိကြဖို့ ..’ ပြောဆိုထားပြီးဖြစ်တော့ ..တခြားသူတွေတော့ မသိ၊ ကျွန်တော်ကတော့ အဲဒီကတိကဝတ်အတိုင်း ထိန်းသိမ်းလိုက်နာခဲ့ပါတယ်၊ မလိမ့်တပတ်လုပ်တာမရှိ၊ ရိုးရိုးသားသားပဲ ရပ်တည်ခဲ့ပါတယ်။ အခုလက်ရှိအနေအထားအရဆိုရင် ..ပီသုံးလုံးဗဟိုကော်မတီတခုလုံးက(ဖမ်းမမိတဲ့ကျွန်တော်နဲ့ကိုမြအောင်၊ နှစ်ယောက်ကလွဲလို့) အကုန်ထောင်ထဲမှာဆိုတော့.. ပီသုံးလုံးရဲ့လက်ရှိတာဝန်အရှိဆုံးက ကျွန်တော်ပဲ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေ ရှင်းလင်းပြီးတဲ့နောက်မှ ကြိုက်သလိုရပ်တည်လို့ရမယ်။ အခုကတော့.. ကတိအတိုင်းပဲ ပီသုံးလုံးတာဝန်ရှိသူတဦးအနေနဲ့ပဲ ဆက်လက်ရပ်တည်ရမယ့်အနေအထားဖြစ်တယ်-ဆိုတာတွေကိုပါ ဖြည်ဖြန့်ပြီး ပြောဆိုခဲ့ရပါတယ်။ အခြေအနေမှန်ကို သိပြီးဖြစ်တဲ့အဘက ကျွန်တော့်အခြေအနေကို သဘောပေါက်ပြီးဖြစ်ပါတယ်။ အခြေအနေတွေက လူချင်းတွေ့ဆုံကြဖို့ဆိုတာလွယ်မှာမဟုတ်တဲ့အတွက် ဆုံဖြစ် ဆုံခွင့်ရတုန်းလေးအတွင်းမှာ ပြောချင်ရာရာ သိလိုရာရာတွေကို အချိန်ပေးပြီး ထောင့်စုံအောင် ပြည့်စုံအောင် ပြောဖြစ်ဆိုဖြစ်ခဲ့ကြပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ် စိတ်ရှည်လက်ရှည် ရှင်းပြပြီးတဲ့နောက်မှာတော့ ရဲဘော်ထွန်းက “ ဆေးလိပ် ခဏသောက်ဦးမယ်နော်..” လို့ဆိုကာ အနားက စီးကရက်ဘူးလေးထဲက စီးကရက်တလိပ်ကို ဆွဲထုတ်ကာ မီးညှိပါတယ်။ ကျွန်တော့်ကိုလဲ ဆေးလိပ်သောက်ချင်သောက်ဖို့ကမ်းပါတယ်။
အဲဒီနေ့က ရဲဘော်ထွန်းသောက်တဲ့ဆေးလိပ်ဘူးလေးဟာ ‘ ချွန်းချိန်’ လို့ခေါ်တဲ့ တရုတ်စီး ကရက်ဘူးအစိမ်းလေးဖြစ်ပါတယ်။ ဒီဘက်ခြမ်းမှာ သာမန်လက်လုပ်လက်စား ဆင်းရဲသားအများစု သောက်ကြလေ့ရှိတဲ့ စီးကရက်ဘူးအမျိုးအစားဖြစ်ပြီး၊ အစီခံပါတဲ့ ‘ချွန်းချိန်’ က အဖြူရောင်ဘူးဖြစ်ကာ၊ အစီခံမပါတဲ့ ဈေးအပေါဆုံး ‘ချွန်းချိန်’ က အစိမ်းရောင်စက္ကူပျော့ဘူးလေးဖြစ်ပါတယ်။ ဒီလို အစီခံမပါတဲ့ စီးကရက်မျိုးကို ဒီဘက်တကျောမှာက လက်လုပ်လက်စား သာမန်ဆင်းရဲသားတွေဟာ ‘ထော်ပါ’ လို့ခေါ်တဲ့ ပြောင်းနဲ့ပဲ သောက်ကြလေ့ရှိပါတယ်။
ရဲဘော်ထွန်းကတော့ ဒီလိုအစီခံမပါတဲ့ စီးကရက်လေးကို ‘ပြောင်း’ နဲ့မဟုတ်ဘဲ၊ ဒီအတိုင်းပဲ သောက်နေတာဖြစ်ပါတယ်။ ရဲဘော်ထွန်း အားရပါးရဆေးလိပ်ဖွာနေတာကို ငေးကြည့်မိရင်း၊ ရဲဘော်ထွန်းကတော့တော်တော်ကို ဆေးလိပ်ကြိုက်တာပဲ ..လို့လဲ မှတ်မှတ်ရရ သတိမူလိုက်မိပါတယ်။
      အဲဒီနေ့က နောက်ဆုံးပိုင်းမှာ နှစ်ယောက်ချင်းပဲ စကားပြောဖြစ်ကြရာမှာ ရဲဘော်ထွန်းက ပါတီရဲ့နောက်ဆုံးအခြေအနေကို မိတ်ဆက်ပြရာမှာ " ပါတီရဲ့လက်ရှိအခြေအနေကတော့ သေကောင်ပေါင်းလဲပဲ။
တကယ်ကို သေကောင်ပေါင်းလဲ" လို့ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့သလို၊ “ ဒီလိုသေကောင်ပေါင်းလဲ အခြေအနေကနေ နာလန်ထူလာအောင်တော့ ကြိုးစားရမှာပဲ။ အခုကတော့ တပါတီလုံး UG ပါတီအဖြစ် မြေအောက်ဆင်းနေရပြီ ” လို့လဲ ဆိုခဲ့ပါတယ်။ ‘ ၈၉ အဖြစ်အပျက် နဲ့ပါတီရဲ့လက်ရှိအခြေ အနေတွေ’ ကို အဲသလို ရှင်းပြပြောဆိုနေချိန်မှာ ‘အဘ’ (ရဲဘော်ထွန်း) ရဲ့မျက်နှာဟာ တကယ့်ကို ပြိုတော့မယ့်မိုးပမာ ခံစားမှုအပြည့် လေးနက်မှုအပြည့်နဲ့ဖြစ်နေပြီး၊ လေသံဟာလဲ တကယ့်ကို လေးတွဲ့ဆိုင်းပျသွားသယောင် ခံစားလိုက်ရပါတယ်။
အဲဒီနေ့က .. ရဲဘော်ထွန်းနဲ့ကျွန်တော့်အကြားမှာ ပြောစရာစကားတွေကို တော်တော်ကို စုံအောင်ပြောဆိုဖြစ်ခဲ့သလို၊ ကျွန်တော့်ဘက်က တင်ပြချင်တာမှန်သမျှ၊ ပြောချင်တာမှန်သမျှကိုလဲ မခြွင်းမချန်တင်ပြဖြစ်ခဲ့ပါတယ်။ အချိန်တော်တော်ကြာကြာကြီးကို ပြောဆိုဖြစ်ခဲ့ကြပါတယ်။ 

                        ( ၃ )

      ရဲဘော်ထွန်းကို အဲသလို စတင်တွေ့ဆုံချိန်ကစပြီး ကျွန်တော်က ‘အဘ’ လို့ပဲ ခေါ်ဝေါ်သုံးစွဲခဲ့ပြီး၊ ရဲဘော်ထွန်းကတော့ နောက်ပိုင်းမှာ ကျွန်တော့်ကို ‘ကဗျာကြီး’ ‘ကဗျာဆရာ’ စသဖြင့် အမှတ်အသားပြုခေါ်ဝေါ် သုံးစွဲခဲ့ပါတယ်။ အထူးသဖြင့် ၁၉၉၉ ခုနှစ်ကုန် ၂၀၀၀ ပြည့်နှစ်လောက်ကစပြီး အဲသလိုခေါ်ဝေါ်သုံးစွဲခဲ့တယ်လို့ပဲ အကြမ်းဖျင်းအားဖြင့် မှတ်မိနေပါတယ်။ ဥက္ကဋ္ဌသခင်ဗသိန်းတင် ကွယ်လွန်အပြီး ကျွန်တော့်ရဲ့ဥက္ကဋ္ဌသခင်ဗသိန်းတင်အမှတ်တရ ‘လွမ်းကြပါတော့ ရဲဘော်တို့ရေ..’ ဆိုတဲ့ ကဗျာရှည်စာအုပ်လေး ထွက်ပေါ်အပြီး နောက်ပိုင်းလောက်ကစပြီး အဲသလို သုံးနှုန်းခေါ်ဝေါ်ခဲ့တာဖြစ်လိမ့်မယ် ..လို့ပဲ ထင်မြင်မိပါတယ်။
တိတိကျကျတော့ မပြောတတ်ပါ။ သေချာတာကတော့ ရဲဘော်ထွန်းဟာ အဘဟာ သူကွယ်လွန်ခါနီးကာလ နောက်ဆုံးကာလတွေအထိ ကျွန်တော့်ကို ‘ကဗျာကြီး’ လို့ပဲသုံးနှုန်းခေါ်ဝေါ်သွားခဲ့တာတော့သေချာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ‘အဘရဲဘော်ထွန်း’ ဆုံးခါနီး နောက်ဆုံးလပိုင်းတွေလောက်မှာပဲ ရဲဘော်ထွန်းရဲ့မိသားစုဝင်တွေထဲကရော၊ ရဲဘော်ထွန်းရဲ့တာဝန်ပေးထားခြင်းခံရတဲ့ ရဲဘော်ကြီးတဦးထံကပါ သူတို့တွေကျွန်တော့်အိမ် ကျွန်တော့်ဆီ အကြောင်းအားလျော်စွာ ရောက်လာကြရင်း ...
     “ အဘက ခင်ဗျားကို သတိတရမေးနေတယ်။ ကဗျာကြီးအခြေအနေကော ” တဲ့။
     “ အဘက ကဗျာကြီးလဲ မိသားစုအခြေအနေ တော်တော်ရုန်းကန်နေရမယ်ထင်တယ်။ ကလေးနှစ်ယောက်က ကျောင်းထားနေရတုန်းဆိုတော့ဆိုပြီး သတိတရ မေးမေးနေတယ်..” တဲ့။ 
     စသဖြင့် စသဖြင့် ဆက်တိုက်လိုလို ကြားနေခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။
     အဲသလို အဲသလိုတွေကြားရတိုင်းလဲ ကျွန်တော်ဟာ အဘရဲ့မျက်နှာ ညိုညိုကြီးကိုပဲ ဖျတ်ခနဲဖျတ်ခနဲပြေးပြေးမြင်မိရင်း နက်နက်ရှိုင်းရှိုင်းခံစားရပါတယ်။ ဒါပေမဲ့…ဒါပေမဲ့…အကြောင်း ကြောင်းတွေကိုအကြောင်းပြုပြီး ကျွန်တော့်ဘက်က ‘အဘ’ နဲ့တွေ့ဖို့ မကြိုးစားမိ၊ မတောင်းဆိုမိ၊ မပြောဆိုမိပါ။ လိုအပ်ရင်ပြောမှာ ခေါ်မှာပေါ့။ မလိုအပ်လို့ပဲ မပြောတာ မခေါ်တာနေမှာပေါ့လို့ပဲ သဘောထားလိုက်မိရင်း၊ တွေ့လိုစိတ်တွေမှန်သမျှ၊ တွေ့ချင်တာတွေမှန်သမျှကို ကြိတ်မြို ဖယ်ရှားထားလိုက်မိပါတယ်။
     အဲဒီကာလပိုင်းတွေမှာ သူ့မိသားစုဝင်တွေဆီမှာ အဘရဲ့နှုတ်ဖျားကနေ သတိရမိသလို အလွမ်းတဝက်အောက်မေ့ချက်တပိုင်းနဲ့ပြောဆိုလာလေ့ရှိတဲ့၊ အဘစားချင်သလိုလိုရှိတယ်ဆိုတဲ့ ‘ဂျင်းသုပ်’ ‘ရှောက်သီးသုပ်’ လို ဗမာအစားအစာမျိုးလေးတွေကိုတော့ ကျွန်တော် မဖြစ်ဖြစ်အောင် ဖန်တီးကာ၊ သူတို့ဆီကတဆင့် ပို့ပေးခဲ့ဖူး၊ လုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ‘အဘ’ ဟာ တဇွန်းစ နှစ်ဇွန်းစလောက်ပဲ မြည်းစမ်းကြည့်ပြီး၊ ဘာမှဟုတ္တိပတ္တိ မစားမသောက်တော့တာလဲ ကာယကံရှင်များဆီကနေ ကျွန်တော် ကြားနေ သိနေခဲ့ရပါတယ်။ ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ ..ကျွန်တော့်ဘက်က ‘အဘနဲ့တွေ့ချင်တယ်... တွေ့လို့ရမလား ’ လို့တောင် မပြောခဲ့ မဆိုခဲ့ မစူးစမ်းခဲ့ပါ။ ‘မလိုအပ်ဘဲ စူးစမ်းလေ့လာခြင်းမပြုရ ’ ဆိုတာအပေါ်နားလည်ဘောပေါက်ထားမိတဲ့အတွက်ဖြစ်ပါတယ်။ အဘဟာ ယူဂျီပါတီတရပ်ရဲ့ တကယ့်စံထားထိုက်တဲ့ ယူဂျီခေါင်းဆောင်စစ်စစ်တဦးမဟုတ်လား။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ ‘သခင်ချစ်’ ပြီးရင် ..အတော်ဆုံးနဲ့အခိုင်မာဆုံးသော ယူဂျီခေါင်းဆောင်စစ်စစ်ဟာ ရဲဘော်ထွန်းပဲ မဟုတ်လား။
     တကယ်က အဘနဲ့ ကျွန်တော့်အကြားမှာ လူချင်းမဆုံဖူးခင်တည်းကလဲ အဆက်အစပ်ရှိခဲ့သလို၊ လူချင်းဆုံရပြီးတဲ့နောက်မှာလဲ ပုံသဏ္ဍာန်မျိုးစုံနဲ့အကြောင်းအားလျော်စွာ အဆက်မပြတ်ရှိခဲ့ပါတယ်။ ပြောစရာဆို စရာကိစ္စဝိစ္စလေးတွေရှိပါက ‘ဒေါ်လေး’ ကိုလွှတ်ပြီး ပြောခဲ့ဆိုခဲ့တာမျိုးလေးတွေရှိသလို၊ တာဝန်ရှိသူတဦးဦး (သို့မဟုတ်)သင့်လျော်ရာတဦးဦးကိုလွှတ်ပြီး ‘ အဘက ပြောလိုက်တယ် ..’အဖြစ်၊ လူကြုံနဲ့တဆင့် ပြောခဲ့ဆိုခဲ့တာတွေလဲ ရှိပါတယ်။ တချို့ကိစ္စတွေဆိုရင် နှုတ်နဲ့တောင် လှမ်းမပြောဘဲ၊ ‘အဘ’ကိုယ်တိုင်စာနဲ့ရေးပြီး ဆက်သွယ်ပြောဆိုခဲ့တာမျိုးတွေလဲ ရှိပါတယ်။ တချို့စာလေးတွေက ချက်ချင်းဖတ်ပြီး ချက်ချင်းဖျက်ပစ်လိုက်ရတာမျိုးလေးတွေလဲ ရှိသလို၊ ဖျက်ပစ်ရန်မလိုတဲ့ (တချိန်ချိန်မှာ လိုအပ်ရင် လိုအပ်သလို အထောက်အထားပြုနိုင် အကိုးအကားပြုနိုင်ရုံမက တကယ်ကိုအမှတ်တရအဖြစ်အတွက်ပါ သိမ်းဆည်းထားရမယ့်)စာမျိုးလေးတွေလဲ ရှိခဲ့ရာ၊ ကျွန်တော့်တဦးချင်းနဲ့ပဲဆိုင်တဲ့ ပုဂ္ဂလိကသဘော ပုဂ္ဂိုလ်ရေးသဘောပဲဆောင်တဲ့စာလေးတချို့ကိုဆိုရင်-ကျွန်တော်က မြတ်မြတ်နိုးနိုးသိမ်းထားမိတာလဲ ရှိပါတယ်။ ‘အဘ’ ရဲ့လက်ရေးသေးသေးလေးတွေနဲ့ရေးထားတဲ့ အဲဒီစာလေးတွေဟာ စာတိုလေးတွေပဲ ဖြစ်ပေမဲ့၊ ကျွန်တော့်တဦးချင်းအတွက်ကတော့...တော်တော်ကိုအရေးပါတဲ့၊အလေး ထားရ လေးစားရမယ့်စာလေးတွေ ဖြစ်နေခဲ့ပါတယ်။ (တချိန်ချိန်မှာ ..လိုအပ်မယ်ထင်ရင်တော့ သင့်လျော်သလို ဖြည်ဖြန့်ပြီး ရေးပြဖြစ်ချင်လဲ ရေးပြဖြစ်ပါလိမ့်ဦးမယ်။ အခုကတော့..အမှတ်တရရုပ်ပုံလွှာလေးကိုပဲ ကောက်ကြောင်းကောက်ကြည့်မိတာဆိုတော့ ဒီမျှနဲ့ပဲ ထားလိုက်ပါ။)
     ချုပ်ပြီးပြောရရင် ..‘အဘ’ နဲ့ကျွန်တော့်အကြားမှာ ပုံသဏ္ဍာန်မျိုးစုံနဲ့ အမြဲမပြတ်ဆိုသလို အဆက်အသွယ်မပြတ် ရှိနေခဲ့ပါတယ်။ အမှတ်ရစရာတွေလဲ အများအပြားရှိနေခဲ့ပါတယ်။
     ကျွန်တော် ကဗျာတွေ စာတွေရေးတာကို အစောကြီးကတည်းကသိပြီးဖြစ်တဲ့ ‘အဘ’ က ကျွန်တော်စာရေးတာကိုလဲ အားပေး အားမြှောက်ပြုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ တကယ်ကိုကျေနပ်စရာ လွမ်းမောစရာတွေလဲ ဖြစ်ရပါတယ်။ သက္ကရာဇ် (၂၀၀၀)ပြည့်နှစ်အကုန်မှာ ‘၂၀၀၀ ပြည့်နှစ်ကုန်အထိ ကာလအပိုင်းအခြားထားပြီး’ ဗမာပြည်ရဲ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကြီးကို ကျွန်တော်တတ်နိုင်သမျှ ကြိုးပမ်းအားထုတ်ရေးသားသွားဖို့စိတ်ဆန္ဒတွေ တဖွားဖွားပေါ်လာမိတော့လဲ အဘက လိုလိုလားလားနဲ့ အားပေးခဲ့သူဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’ ဆိုတဲ့နိုင်ငံရေးလှုပ်ရှားမှုသမိုင်းစာအုပ်ကြီးကို ၂၀၀၁ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့ကစပြီး မှတ်မှတ်သားသားစတင်ရေးသားအကောင်အထည်ဖော်ဖြစ်တော့လဲ ‘အဘ’ က အဝေးကနေ “ရေးသင့်တယ်၊ ရေး..ရေး..” လို့မှတ်ချက်ပြုခဲ့ အားပေးစကားဆိုခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့..တကယ်ကို အားဖြစ်ခဲ့ရ ပီတိဖြစ်ခဲ့ရပါတယ်။

တခါတရံ သူရေးစေချင်တာလေးတွေရှိရင်လဲ အဘက လူကြုံနဲ့တဆင့် ကျွန်တော့်ကို လှမ်းပြောလိုက်တာမျိုးလဲ ရှားရှားပါးပါးရှိခဲ့ဖူးပါတယ်။ ဥပမာအားဖြင့် “ ဧရာဝတီ နဲ့ချင်းတွင်းအကြားက မူးမြစ်ဝှမ်းတကျောက တော်လှန်သမိုင်းနောက်ခံတွေနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်း ‘ကဗျာ ကြီး’ ကို ရေးစေချင်တယ်..”ဆိုပြီး ကျွန်တော့်ကို သတ်သတ်မှတ်မှတ်ပြောလိုက်တာမျိုးလဲ ရှိခဲ့ဖူးပါတယ်။ လူကြုံနဲ့ပြောလိုက်တာဖြစ်ပါတယ်။ လူကြုံက .. “ အဲဒီမှာဗျာ.. မူးတလျောက်မှာ ဗိုလ်ရန်အောင်ကြီးတို့တတွေ လွှသမားယောင်ဆောင်ပြီး ဖြတ်သန်းလာရဖူးတာလေးတွေလဲ ထည့်ပြီး ရေးစေချင်တယ်လို့ မှာလိုက်သေးတယ်ဗျ” တဲ့။ မူးမြစ်ဝှမ်းတလျောက်ဟာ ကျွန်တော့်ရဲ့ဇာတိဒေသလဲဖြစ်လေတော့ ကျွန်တော့်မှာ ရင်ခုန်သံသာမက သွေးခုန်သံတွေပါမြန်လာရပါတယ်။ ရလဒ်အဖြစ် .. “ မူးတဝှန်းသို့ တမ်းချင်းရှည်” ဆိုတဲ့ကဗျာရှည်ကြီးကို ကျွန်တော်ရေးသားဖွဲ့ဆိုဖြစ်ခဲ့ပါတယ်။ ဆိုရရင် ..အဲဒီကဗျာရှည်ကြီးဟာ အဘရဲ့နှိုးဆော်ချက် အားပေးချက်ကြောင့် ထွက်ပေါ်ခဲ့ရတာလို့တောင် ဆိုချင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကလဲ ကျွန်တော့်ကဗျာရှည် (၁၁)ပုဒ်ကို သီးသန့်ရွေးထုတ်စုစည်းပြီး ကဗျာရှည်စာအုပ်တအုပ်အဖြစ် (၂၀၁၄ ခုနှစ်ထဲမှာ-) ထုတ်ဝေဖြစ်တဲ့အခါ၊ ‘ မိခင်ဗမာပြည် နဲ့ မူးတဝှန်းသို့ တမ်းချင်းရှည် ’ လို့တောင် ခေါင်းစည်းတင် ထုတ်ဝေဖြစ်ခဲ့ပါတယ်။

                      ( ၄ ) 

       တကယ်ကတော့  ‘အဘ’ ကိုယ်တိုင်ဟာလဲ စာရေးကောင်းသူ၊ စာရေးတတ်သူ၊ စာရေးနိုင်သူအစစ်ဖြစ်ခဲ့ပါတယ်။ အဘရဲ့ရေးသားသွားချက်တွေထဲမှာ ကိုယ်ပိုင်ဟန်ကို ထင်းခနဲ တွေ့ရမှာဖြစ်သလို၊ ကိုယ်ပိုင်ဝေါဟာရနဲ့ ကိုယ်ပိုင်စကားလုံးကို စေးစေးပိုင်ပိုင် သုံးစွဲသွားရာမှာလဲ ထိထိရှရှ ရှိလှတာ အတုယူစရာတွေ့ရပါတယ်။ ဥပမာအားဖြင့်  ‘ ကြံဆချက်’  တို့ ‘ မှီခိုသူ့ ဒုက္ခ ’  တို့ ‘တခါက ရဲဘော်ဟောင်းများ’ ‘ နုံအလွန်းရာရောက်လိမ့်မယ်’  ‘ ရိုးအလွန်းရာ ရောက်လိမ့်မယ်’ ‘ စစ်(၃)စစ် ’ တို့ဆိုတဲ့ အရေးအသားမျိုးတွေ၊ သုံးစွဲသွားပုံမျိုးတွေဟာ တကယ်ကို ထိထိမိမိနဲ့ပိုင်ပိုင်နိုင်နိုင် ရှိလှပါတယ်။ နမူနာသဘော အကြမ်းဖျင်းထုတ်နှုတ်ပြရမယ်ဆိုရင် ‘ အာဏာကို တောင်းယူလို့ ရမယ်ထင်ရင်တော့  ရိုးအလွန်းရာ ကျပါလိမ့်မယ် ’ တဲ့ ။
      ‘ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို ကိုယ်က ရိုးရိုးကြီးစဉ်းစားလို့မဖြစ်ပါ ။ တကြောင်းတိုက်စဉ်းစားလျှင် ရိုးအလွန်းရာ ကျလိမ့်မယ်’ တဲ့ ။ 
လူကိုယ်တိုင်ကကွယ်လွန်သွားပြီဖြစ်တာတောင် ရန်သူတော် ဖောက်ပြန်ရေးသမားမျိုးစုံတွေရဲ့အထိတ်ထိတ်အလန့်လန့်နဲ့တုံလှုပ်ချောက်ခြား ကြောက်ရွံ့ခြင်းခံရတဲ့တကယ့်ကလောင်’ တွေထဲမှာ ဗမာပြည်မှာ အဘရဲ့ (ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကြင်မောင် ရဲ့) ကလောင်လဲပဲ ပါပါတယ်။ အဘကွယ်လွန်ခါစ ၂၀၁၅ ခုနှစ်ထဲက ပထမဆုံးအကြိမ် ရိုက်နှိပ်ထုတ်ဝေလိုက်တဲ့ ‘ ရဲဘော်ကြင်မောင်’ နာမည်နဲ့ပဲရိုက်နှိပ်ခဲ့တဲ့ ‘ပြည်သူ့အာဏာဆောင်းပါးများ (၂၀၀၉ - ၂၀၁၃ )’ ဆိုတဲ့စာအုပ်ကို သာဓကအဖြစ် ကြည့်နိုင်ပါတယ်။ စာမျက်နှာ (၁၅၀) ဝန်းကျင်ပဲရှိတဲ့ ‘ဆောင်းပါးပေါင်း ချုပ်’ စာအုပ်လေး ဖြစ်ပါတယ်။ ကာလအပိုင်းအခြားအားဖြင့်လဲ (၂၀၀၉ မှ ၂၀၁၃ အထိ) (၄) နှစ်တာဝန်းကျင်အတွင်းမှာ အကြောင်းအားလျော်စွာ ရေးသားထားတဲ့၊ သုံးသပ်ချက်၊ ဝေဖန်ချက်၊ မှတ် ချက်ပါ ဆောင်းပါးတိုလေး ( ၃၄) ပုဒ်ပဲ ပါပါတယ်။ တကယ်ကို ပြုပြင်ရေးသမားယောင်ယောင်ဒီမိုကရေစီလိုလားသူယောင်ယောင်အသွင်ဆောင်ထားတဲ့ ဘောင်းဘီချွတ်သမ္မတ ဦးသိန်းစိန်ဆိုသူလက်ထက်မှာ စာပေကင်ပေတိုင်ရုံးဖြစ်တဲ့ ‘စာပေစိစစ်ရေးရုံး’ ကို ဖျက်သိမ်းလိုက်ပြီး စာအုပ်စာပေထုတ်ဝေခွင့်ကို လွတ်လွတ်လပ်လပ်ရိုက်နှိပ်ထုတ်ဝေခွင့်ပြုလိုက်ပြီယောင်ယောင် အာ ဘော်ဖန်တီး မင်္ဂလာယူပြောဆိုကြွားဝါနေကြတဲ့ ကာလကြီးထဲမှာမှ ဒီ ‘ဆောင်းပါးပေါင်းချုပ်’ စာအုပ်လေးကို ရိုက်နှိပ် ထုတ်ဝေလိုက်တာဖြစ်ပေမဲ့၊ သက်ဆိုင်ရာစစ်အုပ်စုနွယ်ဝင် မသူတော်အပေါင်းဟာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားကြပြီး၊ ဟန်ဆောင်ပန်ဆောင်အိန္ဒြေလေးတောင်မဆောင်နိုင်တော့ပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။ ‘ရဲဘော်ကြင်မောင်’ ရဲ့ဆောင်းပါးပေါင်းချုပ်စာအုပ်ကို ကရောသောပါးလိုက်လံပိတ်ပင် တားမြစ်တာတွေ လုပ်ကြပါတယ်။ တရားရုံးဆိုတာကနေ တရားမဝင်စာအုပ်အဖြစ်သတ်မှတ်ကာ အတင်းအဓမ္မတားမြစ်ပိတ်ပင်သိမ်းဆည်းကြတဲ့အထိဖြစ်ခဲ့ကြတာလက်တွေ့မျက်တွေ့သာဓကတခုပဲ မဟုတ်လား။ တခြားသောနိုင်ငံရေးသမား ပုဂ္ဂိုလ်ကြီးငယ်မျိုးစုံတွေရဲ့စာအုပ်စာပေ လက်ရာတွေတော်တော်များများကို ပုံနှိပ်ထုတ်ဝေဖြန့်ချိခွင့် ပေးခဲ့ကြပေမဲ့၊ ရဲဘော်ထွန်း (ခေါ်) ရဲဘော်ကြင်မောင်ရဲ့သဘောထားအမြင်နဲ့ရေးသားချက်တွေကိုတော့ နည်းနည်းလေးမှ အပျံ့နှံ့မခံရဲလေဘဲ၊ အကြောက်ကြီးကြောက်ခဲ့ကြတာ အထင်အရှားလို့ပဲ ဆိုရပါလိမ့်မယ်။ 
ရဲဘော်ထွန်းဟာ အတွေးရှင်းလို့ အရေးရှင်းသူဖြစ်ရုံမျှမက နိုင်ငံရေးရေချိန်ကလဲ မြင့်မား၊ အမြော် အမြင်ကလဲ ကြီးမားလှသူမျိုးဖြစ်တဲ့အတွက် သူ့ရဲ့ ကြံဆချက်၊ သုံးသပ်ချက် ဝေဖန်ချက်တွေအပါ အမျိုးမျိုးသောစာပေရေးသားချက်တွေဟာ ဖတ်ရှူရသူတွေအကြား ရှင်းခနဲ လင်းခနဲနဲ့ လေးလေး နက်နက် သြဇာသက်ရောက်မှု ကောင်းခဲ့ရတာလို့ပဲ ဆိုချင်ပါတယ်။
     ရဲဘော်ထွန်းဟာ ‘ပြည်ချစ်ဝါဒအလံ’ ကို မြင့်မြင်းမားမား လွှင့်ထူကိုင်စွဲသွားသူဖြစ်သလို၊ နိုင်ငံကြီးတွေအကြားမှာ ကြားညပ်မခံဘဲ၊ မှန်မှန်ကန်ကန် ရပ်တည်နေထိုင်နိုင်ဖို့အကြိမ်ကြိမ် အထပ် ထပ်သတိပေးသွားသူ ဆော်သြသွားသူ ..လို့လဲ မြင်မိပါတယ်။ ပြည်တွင်းအခြေအနေတွေသာမက နိုင်ငံတကာ့အခြေအနေတွေနဲ့ပတ်သက်ပြီးလဲ တကယ်ကို အမြော် အမြင်ရှိရှိ ထောက်ပြ သုံးသပ်ပြခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့် စစ်အေးခေတ်ပြီးနောက် နိုင်ငံတကာ့အခင်းအကျင်းသစ် ( ကမ္ဘာ့စနစ်သစ် ) New World Order (N W O) နဲ့ပတ်သက်ပြီးတော့လဲ အများဆုံးဝေဖန်သုံးသပ် ထောက်ပြသွားခဲ့လေသူ ဖြစ်ပါတယ်။
     ရဲဘော်ထွန်းက ‘ပြည်ချစ်ဝါဒ လမ်းစဉ်’ နဲ့ပတ်သက်ပြီး ဟောသလိုလဲ အကျဉ်းချုပ်ပြီး ပြောဆိုသွားခဲ့ပါတယ်။
      “ ဗကပရဲ့ပြည်ချစ်ဝါဒ လမ်းစဉ်က ပြည်တွင်းက လူတန်းစားတိုက်ပွဲလမ်းစဉ်ပဲ။ စစ်ဗျူရို ကရက်လက်ဝါးကြီးအုပ် ဓနရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်မယ်။ စစ်ဗျူရိုကရက်က်ဝါးကြီးအုပ် နိုင်ငံတော်မြေရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်မယ်။ တိုင်းပြည်ရဲ့နယ်မြေတည်တံ့ပြည့်စုံမှု (T I )ကို အထိပါးမခံဘူး။ ထိလာရင် ပြန်ချမှာပဲ လို့လဲ အကျဉ်းချုပ်ပြီး ပြောနိုင်ပါတယ်။ ”  တဲ့။

       ( ပြည်ချစ်ဝါဒလမ်းစဉ် - ဆောင်းပါး၊ စာမျက်နှာ-၈၅ ၊ ဩဂုတ် ၂၀၁၁- မှ )

                      ( ၅ ) 

          ရဲဘော်ထွန်းဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ရာ၊ အခုဆိုရင် (၈) နှစ်တိတိရှိပါပြီ။ ဗကပဟာ ၂၀၁၄ ခုနှစ်မှာ (၇၅) နှစ်တိတိပြည့်မြောက်ခဲ့လေရာ၊ ၂၀၁၄ ခုနှစ်က တနှစ်လုံးကို ‘ပါတီစိန် ရတု’ အဖြစ်သတ်မှတ်ပြုလုပ်ခဲ့ပါတယ်။ ပါတီရဲ့စိန်ရတုကို ရဲဘော်ထွန်းကိုယ် တိုင် ဦးဆောင်စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ရဲဘော်ထွန်းဟာ ပါတီကို သေလောက်တဲ့ဒဏ်ရာကြီး သင့်ထားတဲ့အခြေအနေကြားကနေ.. နလန်ထူလာအောင် ပြန်လည်တည်ဆောက် ထူမတ်ပေးနိုင်ခဲ့သူဖြစ်ရုံ မက၊ ပါတီရဲ့စိန်ရတုကိုလဲ ကိုယ်တိုင်ဦးဆောင်ကျင်းပသွားခဲ့တဲ့ တကယ့်ကို မှတ်တမ်းတင်ထားရမယ့် ခေါင်းဆောင်စစ်စစ် ပီသခဲ့သူဖြစ်ပါတယ်။
ပါတီရဲ့သမိုင်းမှာ ရွှေစာလုံးနဲ့မော်ကွန်းတင်ထားရမယ့်ခေါင်းဆောင်မျိုးဖြစ်ခဲ့သလို၊ ဗမာပြည်နိုင်ငံ ရေးလှုပ်ရှားမှုသမိုင်းမှာလဲ ရှေ့ဆုံးတန်းအခန်းကနေမော်ကွန်းတင်ထားရမယ့် လေးစားအပ်တဲ့တော်လှန်ရေးခေါင်းဆောင်စစ်စစ်တဦးဖြစ်ခဲ့ပါတယ်။
     အခု ၂၀၂၃ ခုနှစ်ထဲမှာပဲ ရဲဘော်ထွန်းရဲ့ရာပြည့်သမယဟာ အချိန်ကျလို့လာပါပြီ။

     လူတိုင်းလူတိုင်းဟာ မွေးဖွားချိန်ကနေ ရေတွက်ကြည့်ရင် ပြက္ခဒိန်သဘောအရ အသက်(၁၀၀) တိတိပြည့်မြောက်တဲ့အချိန်ကာလတွေဟာ အသီးသီးအသကအသက  ရှိကြ တွေ့ရမှာဖြစ်ပေမဲ့၊ တခြားသောပုဂ္ဂိုလ်များကတောင် ရာပြည့်ပွဲပြုလုပ်ပြီး၊ ‘ရာပြည့်အထိမ်းအမှတ်’ ကျင်းပပြီး ဂုဏ်ပြု ဦးညွှတ်ရမယ့်သူမျိုးကတော့ အင်မတန့် အင်မတန်မှ ရှားပါးပါလိမ့်မယ်။ ဒီလိုရှားပါးလှတဲ့ပုဂ္ဂိုလ်တွေထဲမှာ၊ ရာပြည့်အဖြစ်အထိမ်းအမှတ်ပြုလုပ်ပြီး တလေးတနက် ဂုဏ်ပြုဦးညွှတ်ရမယ့်ပုဂ္ဂိုလ်တွေထဲမှာ ‘ရဲဘော်ထွန်း’ ဟာ ရှေ့ဆုံးတန်းက ပါဝင်နေတဲ့ တကယ့်နိုင်ငံရေးသမားစစ်စစ်တဦး-လို့ ကျွန်တော်ကတော့ ရိုးသားစွာ ယုံကြည်ယူဆပါတယ်။

ဒါကြောင့် ...‘ရဲဘော်ထွန်းရာပြည့်’ ကို ကျွန်တော် အထိမ်းအမှတ်ပြုလိုက် ဦးခိုက်လိုက်ပါတယ်။
ကျွန်တော်ကတော့  ရဲဘော်ထွန်းကို ‘ ရဲဘော်ထွန်း (သို့မဟုတ်) ဗမာပြည်ရဲ့ ကြီးမြတ်တဲ့ ကြယ်နီ’ လို့ပဲညွှန်းဆိုလိုက်ချင်၊ မှတ်တမ်းတင်လိုက်ချင်ပါတယ်။ 

                                                 ဝင်းတင့်ထွန်း 
                                                 ( ၃ - ၁ - ၂၀၂၃ )
*** * မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်ပါမကြွင်းမကျန် ပျက်သုဉ်းချုပ်ငြိမ်းသွားရေးအတွက်  တိုက်ပွဲဝင်ဆန့်ကျင်တော်လှန်ခဲ့ကြသည့် ခေတ်အဆက်ဆက်မှ လူ ပုဂ္ဂိုလ်တို့အား မျိုးဆက်သစ်နှောင်းလူများ မှတ်တမ်းတင်ထားနိုင်ရန် စာရေးသူ၏ခွင့်ပြုချက်အရ မိုးမခမှ လက်လှမ်းမီသမျှတင်ဆက်ခြင်းဖြစ်ပါသည်။

မိုးမခ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar